ဆောင်းပါး

ဒစ်ဂျစ်တယ်တော်လှန်ရေးနောက်ကွယ်က အမျိုးသမီးတွေ

“Click လုပ်တယ်” ဆိုတဲ့ စကားလုံးဟာ နွေဦးတော်လှန်ရေးရဲ့ ဒစ်ဂျစ်တယ် Strike မှာ ပါဝင်သူတိုင်းနဲ့ အကျွမ်းတဝင်ဖြစ်နေတဲ့ စကားပါ။

တော်လှန်ရေးမှာ ငွေလှူဖို့ အခက်အခဲရှိနေသူတွေ လှူရင်း အားလျော့လာသူတွေအတွက် ဖုန်းအသုံးပြုရင်း အချိန်အနည်းငယ် ‘Click’ ပေးရုံနဲ့ တော်လှန်ရေးအတွက် သိန်းထောင်နဲ့ချီ ထောက်ပံ့နိုင်တဲ့အခွင့်အရေးတွေ အခုနွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်နေပါတယ်။

လူငယ်တွေက ဂိမ်းတွေ၊ YouTube Channel တွေ၊ Website တွေ ဖန်တီးပြီး အဲဒီကရတဲ့ဝင်ငွေတွေကို မြေပြင်က လိုအပ်တဲ့ နေရာတွေကို ထောက်ပံ့ပေးနေပါတယ်။

ဒီလုပ်ငန်းတွေမှာ အမျိုးသမီးတွေလည်း ပါဝင်လုပ်ကိုင်နေကြတာပါ။ ဒီအထဲမှာ Stella လည်း ပါဝင်ပါတယ်။

Stella ဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစပြီးတော့ ဆိုရှယ်မီဒီယာကတစ်ဆင့် စစ်အာဏာရှင်ဆန့်ကျင်မှုတွေ ပြသတာ၊ ပြည်ပမှာပြုလုပ်တဲ့ ဆန္ဒပြပွဲတွေ၊ လမ်းလျှောက်ပွဲတွေမှာ ပါဝင်တာ၊ နိုင်ငံတကာသံရုံးတွေကို စာပို့တာ၊ ရန်ပုံငွေရှာတဲ့ လုပ်ငန်းတွေမှာ ပါဝင်တာ စတဲ့ စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာတော့ Play 2 Donate ဆိုတဲ့အဖွဲ့လေး ဖွဲ့စည်းကာ ဂိမ်း app တွေကို မိတ်ဆွေတွေနဲ့အတူ တီထွင်ပြီး အဲဒီကရတဲ့ဝင်ငွေတွေနဲ့ မြေပြင်ကရဲဘော်တွေ လိုအပ်တဲ့အရာတွေကို ကူညီထောက်ပံ့ပေးနေတာပါ။

Play 2 Donate အနေနဲ့ Nway Oo Quiz, Cat Rescue, Nway Oo Candy, Nway Oo Videos စတဲ့ ဂိမ်းapp တွေကို ဖန်တီးထားပါတယ်။

“ပုံမှန်ဂိမ်းလေးတွေဆော့နေရင်းနဲ့ ကြော်ငြာလေးတွေ တက်ပါတယ်၊ ဂိမ်းထဲကို မဝင်ခင် တက်ပါတယ်၊ ဂိမ်းဆော့နေရင်းနဲ့ ကြော်ငြာတက်တယ်၊ ဂိမ်းထဲက ထွက်လိုက်ရင် ကြော်ငြာတက်တယ်၊ ဂိမ်းနိုင်တာတွေ ရှုံးတာတွေမှာ ကြော်ငြာတက်တယ်ပေါ့နော်။

အဲ့တက်တဲ့ကြော်ငြာတွေကနေ ပိုက်ဆံရပါတယ်။ အဲ့ကရတဲ့ပိုက်ဆံနဲ့ မြေပြင်ကို ထောက်ပံ့ခဲ့တယ်။ အများကြီး ထောက်ပံ့ခဲ့ပြီးပြီ၊ အခုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်”

လို့ Stella က ရှင်းပြပါတယ်။

ဒီလိုလုပ်ငန်းတွေဆောင်ရွက်တဲ့အတွက် မိမိရဲ့လုံခြုံရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိပေမဲ့ မိသားစုရဲ့လုံခြုံရေးကိုတော့ စိတ်ပူမိတယ်လို့ သူက ဖွင့်ဟပါတယ်။

တစ်ဖက်မှာလည်း အသက်မွေးဝမ်းကျောင်းအလုပ်ကို အချိန်ပေးရတာဖြစ်တဲ့အတွက် ဒီတော်လှန်ရေးလုပ်ငန်းတွေကို အိပ်ချိန်ထဲက ဖဲ့ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာလည်း စိတ်ဖိစီးမှုတွေက ရှောင်လွှဲလို့ မရခဲ့ပါဘူး။

“တော်လှန်ရေးကာလကြီးကျတော့မှ ဒီလိုဟာတွေ လုပ်ဖူးတာလေ။ ရှာနိုင်တဲ့ပိုက်ဆံနဲ့ မြေပြင်က ရဲဘော်တွေရဲ့ လိုအပ်ချက်တွေက အများကြီးကွာတယ်။ မြေပြင်ကအဖွဲ့တွေက ရာနဲ့ချီပြီးရှိတယ်။ ကျွန်မတို့က အများကြီး မထောက်ပံ့နိုင်သေးဘူး။ အဲ့ကနေ အခက်အခဲတွေ၊ စိတ်ဖိစီးတာတွေရှိတယ်” လို့ Stella က ဖွင့်ဟပါတယ်။

နည်းပညာပိုင်းမှာလည်း နည်းပညာသမားတွေဆိုပေမဲ့ နည်းပညာအကုန်လုံးကို မသိနိုင်တဲ့အတွက် အခက်အခဲတွေ၊ Error တွေကို အဖြေရှာရတာတွေလည်း ရှိပါသေးတယ်။

ရရှိလာတဲ့ဝင်ငွေတွေကို မြေပြင်ကလိုအပ်တဲ့နေရာတွေကို ခွဲဝေပေးနိုင်မဲ့နည်းလမ်းနဲ့ လိုအပ်တဲ့နေရာကို လုံခြုံစွာပို့နိုင်မဲ့နည်းလမ်းတွေကို ဆောင်ရွက်ရတာတော့ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လို့ Stella က ဖွင့်ဟပါတယ်။

Stella အပါအဝင် အဖွဲ့သားတွေအတွက် စိတ်ဓာတ်ကျရတဲ့အချိန်တွေကတော့ App ထဲကို လူတွေဝင်မဆော့တဲ့ အချိန်တွေပါပဲ။

“လူတွေက ဝင်မဆော့ပေးကြဘူး။ ပြောရင်တော့ မီးပျက်လို့ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေကြပေမဲ့ Celebrity တွေ၊ ရေပေါ်ဆီလူတန်းစားတွေအတွက် Like တွေ၊ comment တွေ၊ Love တွေက အများကြီးပဲဆိုတော့ အဲ့လိုအရာတွေက စိတ်ဓာတ်ကျတယ်” လို့ သူက ဖွင့်ဟပါတယ်။

ဒါပေမဲ့ မြေပြင်မှာ အသက်ပေးထားတဲ့ရဲဘော်တွေအတွက် လုပ်ကိုလုပ်မှရမယ်၊ နိုင်ကိုနိုင်မှာပါဆိုတဲ့ စိတ်နဲ့ အားပြန်တင်းပြီး ဖြတ်ကျော်ခဲ့ပါတယ်။ ရတဲ့ဝင်ငွေတွေကို လိုအပ်တဲ့နေရာတွေကို ပို့ပေးပြီး မြေပြင်ကရဲဘော်တွေလိုအပ်တဲ့ လက်နက်တွေ ဝယ်နိုင်ကြောင်း အကြောင်းပြန်လာကြတဲ့အချိန်ကတော့ အပျော်ဆုံးအချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

Stella နည်းတူ ဒစ်ဂျစ်တယ်တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေသူကတော့ မေလေး (အမည်လွှဲ) ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုစတင်တဲ့ ဖေဖော်ဝါရီလကစပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်တာ၊ နောက်ပိုင်းမှာ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို လှူဒါန်းတာ စတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ Pa Day Thar Pin – ပဒေသာပင်လို့ အမည်ရတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ကူညီပံ့ပိုးပေးနိုင်ဖို့ Funding (ငွေကြေးထောက်ပံ့ရန်) ရှာတဲ့ အွန်လိုင်းပလက်ဖောင်းတစ်ခုမှာ ပါဝင်လုပ်ကိုင်နေပါတယ်။

မေလေးက အဲဒီအွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ YouTube Channel နဲ့ Website မှာ တင်ဖို့ အကြောင်းအရာတွေရှာတာ တင်ပေးတာ၊ ကိုယ်တိုင် Audiobook တွေ ဖတ်ပေးတာတွေအပြင် လိုအပ်တာမှန်သမျှ ပါဝင်ဆောင်ရွက်နေပါတယ်။

မူလက လွတ်မြောက်နယ်မြေသွားပြီး မွေးမြူရေး၊ စီးပွားရေးလုပ်ကာ ထောက်ပို့အဖြစ် ဆောင်ရွက်မယ်လို့ တွေးထားခဲ့ပေမဲ့ ကိုယ်တိုင်ကလည်း Digital Marketing နယ်ပယ်ကဖြစ်တာကြောင့် မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး ဒီလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ မေလေးက ပြောပါတယ်။

ဒီလုပ်ငန်းတွေကို တောထဲကနေ လုပ်ကိုင်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေရှိပါတယ်။ အင်တာနက်အခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲတွေကတော့ ပြောလို့မကုန်နိုင်ပါဘူး။ ဒါ့အပြင် YouTube Channel နဲ့ Website ပုံမှန်လည်ပတ်နိုင်ဖို့အတွက် နည်းပညာအခက်အခဲတွေကလည်း အမြဲကြုံတွေ့နေရပါတယ်။

စစ်ကောင်စီဘက် ထိုးစစ်ဆင်လာတဲ့အချိန် ရဲဘော်တွေမှာ လက်နက်အပြည့်အစုံမရှိဘူးလို့ ကြားရတဲ့အချိန်တွေက မေလေးအတွက် စိတ်ဓာတ်အကျရဆုံးအချိန်တွေပါပဲ။ ဒါပေမဲ့ အလုပ်ပိုလုပ်ကြမယ်ဆိုပြီး အပြန်အလှန်အားတင်းရင်း ကျော်ဖြတ်ကြတယ်လို့ မေလေးက ဖွင့်ဟပါတယ်။

ရှေ့ဆက်ပြီး YouTube channel နှစ်ခု၊ website နှစ်ခုနဲ့ web app တစ်ခု၊ limited edition တစ်ခု ပြုလုပ်နေပြီး Quiz app တစ်ခုလည်း ဆက်ထုတ်နိုင်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

ကိုယ်တိုင်ပါဝင်ကူညီချင်တဲ့ ပြည်သူတွေအနေနဲ့လည်း ကိုယ့်မှာရှိတဲ့ talent တွေ၊ သီချင်း၊ ဆောင်းပါး၊ ကဗျာ၊ audiobook တွေ ပို့ပေးလို့ရပြီး Padaythar P2P channel နဲ့ website မှာ ပြန်တင်ပေးမှာဖြစ်ပါတယ်။

“ဘယ်လောက်ပဲ စိတ်ပင်ပန်းနေပါစေ ဒီကရတဲ့ဟာအားလုံးက အတိုအရှည်ဖြစ်လာမှာရယ်။ ကိုယ်ပိုင်သေနတ် မဝယ်နိုင်သေးတဲ့ ရဲဘော်တွေ သေနတ်တစ်လက်ရရင် ဘယ်လိုပျော်မယ်ဆိုတာ သိနေတော့ ဘယ် platform ကမဆို ပိုအားစိုက်ပြီး ပြည်သူကလည်း ပူပေါင်းပေးရင် ဘာမှ မလုပ်နိုင်တာထက်စာရင်တော့ ထင်တာထက် ပိုပြည့်စုံလာမှာပါ” လို့ မေလေးက ပြောပါတယ်။

Stella နဲ့ မေလေးနည်းတူ ဒစ်ဂျစ်တယ်တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူ Theo ကလည်း “ဒီလိုလုပ်ငန်းမှာ ပါဝင်တဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်ရတာ၊ အင်တာနက်လိုင်းမကောင်းတာတွေကြောင့် တစ်ခါတလေစိတ်ဓာတ်ကျမိတယ်” လို့ ဆိုပါတယ်။

Theo က Click for Revolution လို့ အမည်ရတဲ့ အွန်လိုင်းပလက်ဖောင်းမှာ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

“ပုံမှန်အနေအထားအတိုင်း ပြန်နေနေတဲ့သူတွေနဲ့ ရေပေါ်ဆီတွေကို တွေ့တဲ့အခါမျိုး၊ ကိုယ့်ရဲဘော်တွေ အထိအခိုက်များတဲ့အခါမျိုး၊ ကိုယ့်အနာဂတ်ကို တွေးမိတဲ့အခါမျိုးတွေမှာ တစ်ခါတလေတော့ စိတ်ဓာတ်ကျမိတယ်” လို့ Theo က ဖွင့်ဟပါတယ်။

ဒါပေမဲ့ 

ဒီတစ်ခါရှုံးရင် နိုင်ငံရဲ့အနာဂတ်ရော၊ ကိုယ့်အနာဂတ်ရော လုံးဝပျက်စီးမှာဖြစ်တဲ့အတွက် သေချာပေါက်နိုင်မှဖြစ်မယ်လို့ တွေးကာ အားတင်းကျော်ဖြတ်နေပါတယ်။

ငွေကြေးသက်သက် မထောက်ပံ့နိုင်ရင်တောင် ကိုယ့်နေ့စဉ် ဆိုရှယ်မီဒီယာအသုံးပြုတဲ့ အချိန်တချို့ထဲကနေ ကူညီထောက်ပံ့နိုင်တဲ့ အဆင်ပြေပြီး ကိုယ်တိုင်လည်း နေ့စဉ် ပုံမှန်အလုပ်တစ်ခုလို မဖြစ်ဖြစ်အောင် လုပ်နေတယ်လို့ ဒီပလက်ဖောင်းတွေကို အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

“ကိုယ်ကိုယ်တိုင်လှူချင်ရင်တောင် ချိတ်ဆက်နေဖို့က အဆင်မပြေနိုင်ဘူးလေ။ တစ်နည်းအားဖြင့် ဒါဟာ ကိုယ့်လုပ်အားနဲ့ ထောက်ပံ့ခြင်းတစ်မျိုးပဲမို့ ကျန်သူများကိုလည်း အချိန်လေးနည်းနည်းပေးပြီး Click စေချင်ပါတယ်” လို့ သူက ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ဒစ်ဂျစ်တယ်တော်လှန်ရေးနောက်ကွယ်ကလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေဟာ အခက်အခဲအချို့ရှိပေမဲ့လည်း တော်လှန်ရေးအောင်မြင်ဖို့သာ ဆန္ဒရှိနေကြပြီး ပြည်သူတွေများများပါဝင်ဖို့ တိုက်တွန်းပါတယ်။

“Digital Strike က ရတဲ့ ငွေပမာဏတွေက တော်တော်များတာမို့ ရဲဘော်တွေကိုလည်း ပမာဏများများ ထောက်ပံ့ပေးနိုင်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ Digital strike တွေမှာ ပိုပြီး ပါဝင်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ Theo က ဆိုပါတယ်။

မေလေးကလည်း “ပြည်သူတွေ ပင်ပန်းနေတာ သိလို့ကို လုံးဝ အလှူငွေမကောက်ဘဲ YouTube ပဲ ကြည့်ပေးပါ၊ click ပဲ click ပေးပါလို့ တောင်းဆိုပြီး တောထဲကနေ အချိန်မရှိတဲ့ကြားထဲ၊ ဘယ်အချိန် လေယာဉ်လာမလဲ မသိတဲ့ကြားက ရဲဘော်တွေ ကြိုးစားပေးနေတာမို့ ပြည်သူတွေက တတ်နိုင်တာထက်ပိုပြီး ကူညီပေးကြပါ၊ အချိန်ပေးကြဖို့ ပြောချင်ပါတယ်။ ကိုယ်တိုင်လည်းကြည့်ပြီး ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုပါ တိုက်တွန်းပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ဆိုပါတော့တယ်။

(Honest Information ၏ အင်တာနက်စာမျက်နှာ https://hiburma.net မှ ကူးယူ ဖော်ပြပါသည်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button