
ရန်ကုန် – မကြာသေးမီက ဆန္ဒပြမှုများဖြစ်ပွားခဲ့သော မြင်းခြံမြို့ အကျဉ်းထောင်တွင် ဖြေလျှော့မှုများ ပြုလုပ်ပေးထားပြီး အခြေအနေတည်ငြိမ်နေကြောင်း အကျဉ်းဦးစီးဌာနက ပြောသည်။
ထောင်အရာရှိများ အပြောင်းအရွှေ့ပြုလုပ်ပေးရန်၊ အကျဉ်းသားအခွင့်အရေးများ ပိုမိုပေးရန် တောင်းဆိုချက်များကို လိုက်လျောပေးထားကြောင်း အကျဉ်းဦးစီးဌာန ပြောခွင့်ရအရာရှိ ဦးမင်းထွန်းစိုးက အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြောသည်။
“လုပ်အားနဲ့ ပတ်သက်လို့ကတော့ အဆောင်ထဲမှာတော့ ခိုင်းတယ်။ အမွှေးတိုင်လုပ်ငန်းကို ခိုင်းတာ။ အခုတော့ အဲဒါတော့ ပေးမခိုင်းတော့ဘူး။ မလုပ်ခိုင်းတော့ပါဘူး” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက Myanmar Now ကို ပြောသည်။
“ထောင်ပိုင်နဲ့ ထောင်မှူးနဲ့တော့ (တခြားနေရာကို) ပြောင်းလိုက်ပါပြီ။ အပြီးပြောင်းလိုက်ပါပြီ။ ရာထူးကတော့ မနားပါဘူး”
မီးစက်အတွက် လိုအပ်သော ငွေကြေးကို အကျဉ်းသားထံမှ ကောက်ယူခြင်း မပြုရန်လည်း ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း၊ အကျဉ်းသားတစ်ဦးလျှင် စောင်သုံးထည်ထက်မက အသုံးပြုခွင့်ရရန်၊ ထောင်တွင်း အဆောင်များအကြား လွတ်လပ်စွာ သွားလာခွင့်ပြုရန် ဟူသော တောင်းဆိုချက်နှစ်ခုကိုမူ လုံခြုံရေးအရ ဥပဒေပြဋ္ဌာန်းတားမြစ်ထားချက်များနှင့် ငြိစွန်းနေသောကြောင့် ခွင့်မပြုနိုင်ကြောင်း သူက ဆက်ပြောသည်။
ဆန္ဒပြမှုကို အင်အားသုံးဖြိုခွင်းခြင်း မရှိခဲ့ဟု ဆိုသည်။
အကျဉ်းထောင်အတွင်း စစ်ဆေးခြင်း
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က အောက်တိုဘာ ၁၄ ရက်နေ့တွင် မြင်းခြံထောင်သို့ သွားရောက်စစ်ဆေးခဲ့သည်။
“သူတို့စားရေးသောက်ရေး နေရေးထိုင်ရေး အရင်ကထက်စာရင် နည်းနည်းကျပ်တည်းသွားတော့ ထောင်ပိုင်ကို မကျေနပ်လို့ သူတို့ ဆန္ဒပြတာပါ။ အထွေထွေမကျေမနပ်မှုတွေကနေ ဖြစ်သွားတာ” ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးယုလွင်အောင်က ပြောသည်။
စစ်ဆေးတွေ့ရှိချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ နောက်ဆက်တွဲဖြစ်ထွန်းမှုများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“သွားစစ်ဆေးတဲ့အချိန်အထိတော့ သူတို့ဘက်က အကုန်လုံးတော့ ဖြည့်ဆည်းမပေးနိုင်သေးဘူးဗျ။ သူတို့ဘက်ကလည်း ညွှန်ကြားရေးမှူးတစ်ယောက်နဲ့ လာပြီးတော့ စုံစမ်းစစ်ဆေးနေပါတယ်။ စုံစမ်းစစ်ဆေးပြီးရင်တော့ လိုအပ်တာတွေ သူတို့ ဖြည့်ဆည်းပေးမှာပေါ့”
အမည်မဖော်လိုသည့် မြင်းခြံမြို့အကျဉ်းထောင် သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ဆန္ဒပြမှုဖြစ်ပွားပြီးနောက်ပိုင်း အကျဉ်းသားများအတွက် အစားအသောက်အစီအစဉ် တိုးတက်ကောင်းမွန်လာသည်ဟု ဆိုသည်။ အကျဉ်းသားများထံမှ သိမ်းဆည်းထားသည့် စောင်များကို ပြန်ပေးပြီး အလုပ်ခိုင်းစေမှု လုံးဝရပ်နားထားခြင်းကိုလည်း အတည်ပြုနိုင်သည်ဟု ဆိုသည်။
ဆန္ဒပြမှု ဖြစ်ပေါ်ရသည့် အကြောင်းရင်း
မကြာသေးခင်က ပေါ်ပေါက်ခဲ့သော ထောင်တွင်းဆန္ဒပြမှုသည် အကျဉ်းထောင်၏ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ လုံလောက်သော အစားအသောက်နှင့် ဆေးဝါးမရရှိမှုတို့ကြောင့် ဖြစ်ကြောင်း AAPP ဟု လူသိများသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်မျိုးကျော်က ဆိုသည်။
“အကျဉ်းဦးစီးဌာနက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ အကျဉ်းသားတွေကို အစားအသောက်ကျွေးတာ မရှိဘူး။ နောက်ပြီး ထောင်မှာက ညှဉ်းပန်းနှိပ်စက်မှုတွေ ဖြစ်နေတယ်ပေါ့။ ကျွန်တော်တို့ဆီကို လှမ်းပြောထားတဲ့သတင်းဆိုရင် မြင်းခြံထောင်မှာရှိတဲ့ လူသတ်မှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသား ကိုကျော်မြင့်ကို ထောင်ပိုင်က ပါးရိုက်တယ်၊ လက်သီးနဲ့ ထိုးတယ်ဆိုတဲ့ ကိစ္စတွေဖြစ်တယ်” ဟု သူက ဆိုသည်။
ထောင်တွင်းဆန္ဒပြမှုဖြစ်ပြီး နာရီပိုင်းအတွင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ ရဲအရာရှိများနှင့် တရားရေးဌာနမှ တာဝန်ရှိသူများ မြင်းခြံထောင်သို့ သွားရောက်ခဲ့ကြပြီး ထောင်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြင်းခြံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က သူရောက်ရှိသွားသည့် မွန်းလွဲပိုင်းက ထောင်တွင်းမှ အော်ဟစ်နေမှုများ ကြားနေခဲ့ရကြောင်း၊ အကျဉ်းသားများနှင့် ထောင်အာဏာပိုင်တို့ကြား ညှိနှိုင်းအပြီး ပြေလည်မှုရရှိခဲ့သည်ဟု သိရကြောင်း သူက ပြန်ပြောပြသည်။
ပြဿနာဖြစ်ရသည့် အကြောင်းရင်းတစ်ခုတွင် အကျဉ်းသားများ အစာရေစာ ဝဝလင်လင်မစားရသည့် ကိစ္စလည်း ပါဝင်ကြောင်း သူကဆိုသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီခေတ်ပြောင်းတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသော်လည်း ယခင် စစ်အုပ်ချုပ်ရေးခေတ်ကဲ့သို့ ထူးထူးခြားခြား မပြောင်းလဲသေးသည်မှာ အကျဉ်းထောင်စနစ်ဖြစ်သည်။
လက်ရှိတွင် အကျဉ်းထောင် ၄၆ ခု၊ အကျဉ်းသားများအား စိုက်ပျိုးရေးနှင့် ကျောက်ထုတ်စခန်းများတွင် ခိုင်းစေသည့် အကျဉ်းစခန်း ၄၈ ခုရှိပြီး၊ အကျဉ်းသားအရေအတွက် ခန့်မှန်းခြေ ၁ သိန်းကျော် ရှိသည်။
အလုပ်အကျဉ်းစခန်းအသီးသီးရှိ အကျဉ်းသူအကျဉ်းသားများအပေါ် အခွင့်အရေးချိုးဖောက်မှု၊ ခေါင်းပုံဖြတ် အညွန့်ခူးစားမှု၊ အကျင့်ပျက်ခြစားမှု ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေသေးကြောင်း မကြာသေးမီက Myanmar Now က ပြုလုပ်ခဲ့သည့် စုံစမ်းဖော်ထုတ်မှုတစ်ခုတွင် တွေ့ခဲ့ရသည်။