စစ်ကောင်စီက လက်နက်ကိုင်ခုခံသူတို့ကို ရင်ဆိုင်ရာတွင် မီးသတ်နှင့် ကြက်ခြေနီတို့၏အင်အားကို အသုံးချရန် ပြင်ဆင်နေကြောင်း ပြင်ပသို့ ပေါက်ကြားလာသည့် လျှို့ဝှက်ညွှန်ကြားချက်တစ်စောင်တွင် ဖော်ပြထားသည်။
ရဲ၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်၊ မီးသတ်၊ ကြက်ခြေနီတို့ပါဝင်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် ဖွဲ့စည်းရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ညွှန်ကြားထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မတ်လ ၂၅ ရက်စွဲတပ် ဌာနတွင်းပေးစာတွင် ပါရှိသည်။
မီးသတ်၊ ကြက်ခြေနီတို့ကို စစ်ကောင်စီက လုံခြုံရေးခေါင်းစဉ်အောက်တွင် အသုံးချမည့် အစီအစဉ်မှာ ပြည်သူကို သတ်ဖြတ်ရန် အမိန့်ပေးခြင်းသာဖြစ်ကြောင်း ဥပဒေကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။
“ဒါတွေက ပွဲပျက်နေတဲ့အကြောင်းကို ထင်ရှားတဲ့ သက်သေတွေပဲ။ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်နေတဲ့ အချိန်မှတစ်ပါး မလုပ်ရမဲ့ဟာတွေချည်းပဲ” ဟု ဦးကြီးမြင့်က Myanmar Now ကို ပြောသည်။
“ခုက တိုင်းပြည် တစ်ပြည်နဲ့ တစ်ပြည် စစ်ဖြစ်မှ လုပ်ရမဲ့ဟာတွေကို ကိုယ့်ပြည်သူပြည်သားတွေအပေါ်မှာ စစ်ခင်းဖို့ပြင်နေတဲ့ လုပ်ရပ်တွေပဲလို့ အဲဒီလိုပဲ ကျွန်တော်မြင်တယ်”
ဒေသအသီးသီးတွင် စစ်ကောင်စီက မီးသတ်တပ်ဖွဲ့ဝင်များကို ရှာဖွေ စစ်ဆေးရေးလုပ်ငန်းများတွင်လည်း အသုံးချနေသည်။ စစ်ဆေးရေးအဖွဲ့များကို လက်နက်ကိုင်ခုခံသူတို့က တိုက်ခိုက်နေရာ ရဲ၊ စစ်သားတို့နှင့် အတူရှိနေသော မီးသတ်သမားတို့လည်း တိုက်ခိုက်ခံနေရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မုံရွာထောင်တွင်း ဆူပူမှုကို ဝင်ရောက်ပစ်ခတ်သည့် စစ်တပ်နှင့်အတူ မီးသတ်သမားများလည်း ရှိနေသည်ဟု BBC သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
စစ်ကောင်စီက စစ်မျက်နှာအများအပြား ဖွင့်ထားရခြင်း၊ စစ်တပ်နှင့် ရဲအဖွဲ့ထဲမှ အာဏာဖီဆန်သူ များပြားလာခြင်းတို့ကြောင့် စစ်တပ်၏ လုံခြုံရေးလုပ်ငန်းများတွင် လူအင်အား အကြီးအကျယ်လိုအပ်လာနေသည်။
မီးသတ်နှင့် ကြက်ခြေနီတို့သည် နိုင်ငံတကာတွင် ကယ်ဆယ်ရေး၊ လူမှုကူညီရေးလုပ်ငန်းများသာ လုပ်ကိုင်ကြသည့် အဖွဲ့များဖြစ်သော်လည်း စစ်တပ်ကမူ ထိုအဖွဲ့များကို ယခင်ကပင် တလွဲအသုံးချလေ့ရှိသည်။
သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းကုန်ခါနီးတွင် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့က မတ် ၂၇ စစ်ရေးပြပွဲများတွင် ချီတက်မှု၊ စစ်ဆေးရေးဂိတ်များတွင် စစ်သား၊ ရဲတို့နှင့် တွဲပြီး အင်အားပြမှု စသည့် လုပ်ငန်းများကို ရပ်နားခဲ့ပြီးဖြစ်သည်။
ယခု စစ်ကောင်စီတပ် လူအင်အား လိုအပ်နေချိန်တွင် အရပ်ဘက်အဖွဲ့များကို အသုံးချလာခြင်းဖြစ်သည်။
ပြည်သူ့လုံခြုံရေးဟု အမည်ပေးထားသည့် အဖွဲ့တွင် ဒေသအကျိုးလိုလားသူများ၊ အချို့ပါတီများနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကဲ့သို့သော အသင်းများနှင့် စမ်းသပ်ဖွဲ့စည်းရမည်ဟု မတ်လ ၃ ရက်နေ့ လုံခြုံရေးအစည်းအဝေးတွင် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း စာတွင် ဖော်ပြထားသည်။
“လုံခြုံရေး” တာဝန်ယူစေမည့် အဆိုပါ ညွှန်ကြားချက်တွင် ပါတီအမည်များကို ဖော်ပြထားခြင်းမရှိပါ။
သို့သော် စစ်ခေါင်းဆောင်များ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် လူသိနည်းသော ပါတီငယ်အများအပြားကို မဟာမိတ်ပြုထားရာ ထိုပါတီများ စုပေါင်းပြီး စစ်ခေါင်းဆောင်တို့အကြိုက် ကြေညာချက်များ ထုတ်ခဲ့ဖူးရာ ထိုသို့ ပူးပေါင်းလုပ်ဆောင်ဖူးသည့် ပါတီများကို ဆိုလိုဟန်ရှိသည်ဟု လေ့လာသူတို့က ယူဆသည်။
စစ်တပ်က ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု အမေရိကန်အစိုးရက မတ် ၂၁ တွင် ကြေညာခြင်းကို ကန့်ကွက်ကြောင်း USDP ဦးဆောင်၍ ၂၁ ပါတီက တုံ့ပြန်ထားသည်။
လုံခြုံရေးအဖွဲ့တွင် ပါဝင်စေမည့် YMBA သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ရန် ကိုလိုနီခေတ်က ပေါ်ပေါက်လာခြင်း ဖြစ်သည်။
နှစ်ပေါင်း ၁၂၀ နီးပါးသက်တမ်းရှိသော၊ အနယ်နယ်တွင် အဖွဲ့ခွဲများရှိသည့် YMBA သည် စစ်အာဏာမသိမ်းမီ ၂ နှစ်အလိုကပင် စစ်ခေါင်းဆောင်ကို အမျိုး ဘာသာ သာသနာကို စောင့်ရှောက်သူဟု ချီးကျူးကာ ရာသက်ပန်နာယကအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။
ဤအတောအတွင်း YMBA က စစ်တပ်ထဲတွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်နေကြောင်း မှတ်တမ်းဓာတ်ပုံတချို့ အွန်လိုင်းလူမှုကွန်ရက်တွင် မကြာသေးမီက ပေါ်ပေါက်လာသည်။
စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနှင့် YMBA ဥက္ကဋ္ဌ ဦးရဲထွန်းတို့ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက တွေ့ဆုံရာတွင် “အသင်း၏ လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်ရန်” ဦးမောင်မောင်အုန်းက သဘောတူခဲ့သည်ဟု ဆိုသည်။
ပေါက်ကြားလာသည့် လျှို့ဝှက်ညွှန်ကြားချက်တွင် “အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ လုံခြုံရေးအဖွဲ့များအနေဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ ထိန်းသိမ်းဆောင်ရွက်ရန်” ဟုလည်း ပါရှိသည်။
စစ်ကောင်စီသည် လုံခြုံရေးအကြောင်းပြကာ အဖွဲ့အစည်းအသီးသီးကို အသုံးချရန် ပြင်ဆင်နေသကဲ့သို့ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက်သာ တာဝန်ရှိသည့် ရဲတပ်ဖွဲ့ကို စစ်တိုက်ခိုင်းရန် ရဲတပ်ဖွဲ့ဥပဒေကို မတ်လ ၂၅ ရက်က ထုတ်ခဲ့သည်။
ထိုဥပဒေထုတ်ပြန်မှုကြောင့် နိုင်ငံ၏အခြေအနေ ပိုဆိုးသွားနိုင်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။
“တိုင်းပြည်က ပျက်တာကို ပိုပြီးတော့ ပျက်သွားတာပေါ့ဗျာ။ ရဲက အများပြည်သူရဲ့ လုံခြုံရေးကို အာမခံရမှာ၊ တရားဥပဒေစိုးမိုးရေးကို အာမခံရမှာ တရားဥပဒေစိုးမိုးရေးလုပ်ရမဲ့ ရဲတပ်ဖွဲ့ကို မင်းတို့ အဲဒီအလုပ်တွေ အသာထား အရေးကြီးတာ စစ်တိုက်ဖို့ပဲ၊ အဲဒီလိုပြောလိုက်တာနဲ့ အတူတူပဲ” ဟု ဦးကြီးမြင့်က ဆိုသည်။
စစ်ကောင်စီက ဆန္ဒပြသူတို့ကို အကြမ်းဖက်တိုက်ခိုက်ရာမှ ဒေသအသီးသီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်း ရာနှင့်ချီ ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေကြသည်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် စသည့် တိုင်းနှင့်ပြည်နယ်များတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)