သတင်း

ဖမ်းထားသည့် စစ်ဗိုလ်နှင့် လျှပ်စစ်ဝန်ထမ်းများကို အရေးယူမည်ဟု KNDF ပြော

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ဧပြီလ ၂၁ ရက်က ဖမ်းဆီးရမိထားသည့် လျှပ်စစ်ဝန်ထမ်း ၂၄ ဦးနှင့် စစ်ဗိုလ် ၂ ဦးကို အရေးယူသွားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန် ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

အသက် ၃၀ မှ ၅၀ ကြား ထိုအမျိုးသားများကို KNDF လှုပ်ရှားနယ်မြေတစ်နေရာဖြစ်သည့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဖယ်ခုံ-လွိုင်ကော် ကားလမ်းမကြီးပေါ်တွင် ထရပ်ကားတစ်စီး၊ ဆိုင်ကယ်တစ်စီး၊ လျှပ်စစ်လုပ်ငန်းသုံးပစ္စည်းများနှင့် အတူ ဖမ်းမိသည်ဟု ၎င်းက ပြောသည်။

နောက်တစ်နေ့တွင် ထိုသူအားလုံးကို ကရင်နီပြည်ရဲဌာန (KSP) သို့ လွဲပြောင်းပေးထားသည်ဟု အထက်ပါ KNDF တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်။ အမှုစွဲတင်တာတွေကတော့ KSP က လုပ်သွားမယ်။ အပြစ်မရှိတဲ့လူတွေကို ပြန်ပြီးလွှတ်တာ၊ အပြစ်ပေးအရေးယူတာတွေလည်း KSP က ကြေညာမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“သူတို့က အန္တရာယ် ကင်းကင်းရှင်းရှင်းရှိနေပါတယ်။ လူ့ဂုဏ်သိက္ခာနှင့်အညီ သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်” 

လျှပ်စစ်ဝန်ထမ်းများတွင် နေ့စားလုပ်သူများလည်း ပါဝင်သည်ဟု KNDF တာဝန်ရှိသူက ဆိုသည်။

KNDF ၏ အဆိုအရ စစ်ဗိုလ်နှစ်ဦးပါဝင်သည့် ထိုအဖွဲ့သည် ဖယ်ခုံမြို့အခြေစိုက် အမှတ် ၃၃၆ ခြေမြန်တပ်ရင်းတွင် နေထိုင်သူများဖြစ်ကြောင်း၊ ဖယ်ခုံ-လွိုင်ကော်လမ်းမကြီးပေါ်ရှိ လျှပ်စစ်ဓာတ်အားလိုင်းများကို လာရောက်ပြုပြင်သည်ဆိုသော ၎င်းတို့ထံတွင် လက်နက်မပါကြောင်း ထိုသူ့ထံမှ သိရသည်။

“နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာ လာပြီးတော့ ကင်းထောက်တဲ့ပုံစံမျိုး ဖြစ်တာပေါ့နော်။ သူတို့က တာဝါတိုင်တွေကို ပြုပြင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နယ်မြေတွေကို စုံစမ်းတဲ့သဘောမျိုးဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ကလည်း နယ်မြေလုံခြုံရေးအရ ဖမ်းဆီးရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မည်သို့သော ဥပဒေပုဒ်မနှင့် စစ်ဆေးအရေးယူမည်ကိုမူ မသိရသေးပါ။

ဖယ်ခုံ-လွိုင်ကော်လမ်းမကြီးပေါ်ရှိ လျှပ်စစ်ဓာတ်အားလိုင်းများသည် နေပြည်တော်နှင့် ရန်ကုန်သို့ အဓိကသွယ်တန်းထားခြင်းဖြစ်ပြီး စစ်ကောင်စီယန္တရားလည်ပတ်နိုင်စေရန် အထောက်အကူပေးနေသည်ဟု KNDF ဘက်က ယူဆထားသည်။

“စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းပေးတဲ့သူမှန်သမျှကို ကျွန်တော်တို့က အရေးယူမယ်လို့ ပြောထားပါတယ်ခင်ဗျ” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“ဒါကြောင့် ဘယ်ဝန်ထမ်းပဲဖြစ်ဖြစ် စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်တာ မလုပ်ပါနဲ့လို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ အသိလည်းပေးပါတယ်”

၎င်းတို့၏ လှုပ်ရှားနယ်မြေအတွင်း မသင်္ကာလျှင် ဖမ်းဆီးစစ်ဆေးခဲ့ဖူးပြီး သက်သေမခိုင်လုံလျှင် ပြန်လွှတ်ပေးသည်ဟု KNDF က ဆိုသည်။ အသေးစိတ်ကိုမူ မသိရပေ။

“ပြည်သူတိုင်းကို ကျွန်တော်တို့ သံသယရှိတာ မဟုတ်ဘူး။ တကယ့်ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ လူသွားလူလာမရှိတဲ့နေရာတွေမှာ သွားလာလှုပ်ရှားနေတဲ့ တချို့သော စစ်ကောင်စီရဲ့ လက်ပါးစေတွေလောက်ကို ကျွန်တော်တို့ ဖမ်းဆီးတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်အာဏာသိမ်းပြီးနောက် ပြည်သူတို့၏ လက်နက်ကိုင်ခုခံတော်လှန်မှုများ အရှိန်မြင့်သည့် ဒေသများတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ်တို့ကို ပေါင်း၍ ကရင်နီဟု ဒေသခံတို့ သတ်မှတ်ထားသည့် ပြည်နယ်သည်လည်း အပါအဝင်ဖြစ်သည်။

ထိုနှစ် ဩဂုတ်လမှစ၍ ဒီးမော့ဆိုမြို့နယ်ရှိ စစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Mytel ၏ တာဝါတိုင်အချို့နှင့် ကယားပြည်နယ်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းအချို့ကို ဖယ်ခုံမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဖျက်ဆီးခဲ့သည်။ 

ကရင်နီဒေသတွင် လက်နက်ကိုင် ခုခံတော်လှန်မှု တစ်နှစ်ပြည့်တော့မည်ဖြစ်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်သွားပြီဖြစ်ကြောင်း KNDF က ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကြေညာထားသည်။

အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင် စစ်တပ်၏ လက်ချက်ဖြင့် အရပ်သား ၂၃၃ ဦး သေဆုံးခဲ့ရပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ယခုလအတွင်း ထုတ်ပြန်ချက်များအရ သိရသည်။

လူဦးရေ သုံးသိန်းကျော်ရှိသော ကရင်နီတွင် နှစ်သိန်းခန့်မှာ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်နီအရပ်ဘက်အဖွဲ့များ၏ စာရင်းများက ဆိုသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍မရသေးပါ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)​​

Show More

Related Articles

Back to top button