တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုကို ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) က တက်မည်မဟုတ်ဟု မေ ၅ ရက်တွင် ထုတ်ပြန်သည်။
ယနေ့ခေတ် စစ်အာဏာရှင် စနစ်ဖြတ်ချရေးလှုပ်ရှားမှုတွင် ပြည်သူ ၇၅ ရာခိုင်နှုန်းခန့် ပါဝင်နေ၍ အောင်မြင်လိမ့်မည်ဟု နှစ်ပေါင်း ၆၀ ကျော် တော်လှန်ရေးအတွေ့အကြုံရှိသည့် KIO အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်သည်။
စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီး တစ်နှစ်ကျော်ချိန်တွင် ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများ၊ တော်လှန်ရေး၏ အလားအလာတို့ကို ဗိုလ်မှူးကြီးနော်ဘူထံ Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
စစ်ရေး၊ အုပ်ချုပ်ရေး၊ ကဏ္ဍမျိုးစုံတွင် စစ်ကောင်စီကို အကျပ်တွေ့အောင် လုပ်ထားနိုင်သည့် NUG အစိုးရ၊ PDF များနှင့် KIO တို့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်း ၎င်းက ရှင်းလင်းပြောကြားထားသည်။
မေး − စစ်ခေါင်းဆောင်ဖိတ်တဲ့ ဆွေးနွေးပွဲကို မတက်ဘူးလို့ ထုတ်ပြန်လိုက်တဲ့ KIO ရဲ့ ထုတ်ပြန်ချက် ၅ ချက်ထဲမှာ ပါဝင်သင့်သူအားလုံးကို မဖိတ်လို့ဆိုတဲ့အချက်တစ်ခု တွေ့ရပါတယ်ခင်ဗျ။ အဲဒီပါဝင်သင့်သူဆိုတာ PDF နဲ့ NUG ကို ဆိုလိုတာလားခင်ဗျာ။
ဖြေ − ဟုတ်ကဲ့၊ အဲဒါလည်း ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူလူထုတွေကလည်း ရတဲ့လက်နက်ကိုင်ပြီးတော့မှ တော်လှန်နေတဲ့အချိန်အခါ ဖြစ်ပါတယ်။ အဲ့တော့ NUG တို့ PDF တို့၊ NUG မှာ မပါတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အများကြီးရှိတာပေါ့။ နောက် မြန်မာနိုင်ငံရဲ့အရေးတွေကို စိတ်ဝင်စားနေတဲ့ အမြဲတမ်းပါဝင်နေတဲ့ နိုင်ငံရေးပုဂ္ဂိုလ်တွေပေါ့။ ဒါတွေလည်း အများကြီးရှိတာပေါ့။ အဲ့တော့ အားလုံးမပါဝင်ဘဲနဲ့၊ အားလုံးကိုမဖိတ်ဘဲနဲ့ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေကိုပဲ ဒါတောင်မှ ခေါင်းဆောင်တွေကိုပဲ ရွေးဖိတ်တဲ့ပုံစံနဲ့တော့ စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့က သုံးသပ်လို့ မတက်ခြင်း ဖြစ်ပါတယ်။
မေး − စစ်ခေါင်းဆောင်ရဲ့ ဒီကမ်းလှမ်းချက်က ဘယ်လိုသဘောဆောင်တယ်လို့ KIO အနေနဲ့ သတ်မှတ်သလဲ။
ဖြေ − ကျွန်တော်တို့သုံးသပ်တာကတော့ နိုင်ငံရေးဆွေးနွေးတဲ့ဘက်ကို မဦးတည်ဘဲနဲ့ ငြိမ်းချမ်းရေးလို့ပဲ သူတို့ကပြောတာပေါ့၊ မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာလည်း ငြိမ်းချမ်းရေးလို့ပဲ ပြောတာပါ။ ငြိမ်းချမ်းရေးဆိုတာ ဘာကိုပြောတာလဲ။ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းဖို့ဆိုပြီးမှ ပြောလာတာ ငြိမ်းချမ်းရေးလို့ ပြောလာတာ။ ဖြစ်လာတဲ့အကြောင်းအရာရဲ့ ဇာစ်မြစ်မှာကတော့ နိုင်ငံရေးပြဿနာဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာ မဖြေရှင်းဘဲနဲ့ ငြိမ်းချမ်းရေးကို ရမယ်လို့ ကျွန်တော်တို့ကတော့ မယူဆပါဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ်တည်တံ့ခိုင်မြဲရေးအတွက် ဆွေးနွေးတာ၊ လက်နက်ဖြုတ်သိမ်းရေးအတွက်ဆွေးနွေးတာ၊ နောက် တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်းကို ဆွေးနွေးပြီးမှ ကျန်တဲ့အဖွဲ့တွေကို ပြန်တိုက်ဖို့စီစဉ်တဲ့ စစ်ရေးသဘောလည်းဆောင်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် တကယ့်စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးတဲ့ပွဲကတော့ မဟုတ်လောက်ဘူးလို့ ကျွန်တော်တို့သုံးသပ်ပါတယ်။
မေး − ဒီဆွေးနွေးပွဲကို သွားတက်မဲ့အဖွဲ့တွေကိုကော ဘာများပြောချင်ပါသလဲ။
ဖြေ − ကျွန်တော်တို့ရဲ့ထုတ်ပြန်ချက်ကတော့ အားလုံးအတွက် ခြုံငုံပြီးမှ ထုတ်ထားတဲ့ ထုတ်ပြန်ကြေညာချက်တော့မဟုတ်ဘူး။ ကျွန်တော်တို့ KIO ဗဟိုကော်မတီရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် တက်မယ်ဆိုတဲ့အဖွဲ့တွေလည်း သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်မှာပါ။ သူတို့ရဲ့ ရပ်တည်ချက်အပေါ်မှာ သူတို့သုံးသပ်ပြီးမှ ဆုံးဖြတ်တာနေမှာပါ။ ကျွန်တော်တို့ KIO အနေနဲ့တော့ တက်မဲ့လူတွေအပေါ်လည်း သီးသန့်သုံးသပ်တာတွေ၊ သဘောထားထုတ်ဖော်တာတွေ ဘာမှမရှိပါဘူးခင်ဗျ။
မေး − ပါဝင်သင့်သူ အားလုံးပါပြီး တန်းတူဆွေးနွေးနိုင်မှ KIO က ပါဝင်မှာဆိုတော့ ဘယ်လိုအခင်းအကျင်းမျိုးကို ဆိုလိုတာလဲ။
ဖြေ − မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေ တညီတညွတ်တည်းနဲ့၊ နောက် ဆွေးနွေးတဲ့နေရာမှာလည်းပဲ ကြိုတင်ကန့်သတ်ချက်တွေမထားဘဲနဲ့ ပွင့်ပွင့်လင်းလင်း သဘောထားဖြူစင်စွာနဲ့ ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေ၊ နောက်ပါသင့်ပါဝင်ထိုက်တယ်ဆိုတဲ့နေရာမှာ တခြားအင်အားကြီးနိုင်ငံကအစပေါ့၊ Thirth Party တွေကအစ တကယ့်အဖြေကောင်းထွက်နိုင်မဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုရင်တော့ ကျွန်တော်တို့ KIO အနေနဲ့လည်း ဆွေးနွေးရေးမူကိုတော့ လက်ခံပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကြောင့် နံပါတ် ၅ကို ထည့်ထားတာ ဖြစ်ပါတယ်။
မေး − တကယ်လို့များ စစ်ကောင်စီက PDF, NUG တို့ကို ကမ်းလှမ်းခဲ့မယ်ဆိုရင် KIO ရဲ့ ရပ်တည်ချက်က တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်မဲ့အခြေအနေရှိလား။
ဖြေ − ဒါလည်း ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဖိတ်ခေါ်မှု၊ သူ့ရဲ့ဆွေးနွေးချက်အပေါ်မှာလည်း ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ခုနပြောသလိုပေါ့၊ လက်နက်ဖြုတ်သိမ်းရေးပဲ ဆွေးနွေးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က တက်မှာမဟုတ်ပါဘူး။ တကယ့်နိုင်ငံရေးဆွေးနွေးမယ်ဆိုရင်တော့ ကျွန်တော်တို့က တက်မှာဖြစ်ပါတယ်။
မေး − တိုင်းရင်းသားခေါင်းဆောင်တွေကို သူကိုယ်တိုင်တွေ့မယ်လို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ တစ်ဖက်မှာတော့ တိုင်းရင်းသားဒေသတွေအပြင် အခုဆိုရင် စစ်ကိုင်းတိုင်းလို နေရာမျိုးတွေမှာပါ နေ့စဉ်နဲ့အမျှ မီးရှို့တယ်၊ လူသတ်တယ်၊ မုဒိမ်းကျင့်တယ် စသဖြင့် ကျူးလွန်နေတာတွေလည်းရှိပါတယ်။ ဒီလို မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လို ဖြစ်နေတဲ့အပေါ်မှာရော ဘာများမှတ်ချက်ပြုချင်ပါသလဲ။
ဖြေ − အဲဒါလည်း တစ်ဖက်သတ်နဲ့ပြောမယ်ဆိုရင်တော့ သူတို့ရဲ့ ဆွေးနွေးပွဲကို တက်ဖို့အတွက် ဖိအားပေးတဲ့ပုံစံပဲ ဖြစ်ပါတယ်။ နောက်တစ်ခု ရှိတာကတော့ အပစ်အခတ်ရပ်စဲရေးကြေညာချက် သူတို့လည်း ထုတ်ထားပြီး ဖြစ်ပါတယ်။ နောက် စစ်ဆင်ရေးမလုပ်ဖို့လည်း သူက ပြောထားပြီးသား ဖြစ်ပါတယ်။ သူပြောတဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ သူပြောတဲ့စကားတွေကို သူက ဖောက်ပြန်တဲ့၊ ကတိမတည်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီလိုပဲ မြင်ပါတယ်။
မေး − ကချင်ပြည်နယ်အတွင်းမှာ လက်ရှိ စစ်ရေးအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ − တိုက်ပွဲဖြစ်တာကတော့ မရှိပါဘူး။ ဒါပေမဲ့ ကချင်ပြည်နယ်မှာလည်း တော်တော်များများနေရာမှာ သူက စစ်အင်အားတွေတိုးထားတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ရိက္ခာတွေပို့ထားတာ၊ လက်နက်ခဲယမ်းတွေပို့ထားတာ၊ လူအင်အား၊ စစ်အင်အားတွေလည်း တိုးထားတာ၊ အဲဒီလက်နက်တွေ၊ ရိက္ခာတွေ ပို့ထားရင်းနဲ့ ရောက်လာတဲ့စစ်ကြောင်းတွေလည်း ပြန်မခေါက်ကြပါဘူး။ အားလုံးက အဲဒီနေရာမှာပဲနေတာကို ကျွန်တော်တို့တွေ့ရပါတယ်။ ဒါက စစ်ရေးအရ ဖိအားပေးတဲ့သဘောမျိုးလည်း ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း KIA အနေနဲ့လည်း စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။
မေး − KIA နဲ့ PDF တွေရဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုအခြေအနေအပေါ် ဘာများပြောပြနိုင်မလဲ။
ဖြေ − ဟုတ်ကဲ့။ တိုးတက်ပါတယ်။ တိုးတက်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့တွေလည်း PDF တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်တဲ့နေရာမှာလည်း သူတို့ရဲ့ စစ်ရေးနည်းဗျူဟာတွေ၊ နောက် ရဲဘော်ရဲဘက်တွေရဲ့ ကြံ့ခိုင်မှုတွေလည်း အများကြီး ရှိပါတယ်။ နောက်ပြီး အောင်ပွဲခံတဲ့တိုက်ပွဲတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် တိုးတက်တယ်လို့ မြင်ပါတယ်။
မေး − စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြတာ နှစ်ပေါင်းကြာပြီ။ အရင်အကြိမ်တွေမှာ မအောင်မြင်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ အလားအလာ ဘယ်လိုရှိမယ်လို့ သုံးသပ်ထားပါသလဲ။
ဖြေ − စစ်အာဏာရှင်စနစ်ဖြုတ်ချရေးမှာကတော့ မြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ၊ ပြည်သူလူထုတွေအားလုံးက ၈၀ ရာခိုင်နှုန်းလောက်ကပေါ့။ အနည်းဆုံး ၇၅ ရာခိုင်နှုန်းလောက်က စစ်အာဏာရှင်စနစ်ဖြုတ်ချရေးမှာ ပါဝင်တာကို တွေ့ရပါတယ်။ ဒါကြောင့် အောင်မြင်မှာပါ။ PDF တွေ၊ နောက် ပြည်သူလူထုတွေ၊ နောက်တစ်ခုရှိတာကတော့ စစ်ကောင်စီတပ်ထဲမှာလည်းပဲ စစ်အာဏာရှင်ဖြုတ်ချရေးမှာ ပါဝင်နေတဲ့၊ အဲဒါကို အားပေးနေတဲ့ စစ်သားတွေလည်း ဗိုလ်မှူးတွေလည်း အများကြီးရှိပါတယ်။ ရဲဘက်မှာလည်း အများကြီးရှိပါတယ်။ CDM လုပ်တဲ့လူလည်းရှိတယ်။ နောက် ပြည်သူ့ရင်ခွင်ခိုလှုံရေးအဖွဲ့တွေလည်း အများကြီးရှိပါတယ်။ ဆိုတော့ ဒီစစ်အာဏာရှင်ဖြုတ်ချရေးကတော့ အောင်မြင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)