တစ်ပိုင်းတစ်စလွတ်လပ်သည့်ခေတ်ကို ဖြတ်သန်းလာသော လူငယ်များက ပိုမိုလွတ်လပ်သည့်ခေတ်ကိုသာ သွားတော့မည်ဟု စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပြန်ကြားရေးတာဝန်ခံ စောသာအဲဟ်က ပြောသည်။
Myanmar Now က မတ်လလယ်ပိုင်းတွင် ဆက်သွယ်မေးမြန်းစဉ် စောသာအဲဟ်က ကယားပြည်နယ် (ကရင်နီပြည်နယ်) အတွင်း ဒေသခံတို့၏ အခြေအနေ၊ တိုက်ပွဲကာလ နှစ်ဖက်အားသာချက်များ၊ အနာဂတ်ရည်မှန်းချက်များအကြောင်း ပြောပြထားသည်။
မေး − တိုက်ပွဲဖြစ်နေတဲ့ဒေသတွင်း ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်က ဘာဖြစ်မလဲ။
ဖြေ − စစ်ဖြစ်တဲ့ မြို့နယ်တွေမှာ နေတဲ့ ပြည်သူတွေကတော့ တောထဲတွေ ရှောင်တယ်။ ဆွေမျိုးသားချင်းတွေရှိတဲ့ တောရွာတွေမှာ သွားပြီးရှောင်ကြရတယ်။ လမ်းတွေပိတ်သွားတဲ့အခါကျတော့ ဆေးဝါးရိက္ခာတွေသယ်နိုင်ဖို့က တော်တော်အခက်အခဲဖြစ်သွားတယ်။ တောမှာရှိထားတဲ့ ဆန်စပါးသီးနှံတွေ စားသောက်ရတယ်ဆိုပေမဲ့ တကယ်လိုအပ်နေတဲ့ ဆေးဝါးတွေ လူ့အသုံးအဆောင်ပစ္စည်းတွေက အကုန်လုံး ခက်ခဲသွားတယ်။
မေး − တော်လှန်ရေးအဖွဲ့တွေအပေါ်မှာရော ဘယ်လိုသက်ရောက်မှုရှိလဲ။
ဖြေ − သူတို့က လေးဖက်လေးတန်ကနေ ညှပ်ပြီးတော့ တိုက်မဲ့ပုံစံမျိုးဖြစ်နေတယ်။ လွိုင်ကော်ဘက်ကနေလည်း လာတယ်၊ မိုးဗြဲဘက်ကနေလည်း လာတယ်၊ ဒီးမော့ဆို၊ ဖရူဆိုဘက်မှာလည်း သူတို့တပ်ရင်းတွေရှိတယ်။ စစ်ကြောင်း အချိန်မရွေးထိုးလို့ရတဲ့ အနေအထားပဲ။
ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေ သူတို့ဖြတ်တယ်။ ဖုန်းလိုင်းတွေ တချို့မြို့နယ်မှာ မရတော့ဘူး။ အင်တာနက်လိုင်းတွေ မရှိတော့ဘူး။ မီးတွေကလည်း ဖြတ်ပစ်လိုက်ပြီ။
ဒီးမော့ဆိုတို့ဆိုရင် လုံးဝ လူနေလို့မရတော့တဲ့ မြို့လိုဖြစ်သွားပြီ။ အုပ်ချုပ်ရေးတွေလည်း မရှိတော့ဘူး။ အကုန်လုံးကိုမှ တိတ်ဆိတ်ပြီး စစ်ဇုန်ဖြစ်သွားတဲ့ အနေအထားမျိုး။
အရင်က တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ဆီကို စစ်ကြောင်းထိုးတယ်၊ ပြီးတော့ တောထဲမှာရှိတဲ့ ရွာတွေအကုန်လုံးကို မီးရှို့ပစ်လိုက်တယ်။ တွေ့တဲ့ပြည်သူတွေကို သတ်တယ်။ ရှိသမျှရိက္ခာတွေကို လုယက်တယ်။ ဒါက သူတို့ အရင်တုန်းက တောထဲမှာပဲ လုပ်တာ။ အခုအခါကျတော့ မြို့ထဲမှာပါ လုပ်လာတာ။
ဒီတော်လှန်ရေးက တစ်နိုင်ငံလုံးအတိုင်းအတာ လူထုက အင်နဲ့အားနဲ့ ပါဝင်တဲ့၊ လူထုထောက်ခံမှု အမြင့်ဆုံးရရှိထားတဲ့ တော်လှန်ရေးတစ်ခုဖြစ်တယ်။ အရင် နှစ်ပေါင်း ၇၀ တော်လှန်ရေးက တိုင်းရင်းသားဒေသတွေလောက်ပဲ လူထုထောက်ခံမှုရှိတယ်။ အခုက တစ်တိုင်းပြည်လုံးက ပြည်သူတစ်ရပ်လုံးက အားပေးထောက်ခံတဲ့ ကူညီပံ့ပိုးတာဖြစ်တဲ့အတွက် သူတို့အတွက် အရမ်းကို စိုးရိမ်စရာဖြစ်တယ်၊ ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ သူတို့က အရင်သုံးခဲ့တဲ့ ရက်စက်ယုတ်မာတဲ့ နည်းလမ်းတွေကို ပြန်သုံးရုံသာမက သူတို့မှာရှိတဲ့ လက်နက်တွေ၊ အယုတ်မာဆုံးနည်းလမ်းတွေကို မီးကုန်ယမ်းကုန် ထုတ်သုံးနေတာပေါ့။
လက်နက်ကြီးတွေနဲ့ တောက်လျှောက် ရွာကို ပစ်တယ်။ သူတို့ စစ်ကြောင်းထိုးမဲ့လမ်းကြောင်းကို လမ်းရှင်းတဲ့ သဘောအနေနဲ့ အရင်ဆုံး လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ ပြီးတော့ လေကြောင်းနဲ့ အရင်လာရှင်းတယ်။ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေ ရှိတယ်ထင်တဲ့နေရာတွေကို အရင်ဆုံး လာရောက်ဗုံးကြဲတယ်။ ပြီးမှ သူတို့မြေပြင်တပ်တွေက ဆက်လာတာ။
ဒီပွဲမှာ သူတို့က ဒီတော်လှန်ရေးအင်အားစုတွေကို မနှိမ်နင်းနိုင်ဘူးဆိုရင် သူတို့အတွက် ဒီနိုင်ငံကို သူတို့ ဆက်ပြီးတော့ ဗိုလ်ကျလို့မရတော့ဘူး၊ လက်နက်အားကိုးနဲ့ အာဏာဆက်ယူထားလို့ မရနိုင်တော့ဘူးဆိုတဲ့ တွက်ချက်မှုနဲ့ပဲ သူတို့ကို ဆန့်ကျင်တဲ့သူမှန်သမျှကို ပြည်သူကိုလည်း သူတို့ဂရုမစိုက်ဘူး။ အခုက ပြည်သူလည်း သူတို့ရန်သူဖြစ်သွားပြီ။
မေး − ဒီလို ဒုက္ခမျိုးစုံကြုံနေရတဲ့အတွက် လူထုက ဒေသခံကာကွယ်ရေးအဖွဲ့တွေကို ဘယ်လိုသဘောထားလဲ။
ဖြေ − ပြည်သူလူထုတွေက အားပေးတယ်။ ဒီတော်လှန်ရေးမှာ ဒီပွဲမှာ ကျွန်တော်တို့ နိုင်မှပဲ နိုင်ငံတော်သစ် စနစ်တစ်ခုကို တောက်ပတဲ့အနာဂတ်နဲ့ ကျွန်တော်တို့ သွားနိုင်မယ်ဆိုတာ ပြည်သူတွေက ရှင်းရှင်းလင်းလင်းသိထားတယ်။
ပြည်သူ့တော်လှန်ရေးတပ်သားတွေကတော့ ဒီဟာက လုပ်ရင် ပေးဆပ်မှုတော့ရှိရမယ်ဆိုတဲ့ ခံယူချက်နဲ့သာ လုပ်တာဖြစ်တယ်၊ ပြည်သူတွေကျတော့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ရင်းပြီးတော့မှ ဘာပဲဖြစ်ဖြစ် သူတို့ ဆက်ပြီးတော့လျှောက်မယ်ပေါ့နော်။
ကျွန်တော်တို့ ကျေးရွာတွေကို သွားရင် စစ်ရှောင်တွေဆီ သွားရင်ဖြစ်ဖြစ် ဘယ်နေရာမှာမှ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးလုပ်ပါ၊ အပစ်အခတ်ရပ်စဲရေးလုပ်ပါ စသဖြင့် ပြောတဲ့နေရာ မရှိပါဘူး။ ပြည်သူလူထုက ဒီတိုက်ပွဲကို နိုင်အောင်တိုက်ရမယ်လို့ ဒါ လုံးဝ ယတိပြတ် ဆုံးဖြတ်ချက်ချပြီးသားပဲ။
မေး − ဒါပေမဲ့ ရင်ဆိုင်နေရတဲ့ ရန်ဘက်က လက်နက်အင်အား သာလွန်းနေတယ်။ ဒါကိုရော ရှေ့ဆက် ဘယ်လိုရင်ဆိုင်မယ်ဆိုပြီး ပြင်ဆင်ထားတာရှိလား။
ဖြေ − သူတို့က နိုင်ငံတော်ဘဏ္ဍာနဲ့ ဝယ်ထားတဲ့ ခေတ်မီလက်နက်တွေ ရှိတာပေါ့နော်။ လေယာဉ်တွေနဲ့ လာတိုက်တယ်။ အတွဲလိုက်ပစ်တဲ့ ဒုံးတွေနဲ့ ကျွန်တော်တို့ကို ပစ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ လက်နက်ကြီးတွေက ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို မဖြိုဖျက်နိုင်ဘူး။
လက်နက်ကြီးတွေ တိုက်လေယာဉ်တွေနဲ့ လာကြဲလို့ တိုက်လို့ နိုင်ကြစတမ်းဆိုရင် ဒီဒီးမော့ဆိုတို့ လွိုင်ကော်တို့ကို သူတို့အကုန်လုံး ပြန်ထိန်းနိုင်မဲ့အနေအထား။ ဒါပေမဲ့ သူတို့မရှိဘူး။ အခုမြေပြင်မှာ သူတို့ ထိခိုက်ကျဆုံးမှုများတယ်။ သူတို့အထိနာနေတယ်။
တစ်နေ့တစ်နေ့ တိုက်ပွဲတွေမှာ လေကြောင်းကနေ လာကြဲတာက ၁၀ ခါ၊ အခါ ၂၀ မကဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နောက်ဆုတ်လားဆို မဆုတ်ဘူး။ တိုက်ပွဲ ကြာလာတာနဲ့အမျှ ကျွန်တော်တို့ တိုက်ပွဲအတွေ့အကြုံတွေကလည်း ရှိလာတယ်၊ နည်းနာတွေကလည်း ပိုပြီး သင်ယူလာနိုင်တယ်၊ ဒီသင်ခန်းစာတွေကနေ သင်ယူလေ့လာပြီးတော့ ပိုကောင်းတဲ့ စစ်ဆင်ရေးတွေ တိုက်ခိုက်မှုတွေကို တဖြည်းဖြည်းလုပ်လာနိုင်တယ်။
မေး − ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ အဲဒီက တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုက ဘယ်လောက်အထိ ရှိခဲ့လဲ။
ဖြေ − လွိုင်ကော်၊ မိုးဗြဲ၊ ထီးခီ၊ ဒီးမော့ဆိုတို့ဆိုရင် စစ်ဇုန်ဖြစ်သွားတဲ့အတွက် အဲဒီမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း အုပ်ချုပ်ရေးတည်ဆောက်လို့ မရသလို ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေကလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာလို့မရဘူး။
စစ်ကောင်စီရဲ့ ဝန်ထမ်းတွေ ယန္တရားတစ်ခုလုံးက ကျီးလန့်စာစားနေရတယ်။ ထိုနည်းလည်းကောင်းပဲ ကျွန်တော်တို့ပြည်သူတွေကလည်း ဒုက္ခရောက်တယ်။ ဆိုတော့ ကျွန်တော်တို့ နယ်မြေစိုးမိုးမှုရှိတယ်ဆိုတာထက် ကျွန်တော်တို့ လှုပ်ရှားနယ်မြေတွေက ပိုပြီးတော့ များလာတယ်ပေါ့နော်။
မေး − ဒီနှစ်ဆန်းပိုင်းကတည်းက စစ်ကောင်စီက ထိုးစစ်ဆင်နေတာ တွေ့ရတယ်။ အရင်ကထက် တိုက်ပွဲတွေ ပိုပြင်းထန်လာတော့မဲ့ အခြေအနေလား။
ဖြေ − ၂၀၂၁ တုန်းကဆိုရင် စစ်ကောင်စီက အဓိကက သူတို့စခန်းတွေ၊ ဂိတ်တွေ ခံစစ်အနေနဲ့ လုပ်ရတဲ့အနေအထား။ အခု ၂၀၂၂ ကျတော့ သူတို့ ထိုးစစ်ပြန်လုပ်လာတဲ့အနေအထား။ သူတို့ ထိုးစစ်ကို ပြန်ဖွင့်တဲ့သဘော။ သူတို့အခေါ် နယ်မြေရှင်းလင်းရေးလုပ်မဲ့ ပုံစံပေါ့။ ရှိသမျှရွာကို သွားလိမ့်မယ်၊ တစ်ရွာပြီး တစ်ရွာဝင်မယ် မီးရှို့မယ်။ ဖျက်ဆီးမယ်၊ လုယက်မယ်၊ တွေ့တဲ့သူကို သတ်မယ်။ ဒီနည်းနဲ့ပဲ သူတို့က ဒီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖြိုခွင်းနိုင်လိမ့်မယ်လို့ ယူဆထားပုံရတယ်။
ဒါပေမဲ့ အခု တက်လာတဲ့ လမ်းမှာတင် တချို့တစ်ဝက်က တိုက်ခိုက်ခံရလို့ သေနေတာရှိတော့ သူတို့ အင်အား ဘယ်လောက်ထပ်ဖြည့်နိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ဒီလာမဲ့ တိုက်ပွဲတွေက ဘယ်လောက်ပြင်းထန်မယ်၊ မပြင်းထန်ဘူးဆိုတာ တွက်လို့ရတာပေါ့။
မေး − ဒီတော်လှန်ရေးမှာ ကြည့်လိုက်ရင် အမြို့မြို့အနယ်နယ်မှာ လူငယ်တွေက ဦးဆောင်နေတာ တွေ့ရတယ်။ ဒီတော်လှန်ရေးရဲ နောက်ဆုံးပန်းတိုင်က ဘာဖြစ်မလဲ။
ဖြေ − ၂၀၁၀ ကနေ ၂၀၂၁ လောက်အထိ တစ်ပိုင်းတစ်စပွင့်လင်းတဲ့ နိုင်ငံခေတ်ကြီးကို ဖြတ်သန်းခဲ့တာဖြစ်တဲ့အတွက် ဒီထက်နိမ့်တဲ့၊ လွတ်လပ်မှုမရှိတဲ့ ခေတ်မျိုးကို ကျွန်တော်တို့ လုံးဝပြန်မသွားနိုင်ဘူး။ ပိုပြီးတော့ လွတ်လပ်တဲ့ နိုင်ငံ၊ ပိုပြီးတော့ အနာဂတ်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို၊ ပြည်ထောင်စုတစ်ခုကို ကျွန်တော်တို့ ဆက်သွားချင်တယ်။
စေ့စပ်ညှိနှိုင်းရေးလမ်းစဉ်ကိုလည်း သွားတော့မှာမဟုတ်ပါဘူး။ လုံးဝကို စနစ်ဟောင်းကို ဖြိုဖျက်ပြီးတော့မှ စနစ်သစ်တစ်ခုကို တည်ဆောက်မယ်ဆိုတဲ့ ရပ်တည်ချက်၊ ခံယူချက်တွေက ကျွန်တော်တို့လူငယ်တွေမှာ ရှိပြီးသားဖြစ်ပါတယ်။ တိုက်မယ်။ သေစရာရှိလည်း သေမယ်။ ဘယ်တော့မှ နောက်မဆုတ်ဘူး။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)