အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အညာဒေသ နေအိမ်များကို စစ်ကောင်စီ ဆက်တိုက်မီးရှို့

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းစသည့် အညာဒေသများရှိ မြို့နယ် ၈ ခုရှိ ကျေးရွာများကို စစ်ကောင်စီတပ်သားတို့က ဧပြီလ ၂ ရက်မှ ၇ ရက်နေ့အတွင်း မီးရှို့သဖြင့် အိမ်ခြေ ရာနှင့်ချီ ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

မကွေးတိုင်း ပခုက္ကူမြို့နယ်မှ ဒေသခံအမျိုးသားသုံးဦးက ၎င်းတို့မြို့နယ်မှ မြစ်ဖျားရွာ၊ ဆိပ်ဖြူမြို့နယ် လယ်သာဝရွာ၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းရွာ၊ ပေါက်မြို့နယ် ရေကျော်ရွာနှင့် ကျောင်းကုန်းရွာတို့ မီးရှို့ခံခဲ့ရခြင်းဖြစ်ကြောင်း Myanmar Now ကို အတည်ပြုသည်။

“သူတို့ (စစ်ကောင်စီတပ်) လေယာဉ်နဲ့ ဝဲတယ်၊ ဗုံးကြဲတယ်။ ပြီးကာကျမှ မြေပြင်က စစ်ကြောင်းက ရွာထဲကို အမြောက်နဲ့ ထုပြီးတော့ ဝင်တယ်။ ရွာထဲမှာလည်း လူမရှိဘူး။ သူတို့က တစ်အိမ်ချင်းတက်ပြီးတော့ မီးတက်ရှို့တယ်” ဟု ပခုက္ကူဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ မီးရှို့ခံရခြင်းသည် စစ်ကောင်စီတပ် ဖမ်းမိထားသည့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားသည့် ဖြစ်ရပ်နှင့် ဆက်စပ်နေသည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

“ဖမ်းမိထားတဲ့ PDF ကလေး ပျောက်သွားတယ်ဆိုပြီးတော့မှ မဆီမဆိုင် ကျွန်တော်တို့ရွာတွေကို စစ်ကားသုံးစီးနဲ့ စစ်ကြောင်းထိုးပြီးတော့ လာရောက်ပြီးတော့ ပတ်ရှာရင်းနဲ့ မီးရှို့သွားတာဗျ” ဟု အဆိုပါ ဒေသခံက ပြောသည်။

နေအိမ်များ မီးရှို့ခံရပြီးနောက် သွပ်ပြားနှင့် အင်္ဂတေခဲများမှလွဲ၍ မည်သည့်အရာမျှ မကြွင်းကျန်ရစ်တော့သည်ကို Myanmar Now က ကြည့်ရှုခွင့်ရသည့် ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။

မီးလောင်သွားသော နေအိမ်အရေအတွက်နှင့် မီးဘေးဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင်နေရသူဦးရေ မည်မျှရှိသည်ကို မသိရသေးပေ။  

မန္တလေးတိုင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းရွာကိုလည်း ဧပြီ ၇ တွင် စစ်ကား ၁၃ စီးဖြင့် လာသော စစ်ကောင်စီတပ်က နေအိမ် ၅ လုံးကို အလားတူမီးရှို့ဖျက်ဆီးခဲ့ကြောင်း ကင်းရွာဒေသခံတစ်ဦးက ပြောသည်။ 

ဦးနိုင်မျိုးဝင်း၊ ဦးဘဲဥ၊ ဒေါ်မွှေး၊ ဦးချစ်ဟန်၊ ဦးအောင်မောင်းတို့၏ နေအိမ်များ မီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ၏ သတင်းပေးမှုကြောင့် မီးရှို့ခံရခြင်း ဖြစ်သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

“လာတဲ့ လက်နက်ကိုင်စစ်သားတွေက ဘယ်အိမ်က ဘာမှန်းသိတာမဟုတ်ဘူး။ ပျူတွေက သူတို့နဲ့ လူမှုရေးအဆင်မပြေသူ၊ စီးပွားပြိုင်ဘက်တို့ရဲ့ အိမ်တွေကို လက်ညှိုးထိုး၊ ဟိုကောင်တွေက မီးရှို့” ဟု သူက ပြောသည်။

ထိုရွာတွင် ယခုလဆန်းပိုင်းက ဘုန်းကြီးနှစ်ပါး အသတ်ခံထားရသည်။ တစ်ပါးမှာ စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး ဒလန်လုပ်သူဟု စွပ်စွဲခံရသည့် လွင်ဦးဘုန်းကြီးကျောင်းမှ ဦးဇင်းစိုးဖြစ်သည်။ နောက်တစ်ပါးမှာ စစ်ကောင်စီတပ်က ဖမ်းခေါ်သွားသည့် ကင်းရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတာဝန်ခံ ဦးပညာဝံသဆိုသူဖြစ်ပြီး ဖမ်းဆီးခံထားရစဉ် ၂၄ နာရီမပြည့်မီ ပျံလွန်ခဲ့သည်။

စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ရှောက်ခါးကျေးရွာတွင်လည်း နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိုဒေဒေသကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားနေအိမ် ၆၇ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရခြင်းဟု ရှောက်ခါးရွာသားတစ်ဦးက ပြောသည်။

“စစ်သားတွေက သေနတ်တွေနဲ့ပစ်တော့ ရွာကာကွယ်ရေးအဖွဲ့ကလည်း ရွာသားတွေ ထွက်ပြေးနိုင်အောင် အချိန်ဆွဲတဲ့အနေနဲ့ ထိပ်တိုက်တွေ့ အပြန်အလှန်ပစ်ခတ်ပေးတယ်၊ အဲဒီမှာ လက်နက်ကြီးတွေနဲ့ ပစ်တာပဲ၊ ရွာသားတွေ ပြေးပြီးတော့ ကာကွယ်ရေးအဖွဲ့တွေလည်း နောက်ဆုတ်ပေးလိုက်တဲ့အချိန် ရွာကို မီးရှို့တော့တာပဲ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း ထိုရွာမှ ၂၅ နှစ်အရွယ် ကိုရွှေသင်းဆိုသူ သေဆုံးပြီး အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုရွာသားက ပြောသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။

ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များက ထိုရွာအတွင်းမှာ တစ်အိမ်တက်ဆင်း ရှာဖွေမွှေနှောက်၍ မီးလိုက်ရှို့နေစဉ် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက Drone ခေါ် ရိုက်ကူးရေးသုံးယာဉ်ပျံ သုံး၍ ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သားများက ထွက်ပြေးသွားကြသည်ဟု ထိုရွာသားက ပြောသည်။

ဝက်လက်မြို့နယ်တွင် အိမ်ခြေ ၁၀၀၀ နီးပါးရှိသော ရွာနန်းကျေးရွာသည်လည်း ဧပြီ ၇ က မီးရှို့ခံလိုက်ရပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခံလိုက်ရသည်။ 

အလားတူ ခင်ဦးမြို့နယ်တွင်းရှိ အိမ်ခြေ ၆၀၀ နီးပါးရှိသော ငါးတင်းကြီးရွာသည်လည်း ဧပြီ ၃ တွင် မီးရှို့ဖျက်ဆီးခံထားရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ အညာဒေသသည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းလာသည့်အလျောက် ထိုဒေသရှိ အရပ်သားပြည်သူများ၏ နေအိမ်များမှာလည်း နေ့စဉ်နီးပါး မီးရှို့ဖျက်ဆီးခံလာရခြင်းဖြစ်သည်။

မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့သော စစ်ကောင်စီကမူ ထိုဖြစ်ရပ်များကို ကျူးလွန်သူမှာ ၎င်းကို ခုခံတော်လှန်နေသော PDF အပါအဝင် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များသာဖြစ်ကြောင်း လွှဲချလေ့ရှိသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ယခုနှစ် မတ်လကုန်အထိ ၁၄ လအတွင်း နိုင်ငံအနှံ့ရှိ လူနေအိမ်ပေါင်း ၈၀၀၀ နီးပါး ပျက်စီးသည်ဟု Data for Myanmar အဖွဲ့က ဧပြီ ၁ တွင် ထုတ်ပြန်ထားသည်။ 

ဖျက်ဆီးခံရမှုမှာ အညာဒေသ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် အများဆုံးဖြစ်ပြီး ချင်းပြည်နယ်မှာ တတိယအများဆုံးဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button