
အာဏာသိမ်းစစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးဆိုသူတို့၏ရန်ကြောင့် မန္တလေးတိုင်း တောင်သာမြို့နယ် စံဦးကျေးရွာတွင် မိမိအိမ်လုံခြုံရေးအတွက် ခြံဝင်းခတ်၊ အိမ်တံခါးများပြုပြင်ကြရန် အခြေအနေမပေးကြောင်း ဒေသခံတို့က Myanmar Now ကို ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီး ၄ လအကြာ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း လုံခြုံရေးအတွက် ခြံခတ်၊ တံခါးပြင်သူတို့ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်တို့က ခြိမ်းခြောက်ခဲ့ကြကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဆက်သွယ်သူဟုလည်း စွပ်စွဲကြကြောင်း အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဒါတွေလုပ်တာ သူတို့ကို ပုန်ကန်တာ၊ တော်လှန်တာဆိုပြီးတော့ PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ပြေးရတာ။ အိမ်တံခါးတွေရာ ရွာတံခါးတွေရော မလုပ်ရဲကြတာ အဲ့ကတည်းကပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
ထိုစဉ်က ကျေးရွာလုံခြုံရေးအတွက် ခြံဝင်းများခတ်ရန်၊ အိမ်တံခါးများပြုပြင်ရန် ဦးဆောင်ခဲ့ကြသည့် စံဦးရွာခံ ၈ ဦးကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်ဆိုသူတို့က ခြိမ်းခြောက်ခြင်းကြောင့် တိမ်းရှောင်ခဲ့ရသည်ဟုလည်း ဒေသခံတို့က ဆိုသည်။
ထိုအခြေအနေများကြောင့် တောင်သာမြို့နှင့် ၁၂ မိုင်အကွာရှိ လူဦးရေ ၁,၃၀၀ ခန့် နေထိုင်သည့် စံဦးရွာ ဒေသခံတို့ မလုံမခြုံခံစားနေရကြောင်းလည်း အသက် ၃၆ နှစ်အရွယ် ရွာခံအမျိုးသမီးက Myanmar Now ကို ပြောသည်။
“ညဘက်ရောက်ပြီဆို ခွေးဟောင်သံကြားပြီဆိုတာနဲ့ မအိပ်ရပါဘူးရှင်။ အခုဆို ကျွန်မတို့ ညည ကောင်းကောင်းမအိပ်ရဲဘူး။ ရွာတွေရဲ့ အိမ်တံခါးအခြေအနေက လွယ်လွယ်ကူကူဝင်လို့ ကျော်လွှားလို့ရတဲ့ အခြေအနေပေါ့” ဟု ပြောသည်။
“သူတို့ကို ပုန်ကန်တယ်ဆိုလို့ တံခါးတွေလည်း မလုပ်ရဲပါဘူးရှင့်။ ခြံဝင်းတံခါးတွေ မပြင်ရဲပါဘူးရှင့်”
ကျေးရွာဒေသခံတို့ မလုံမခြုံဖြစ်နေသည့် အခြေအနေတွင် ပျူစောထီးအဖွဲ့ခေါင်းဆောင်ဆိုသူက ကျေးရွာနေအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် မတ်လ ၂၉ ရက် ညသန်းခေါင်အချိန်က ကြိုးပမ်းခဲ့သည်ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တောင်သာမြို့နယ် အလုပ်အမှုဆောင်နှင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးဇော်ထွေးက ပြောသည်။
အဓမ္မပြုကျင့်ရန် ကြိုးပမ်းသူသည် စံဦးရွာ၏ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။ သူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် လုပ်ကိုင်ခဲ့သလို အာဏာသိမ်းမှုထောက်ခံသည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူဟုလည်း ဆိုသည်။
ထိုသို့သော အခြေအနေများကြောင့် ကိုယ်တိုင်လုံခြုံရေး စိုးရိမ်နေရသလို ရွာ၏ လုံခြုံရေးအတွက်လည်း စိတ်မချရကြောင်းလည်း နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅- က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဇော်ထွေးက ဆိုသည်။ ဦးဇော်ထွေး၏ အိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ် အောက်တိုဘာဒုတိယပတ်က မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။
စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့ဟု ခေါ်ပြီး အရပ်သားများက ပျူစောထီးအဖွဲ့ဟု ခေါ်ကြသော ထိုလက်နက်ကိုင်တို့ကြောင့် ရွာတွင် နေထိုင်သူများ ကူရာမဲ့အခြေအနေနှင့် ရင်ဆိုင်နေရကြောင်းလည်း လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“ဘယ်မှလည်း တိုင်ကြားလို့ မရဘူး။ နောက်ဆက်တွဲ အသက်အန္တရာယ်အထိ ကြောက်နေရတဲ့အတွက် ဘယ်မှလည်း တိုင်လို့မရဘူး။ အခု ပျိုပျိုအိုအို သူတို့ရဲ့ အန္တရာယ်ကို ကြောက်နေရတာရှင့်။ ဘယ်သူမှလည်း အရေးယူပေးခြင်း မရှိဘူး။ ဘယ်မှလဲ မတိုင်ရဲတာပါရှင်” ဟု ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိတော့သည့် အခြေအနေတွင် စံဦးကျေးရွာသို့ စစ်ကောင်စီတပ်များ ပြီးခဲ့သည့်နှစ် နိုဝင်ဘာတတိယပတ်အတွင်း ဝင်ရောက်လာပြီးနောက် ရွာကို မီးရှို့မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
ခြံစည်းရိုးကာ တံခါးပြင်ဆင်မှုကို ဟန့်တားသည်၊ မတရားကျင့်ရန် ကြိုးစားသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် ပျူစောထီးတို့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များဖြစ်သော မတ္တရာ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ အိမ်ခြေ ၃၈ လုံးကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များ မီးရှို့ခဲ့သည်ဟု Data For Myanmar အဖွဲ့က ထုတ်ပြန်သည့်စာရင်းတွင် ဖော်ပြသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူတို့၏ အိမ်ပေါင်း ၈,၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်ဟု ထိုအဖွဲ့က မှတ်တမ်းတင်ထားသည်။
စစ်ကောင်စီကမူ အိမ်မီးရှို့သူတို့မှာ ၎င်းတို့ကို လက်နက်ကိုင်ခုခံသည့် အကြမ်းဖက်သမားတို့၏လက်ချက်ဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။
အာဏာသိမ်းပြီးနောက် ရပ်ကွက်ကျေးရွာများအတွင်းသို့ သူခိုးများ၊ လူဆိုးများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တတ်သဖြင့် လုံခြုံရေးစိုးရိမ်နေရသည့် အခြေအနေတွင် နယ်မြို့များသာမက ရန်ကုန်မြို့တွင်းတွင်လည်း ရပ်ကွက်လုံခြုံရေးအတွက် ခြံခတ်၊ သဲအိတ်များကာရံကာ ရပ်ကွက်နေပြည်သူများက အလှည့်ကျ ကင်းစောင့်ခဲ့ကြသည်။
ကိုယ်ထူကိုယ်ထ ပြုလုပ်ထားကြသည့် ရပ်ကွက်ခြံဝင်းတံခါးများကို စစ်ကောင်စီတပ်သားတို့က ဖျက်ဆီးပစ်ခဲ့သလို ရပ်ကွက်နေသူများကို သေနတ်ပြခြိမ်းခြောက်ကာ လုံခြုံရေးသဲအိတ်များ၊ ရပ်ကွက်လုံခြုံရေးခြံတံခါးများကို ဖျက်သိမ်းစေခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့လက်ချက်ဖြင့် သေဆုံးသည့် အရပ်သားများထဲမှ ၁၇၂၃ ဦး၏ အချက်အလက်များကို ရရှိထားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (AAPP) က ဧပြီ ၁ တွင် ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံခဲ့ရသူများထဲမှ ၁၃၀၄၀ ဦး၏ အချက်အလက်ကိုလည်း မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။
မဲစာရင်းအကြောင်းပြ အာဏာသိမ်းထားသော စစ်ဗိုလ်ချုပ်ကြီးများက ထိုအသင်းက ထုတ်ပြန်သော သေဆုံးအရေအတွက် မှားနေသည်ဟု တုံ့ပြန်ခဲ့ဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)