သတင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို YMBA က ရာသက်ပန်နာယကကြီးဘွဲ့ ပေးအပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဗုဒ္ဓကလျာဏယုဝအသင်းကြီး(YMBA) က ‘မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့နှင့် အသင်း၏ ရာသက်ပန်နာယကကြီးဘွဲ့ကို ရန်ကုန်မြို့တွင် ယနေ့ ပေးအပ်လိုက်သည်။

YMBA အသင်းကြီးက ဗိုလ်ချုပ်မှူးကြီးအား ဘွဲ့တံဆိပ်ပေးအပ်ရန် စီစဉ်နေကြောင်း သတင်းထွက်ပြီး ရက်အနည်းငယ်အကြာတွင် YMBA အသင်းကြီး၏ ဥက္ကဋ္ဌ ဦးရဲထွန်းက ယခုလို ပေးအပ်လိုက်ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၂ ရက်က ဗိုလ်ချုပ်မှူးကြီးအား လိပ်မူပြီး ပေးပို့သည့် ဘွဲ့တံဆိပ်ပေးအပ်ရန်အတွက် ရက်သတ်မှတ်ပေးရန် တင်ပြစာတွင် ဘွဲ့ပေးလိုသည့်အချက်များ ထည့်သွင်းဖော်ပြထားသည်။

ဘွဲ့တံဆိပ်ပေးအပ်ရသည့် အကြောင်းရင်းများထဲတွင် အမျိုးဘာသာ၊ သာသနာနှင့် ပညာကို စောင့်ရှောက်ခြင်း၊ ခေတ်မီတပ်မတော်တည်ဆောက်နိုင်ခြင်း၊ သာသနာရေးဆိုင်ရာကိစ္စများ၊ တိုင်းပြည်တည်ငြိမ်ရေး၊ ပြည်သူများ၏ အသက်အိုးအိမ်ကို စောင့်ရှောက်ခြင်းနှင့် ဘာသာ၊ လူမျိုး မခွဲခြားဘဲ လူသားချင်းစာနာသော ခေါင်းဆောင်ဖြစ်ခြင်း စသည့် အချက်များလည်း ပါဝင်သည်။

ဘွဲ့လက်ခံရယူစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဟဇာတရှိသည့် ပေါင်းစည်းညီညွတ်ပြီး အပြန်အလှန်လေးစားမှုရှိသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဆိုလျှင် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များမှာ နိုင်ငံတကာဖိအားများကို ရင်ဆိုင်နေရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင်များကို လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် ဥပဒေမဲ့ရှင်းလင်းဖယ်ရှားမှုများ အပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များကြောင့်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်လေးဦးနှင့် မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုက ယခုနှစ် ဇူလိုင်လတွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ယင်းအပြင် ဖေ့စ်ဘွတ်ကုမ္ပဏီကလည်း တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စာမျက်နှာအပါအဝင် နှင့် တပ်မတော်နှင့်ဆက်စပ်သည့် အကောင့်များကို အမုန်းစကား ဖြန့်ချိမှုကြောင့်ဟုဆိုကာ ယမန်နှစ် ဩဂုတ်လမှစ၍ ၎င်းတို့လူမှုကွန်ရက်မှ အပြီးအပိုင် ဖယ်ရှားခဲ့သည်။

YMBA က ပေးအပ်သည့် အဆိုပါဘွဲ့များ မရရှိခင် ပြီးခဲ့သည့်လပိုင်းက တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ မြန်မာနိုင်ငံရှိ ဘာသာရေးအသိုင်းအဝိုင်း အသီးသီးထံသို့ သွားရောက် တွေ့ဆုံ လှူဒါန်းမှုများ ရှိခဲ့သည်။

မြန်မာနိုင်ငံရှိ ခရစ်ယာန်များအား မြန်မာစစ်အစိုးရက ညှဉ်းပန်းနှိပ်စက်နေကြောင်း သမ္မတထရမ့်ထံ ထုတ်ဖော်ပြောဆိုခဲ့သည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention – KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလန်ဆမ်ဆွန်ကို ယခုနှစ် ဇူလိုင်လက တပ်မတော်က တရားစွဲဆိုခဲ့သော်လည်း ရက်ပိုင်းအတွင်း အမှုရုပ်သိမ်းကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ၎င်းကို တွေ့ဆုံခဲ့သည်။

ယင်းအပြင် ယခုလပိုင်းအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များကို လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

သက်တမ်းနှစ်ပေါင်း ၁၁၃ နှစ် ရှိပြီဖြစ်သည့် YMBA အသင်းကြီးသည် လွတ်လပ်ရေးမရမီက လွတ်လပ်ရေးကြိုးပမ်းမှုများ လုပ်ဆောင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။

Show More

Related Articles

Back to top button