စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မူးမြစ်ကူးတံတားအနီးရှိ အင်းပတ်ကျေးရွာကို ယနေ့ ( မေ ၂) မွန်းလွဲပိုင်းတွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးရာ အိမ် ၇၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ရွာခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
နံနက်ပိုင်းတွင် သံချပ်ကာယာဉ်တစ်စင်း၊ စစ်ကား ၂ စင်းဖြင့် ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ခြေ ၅၀၀ ကျော်ရှိ ထိုရွာသို့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းကိုပါ မီးရှို့လိုက်သည်ဟု မီးငြှိမ်းသတ်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ အသက် ၄၅ နှစ်အရွယ် ခင်ဦးဒေသခံက Myanmar Now ကို ပြောသည်။
“သူတို့က ရေဦးကနေပြီးတော့ သံချပ်ကာကားနဲ့ ၃ စင်းထွက်လာပြီးတော့ ရွာကို သေနတ်တွေ ပစ်ဖောက်ပြီးတော့ အတင်းပဲ ဝင်ရှို့တာပဲ။ အဓိကတော့ ကျောင်းကို ဦးစားပေးမီးရှို့သွားတာ။ ကျောင်းကတော့ အကုန်လုံး ပြာကျသွားတယ်” ဟု ၎င်းက ဆိုသည်။
ထိုကျောင်းတွင် သူငယ်တန်းမှ အဋ္ဌမတန်းအထိ ကလေး ၈၀၀ ကျော်ကို အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူ (CDM) ဆရာဆရာမများက စာသင်ကြားပေးနေသဖြင့် စစ်တပ်က မီးရှို့သွားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“အိမ်ခြေ လောလောဆယ်တော့ ၆၀ကျော် ၇၀ လောက် နေမှာပဲ။ ကျွန်တော်ရေတွက်ခဲ့တာတော့ ၅၀ ကျော် ရှိတယ်။ မပြီးသေးဘူးဗျ။ ၃ ပုံပုံရင် ၂ ပုံလောက် ကျန်သေးတယ်” ဟု ၎င်းက ဆက်ပြောသည်။
ညနေ ၄ နာရီခန့်အချိန်ထိ မီးငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ စစ်တပ်က အင်းပတ်ရွာအတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် ပြေးလွှားခဲ့ရကြောင်း၊ သက်ကြီးရွယ်အို ၆ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ပိတ်မိနေသေးသည့် သက်ကြီးရွယ်အိုများကို ကယ်ဆယ်နိုင်ရန် ကြိုးပမ်းနေရကြောင်း ၎င်းထံမှ သိရသည်။
အဆိုပါစစ်ကြောင်းမှာ မီးရှို့ဖျက်ဆီးပြီးနောက် ရွာ၏ အနောက်ဘက်ရှိ ရွာသစ်ကျေးရွာသို့ ထပ်မံဝင်ရောက်ခဲ့ရာ ညောင်ပင်ကြီးစုကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် နတ်ဆိုးပြောက်ကျားအဖွဲ့မှ ခေါင်းဆောင် ကိုဂျိမ်းက ပြောသည်။
“သက်ပြေးရွာနဲ့ ညောင်ပင်ကြီးစုကြားမှာ ဒီကောင်တွေကို မိုင်းဆွဲနိုင်ခဲ့တယ်။ ကားတစ်စင်းကတော့ လုံးဝကို ထိသွားတယ်။ တစ်စင်းကတော့ ရှေ့ကို တန်းမောင်းသွားတယ်။ နောက်တစ်စင်းကတော့ ညောင်ပင်ကြီးရဲ့ ရှေ့ဘက်က သဲကုန်းရွာပေါ်မှာ တံတားပေါ်ကနေပြီး သဲကုန်းရွာထဲကို ပစ်ခတ်တယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်က နယ်မြေရှင်းလင်း စစ်ကြောင်းထိုးနေသည့် ခင်ဦးမြို့နယ်တွင် ယခုနှစ် မတ် ၃ မှ မေ ၂ အထိ မှန်တော၊ ဒန်းကုန်း၊ ကျွန်းလယ်၊ မူးသာ၊ တမုန့်၊ ကုလားလူး၊ ရှားလွင်၊ ငါးတင်းကြီး၊ မင်းဝံ-စိုက်ကွင်း၊ ရသာ၊ သံဘို၊ တပင်ကောင်း၊ စိုင်ခေါင်း၊ အုန်းပင်ကုန်း၊ ပေါက်တုံ၊ ဂွေးကုန်း ကျေးရွာများမှ အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့သည်ဟု ခင်ဦးမြို့နယ် PDF ခေါင်းဆောင်တစ်ဦးကလည်း ပြောသည်။
“နယ်မြေစိုးမိုးနိုင်တဲ့ အခြေအနေကတော့ သူတို့ တပ်စွဲထားတဲ့ အချိန်လောက်ပဲ နယ်မြေစိုးမိုးနိုင်တာပေါ့။ အခုကတော့ သူတို့က စစ်ကြောင်းတွေ အင်အား အလွန်အကျွံသုံးပြီး ဝင်လာတော့ နေရပ်စွန့်ခွာပြီးတော့ အကုန်လုံးထွက်ပြေးရတဲ့ အနေအထားပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းသည် စစ်ကောင်စီကို အပြင်းထန်ဆုံးခုခံနေသည့် နိုင်ငံအနှံ့ ဒေသများအနက် တစ်ခုဖြစ်လာပြီး စစ်တပ်က လေကြောင်းပါ သုံး၍ တိုက်ခိုက်၊ ရွာစဉ်လှည့် မီးရှို့နေသည်။
စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို သတ်ဖြတ်နေသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်၍ တုံ့ပြန်ချက် ရရှိရန် စစ်ကောင်စီပြန်ကြားရေးဌာနကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ယခင်ကမူ စစ်ကောင်စီက ၎င်းတို့၏စစ်သားများက ရပ်ကွက်ကျေးရွာ မီးရှို့မှု ကျူးလွန်ခြင်း မရှိဟု တုံ့ပြန်ခဲ့ဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)