အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အရပ်ဝတ်ဖြင့် စစ်သားများလိုက်လာသော ကားနှစ်စီးကို မုံရွာ PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးတွင် ယမန်နေ့ (ဧပြီ ၃၀) က အရပ်ဝတ်ဖြင့် စစ်သားများလိုက်ပါလာသည့် အိမ်စီးကားနှစ်စီးကို အခြားပြောက်ကျားအဖွဲ့များနှင့် ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူက ပြောသည်။

မုံရွာမြို့မှ လေးမိုင်ခန့်အကွာ ကျောက္ကာလမ်းပေါ်ရှိ ငွေလမင်းဆီဆိုင်အနီးတွင် ယမန်နေ့ မွန်းလွဲပိုင်းက လက်လုပ်မိုင်းဖြင့် စတင်တိုက်ခိုက်စဉ် စစ်သားများထိခိုက်မှု မရှိသော်လည်း အပြန်အလှန်ပစ်ခတ်စဉ်အတွင်း စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားသည်ဟု PDF တာဝန်ရှိသူက ပြောသည်။

“မိုင်းဆွဲတာက မထိခိုက်ဘူး၊ လွတ်သွားတယ်။ သူတို့ အရှိန်နည်းနည်းများတဲ့အခါကျတော့ လွတ်သွားတယ်။ လွတ်သွားတော့ လက်နက်ငယ်နဲ့ ပစ်တဲ့အခါမှာ ထိတာ” ဟု ၎င်းက ယနေ့ (မေ ၁) တွင် Myanmar Now ကို ပြောသည်။​

အရပ်ဝတ်ဖြင့် စစ်သားများလိုက်လာသော ကားနှစ်စီးကို ဒေသခံပြောက်ကြားအဖွဲ့များဖြစ်သော Special Regional Attack Force၊ Special Froces (11)၊ သပြေညိုပျောက်ကြားတပ်ဖွဲ့နှင့် Black Dragon Special Task Force တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

အချိန်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်သားများက PDF နှင့် ပြောက်ကျားအဖွဲ့များ ပြန်ဆုတ်ခွာချိန်ထိ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်းလည်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ 

မုံရွာမြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာရှိ လှည်းဒါးရွာကို ယမန်နေ့တွင် စစ်တပ်က ဝင်စီးကာ လူ ၄၀ ကျော်ကို တစ်ညဖမ်းဆီးချုပ်နှောင်ပြီးနောက် ယနေ့ နံနက်ပိုင်း ၎င်းတို့ပြန်ထွက်ချိန်တွင် လွှတ်ပေးခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်က လူဦးရေ ၁၀၀၀ ခန့်ရှိ လှည်းဒါးရွာကို ဝင်ရောက်စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်နည်းတူ ကျေးရွာအုပ်ချုပ်ချုပ်ရေးမှူးဟောင်း၏ အိမ်နှင့် အခြားအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု မုံရွာ PDF တာဝန်ရှိသူထံမှပင် သိရသည်။

“အိမ်တွေ ဖျက်ဆီးတာတွေ လုပ်သွားတယ်။ ရွာကိုတော့ ပြန်ကပ်လို့မရသေးဘူး” ဟု ၎င်းက ပြောသည်။

ထောင်နှင့်ချီသော ရွာသားများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် ရွာမပြန်ကြသေးဘဲ ပျက်စီးထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း မုံရွာ PDF တာဝန်ရှိသူက ပြောသည်။​

ဧပြီ ၂၇ ရက်ကလည်း မုံရွာမြို့အဝင်ရှိ ဘိုးဘွားရိပ်သာအနီးတွင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်သားလေးဦး ပွဲချင်းပြီးသေဆုံးသည်ဟု  မုံရွာ PDF က ထိုနေ့တွင် သတင်းထုတ်ပြန်သည်။ 

အဆိုပါ စစ်ဆေးရေးဂိတ်၌ စစ်သား ငါးဦး၊ ရဲလေးဦးနှင့် ယာဉ်ထိန်းရဲသုံးဦးရှိနေစဉ် မုံရွာ PDF နှင့်အတူ ပြောက်ကျားအဖွဲ့များက အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ စစ်သားသုံးဦးနှင့် ရဲတစ်ဦး သေဆုံးသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button