သတင်း

ပေါက်ကွဲမှုဖြစ်သည့် မြဝတီတွင် စစ်ကောင်စီ ရန်ရှာမည်ကို စိုးရိမ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားခြေရင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ (ဧပြီ ၂၃) ညက ကြီးမားသည့်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက ရမ်းသန်းရန်ရှာမည်ကို ဒေသခံအချို့က စိုးရိမ်နေကြသည်။

မြန်မာနိုင်ငံတောင်ပိုင်း၊ ထိုင်းနယ်စပ်ရှိ အဆိုပါနေရာတွင် ထိုနေ့ ည ၁၁ နာရီက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ အိမ်စီးကားသုံး၍ စစ်ကောင်စီပစ်မှတ်ကို တိုက်ခိုက်မှုဟု ယုံကြည်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများအရ မီးလောင်ပျက်စီးနေသည့် ဆလွန်းကားတစ်စီးကို ပေါက်ကွဲမှုဖြစ်ရာအနီးတွင် တွေ့ရှိရသည်။ ရစရာမရှိအောင် ပျက်စီးနေသည့် စစ်ဆေးရေးဂိတ်ဟု ယူဆရသည့်

အဆောက်အအုံနှင့် မှန်များကွဲနေသည့် လေးထပ်တိုက်တစ်လုံးကိုလည်း ဓာတ်ပုံများတွင် တွေ့ရသည်။

ထိုပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ယနေ့ (ဧပြီ ၂၄) နံနက် ၁၀ နာရီခွဲအချိန်အထိ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားခြေရင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စစ်ဆေးရေးဂိတ်အနီး ဧပြီ ၂၄ ရက် ည ပေါက်ကွဲမှုအပြီး ပျက်ဆီးနေသည့် ကားတစ်စီး။ ဓာတ်ပုံ-ပေးပို့

“တော်တော်ကိုကျယ်တာ၊ တစ်မြို့လုံးပါပဲ ဟိန်းထသွားတဲ့ အသံကြီးကို ကြားရတာ။ ပေါက်ကွဲပြီးချိန်မှာ ပစ်ခတ်သံပါ ကြားတယ်။ မြို့ခံတွေလည်း ဘယ်သူမှမထွက်ရဲဘူး။ စုံလည်းမစုံစမ်းရဲဘူး”ဟု မြို့ခံအမျိုးသားက ယနေ့နံနက် ၁၀ နာရီတွင် ပြောသည်။

၎င်းတို့ကို ဆန့်ကျင်သူဟု ယူဆယုံဖြင့် စစ်ကောင်စီက နိုင်ငံအနှံ့တွင် ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေချိန်တွင် ဘေးမကင်းဖြစ်မည်စိုး၍ ပေါက်ကွဲမှုဖြစ်ရာအနီးရှိ ဒေသခံအချို့ပင် နေရာရွှေ့ပြောင်းနေရသည်ဟု ထိုသူက ဆက်ပြောသည်။ အသေးစိတ်အတည်မပြုနိုင်သေးပါ။

ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်တို့ကိုသာ စစ်ကောင်စီက ထိုနေရာသို့ ဝင်ခွင့်ပြုခဲ့ပြီး ကိုယ်တိုင်လည်း မစူးစမ်းရဲ၍ ထိခိုက်၊ သေဆုံးမှုရှိမရှိကို မသိရသေးဟု မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

“ထိတာတော့ အကုန်ထိကုန်ကြတာ ဘေးပတ်ဝန်းကျင်ရော။ သေကျေမှုကတော့ မသိရသေးဘူး။ အဲဒီတံတားနားကို ဘယ်သူမှပေးသွားဘူး။ လုံခြုံရေးအပြည့်ယူထားတယ်” ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားခြေရင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စစ်ဆေးရေးဂိတ်တွင် ဧပြီ ၂၄ ရက် ည ပေါက်ကွဲမှုအပြီး ပျက်ဆီးခဲ့သည့် အနီးရှိ တိုက်တစ်လုံး။ ဓာတ်ပုံ-ပေးပို့

လွန်ခဲ့သည့် တစ်နှစ်ကျော်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်ကို လက်မခံကြောင်း အတိအလင်းပြောပြီးနောက် ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တစ်စိတ်တစ်ပိုင်းရှိသည့် မြဝတီမြို့နယ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်နေသည်။

မြဝတီမြို့နှင့် နာရီဝက်ခရီးသာရှိပြီး အပစ်ရပ်စာချုပ် (NCA) အရ စစ်တပ်၏ သဘောတူညီမှုဖြင့် KNU က ထူထောင်ထားသည့် လေးကေ့ကော်မြို့နှင့် အနီးတစ်ဝိုက်ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ စစ်ကောင်စီက လေကြောင်းပါသုံး၍ တိုက်ခိုက်နေသည်။

စစ်ကောင်စီ၊ KNU အပြင် KNU ခွဲထွက်၊ နယ်ခြားစောင့်တပ်၊ ဒေသကာကွယ်ရေးအဖွဲ့ (PDF) များ အခြေစိုက်ရာ မြဝတီမြို့နယ်အတွင်း ဖြစ်ပွားသည့် ထိုပေါက်ကွဲမှုနှင့် ပတ်သက်၍ ယနေ့ (ဧပြီ ၂၄) နံနက် ၁၁ နာရီအထိ မည်သည့်အဖွဲ့ထံကမျှ အတည်ပြုချက်မရသေးပေ။

ကရင်ပြည်နယ် မြဝတီမြို့ အခြေပြမြေပုံ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button