
အသက်မပြည့်သေးသည့် မသန်စွမ်းကလေးငယ်တစ်ဦး တပ်မတော်သားအဖြစ် စုဆောင်းခံရကြောင်း မိသားစုဝင်များ၏တိုင်ကြားစာတစ်စောင် လက်ခံရရှိခဲ့ပြီး ယင်းပြဿနာကို စုံစမ်း စစ်ဆေးပေးရန် လူ့အခွင့်အရေးကော်မရှင် နှင့် လူမှုဝန်ထမ်းဦးစီးဌာနကို အကြောင်းကြားထားကြောင်း မသန်စွမ်းအရေး လှုပ်ရှားသူများက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သမင်ခြံကျေးရွာဇာတိ အသက် ၁၆ နှစ် ရှိ မောင်သက်မင်းပိုင်သည် အကြားအာရုံမသန်စွမ်းသူဖြစ်ပြီး အစ်ကိုဖြစ်သူနှင့်အတူ ထားဝယ်မြို့ရှိ ရော်ဘာခြံတစ်ခြံတွင် အလုပ်လုပ်နေရင်း စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသည်ဟု ၎င်းတို့၏ မိခင်က စာရေးသားတိုင်ကြားကြောင်း ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည်မြို့နယ် မသန်စွမ်းရှေ့ဆောင်အဖွဲ့ချုပ် (MILI) ဥက္ကဋ္ဌ ဦးလှမျိုးအောင်က Myanmar Now ကို ဇွန်လ ၁၉ ရက်နေ့တွင် ပြောသည်။
“ဒီကလေးဟာ မသန်စွမ်းလည်းဖြစ်တယ်။ အသက်လည်း မပြည့်သေးဘူး။ ဒီလိုကလေးမျိုး တပ်ထဲရောက်ရင် အများကြီးဒုက္ခရောက်နိုင်တယ်” ဟု မောင်သက်မင်းပိုင်အား အကြားအာရုံ မသန်စွမ်းသူဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၂ ခုနှစ်တွင် ကိုယ်တိုင် ထုတ်ပေးခဲ့သည့် ဦးလှမျိုးအောင်က ပြောသည်။
မောင်သက်မင်းပိုင်၏ အစ်ကိုဖြစ်သူမှာမူ သန်စွမ်းသူတစ်ဦးဖြစ်သည့်အပြင် အသက် ၁၉ နှစ်ရှိပြီဟု ၎င်းတို့မိခင်က ပြောသည်။ ၎င်းတို့မိခင် ဒေါ်မြင့်မြင့်ဦးက ၎င်းတို့မိသားစုတွင် တပ်သားသစ်အဖြစ် စုဆောင်းခံထားရသော သားနှစ်ဦးအပြင် ကျောင်းနေအရွယ် ကလေးသုံးဦးရှိကြောင်း၊ ၎င်းတို့ မိသားစုသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ရော်ဘာခြံ တစ်ခြံတွင် အလုပ်လုပ်ရန် ပြီးခဲ့သည့်နှစ်က ဇာတိ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ခွာလာခဲ့ကြောင်း Myanmar Now ကို ပြောသည်။
ထိုသို့သွားရောက်လုပ်ကိုင်နေရင်း ပြီးခဲ့သည့် သုံးလခန့်က ခြံပိုင်ရှင်က ဒေါ်မြင့်မြင့်ဦး၏ သားနှစ်ဦးအတွက် လစာကောင်းပြီး လူသက်သာသည့် အလုပ်တစ်ခုရှိသည်ဟု ကမ်းလှမ်းခဲ့ ကြောင်း၊ ယင်းနောက် အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ရောက်လာခဲ့ပြီး ၎င်း၏သားနှစ်ဦးနှင့် အခြားရော်ဘာခြံလုပ်သားအမျိုးသားတစ်ဦးတို့ကို သန့်ရှင်းရေး အလုပ်လုပ်ရမည်၊ လစာ ကျပ် ၁၃၀,၀၀၀ ရမည်ဟု ဆိုကာ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေါ်မြင့်မြင့်ဦးက ပြောသည်။
၎င်း၏ သားနှစ်ဦးကို ခေါ်ဆောင်သွားပြီး ၁၀ ရက်ခန့်အကြာတွင် လာရောက်ခေါ်ဆောင်သွားသူ ကျော်လင်းထွန်းဆိုသူ၏ နေအိမ်သို့ သုံးကြိမ်ထက်မနည်း သွားရောက်တွေ့ဆုံရာ ကလေးများနှင့် တွေ့ခွင့်မရခဲ့ဟု ဒေါ်မြင့်မြင့်ဦးက ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
“ကျွန်မ သွားတွေ့တော့ ကလေးတွေက ကွန်ပျူတာသင်တန်း တက်နေတယ်ဆိုပြီး ပြောတယ်။ နောက်ကျမှ ကျွန်မကလေးတွေနဲ့အတူ (တပ်သားသစ်စုဆောင်းခံရတဲ့) ကလေးနောက် တစ်ဦးက ဆေးကျလို့ ပြန်လာတာ။ သူပြောပြလို့ ကျွန်မ ကလေးတွေ စစ်တပ်ထဲ ရောက်နေတာ ဆိုပြီးသိရတာ” ဟု Myanmar Now ကို ပြောသည်။
၎င်း၏သားနှစ်ဦးသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ တပ်မတော်လေ့ကျင့်ရေးတပ်သို့ ရောက်ရှိနေသည်ဟု သိရသဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က သွားရောက်တွေ့ဆုံသည့်အခါ သင်တန်းကာလ မပြီးသေးသဖြင့် သင်တန်းဆင်းပြီးမှသာ အသနားခံစာတင်ပို့၍ ပြန်လည်ခေါ်ယူရနိုင်မည်ဖြစ်ကြောင်း ပြောသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် ၎င်း၏အမျိုးသား ဆုံးပါးသွားခဲ့သည့်အတွက် အဆိုပါသားနှစ်ဦးကိုသာ စားဝတ်နေရေးအတွက် မှီခိုနေရခြင်းကြောင့် သားနှစ်ဦး ပြန်လာရန်မျှော်လင့်ကြောင်း ပြော သည်။
“ဖြစ်နိုင်ရင်တော့ နှစ်ယောက်စလုံး ပြန်ခေါ်ချင်တာပေါ့။ ကိုယ်နဲ့တွေ့တော့ ကလေးက တငိုငိုတရီရီ နဲ့။ အဲဒါ နောက်အပတ်ကျရင် သားကို အမေ ပြန်လာခေါ်ပါ့မယ်ဆိုပြီး ထားခဲ့ရတယ်” ဟု ဒေါ်မြင့်မြင့်ဦးက ပြောသည်။
ဒေါ်မြင့်မြင့်ဦးအနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (အိုင်အယ်အို) သို့ မတိုင်ကြားထားရသေးဟု ပြောသည်။
အဆိုပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပေးရန်နှင့် မှန်ကန်ပါက တပ်မှ ပြန်လည်နုတ်ထွက်ခွင့်ရရှိရေး အကူအညီပေးရန် မိခင်ဖြစ်သူ၏ တိုင်ကြားစာကို နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီး ဌာနနှင့် ရန်ကုန်ရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ အီးမေးလ်၊ ဖက်စ် ဖြင့် ယနေ့ တစ်ဆင့်ခံပေးပို့ခဲ့သည်ဟု မသန်စွမ်းအရေးလှုပ်ရှားနေသည့် ရန်ကုန်မြို့မှ ဦးရဲဝင်းက ပြောသည်။
တိုင်ကြားထားသည့် အီးမေးလ်ကို လက်ခံရရှိသည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးသူရကျော်က Myanmar Now ကို ဇွန်လ ၂၀ ရက်နေ့တွင် အတည်ပြုသည်။ လုပ်ထုံးလုပ်နည်းအရ အစည်းအဝေးတင်ပြရမည်ဖြစ်ပြီး လာမည့် စနေ တနင်္ဂနွေ နောက်ဆုံးထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ မဖြစ်ဖြစ်အောင် တင်ပြမည်ဟု ၎င်းက ပြောသည်။
အသက်မပြည့်သေးသူများကို ကလေးစစ်သားအဖြစ် စုဆောင်းသည့် နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (အိုင်အယ်အို ) နှင့် ပူးပေါင်းကာ ကလေးစစ်သားများကို တပ်မှ ပြန်နုတ်ထွက်ခွင့်ပြုရန်နှင့် ကလေးစစ်သားစုဆောင်းမှု ပပျောက်ရန် နားလည်မှုစာချွန်လွှာများ ရေးထိုးကာ ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု နီးပါးရှိပြီ ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှဝါနာ ဘာဂီနာနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအား ငယ်ရွယ်သူ ကလေးစစ်သားအသုံးပြုသည့်နိုင်ငံစာရင်းမှ ပယ်ဖျက်ပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။
ကလေးစစ်သားများ ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကလေးစစ်သား ၈၇၇ ဦးကို ၎င်းတို့ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးခဲ့သည် ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ဖြေကြားထားကြောင်း ဧပြီလထုတ် ‘ကြေးမုံ’သတင်းစာတစ်စောင်တွင် ဖော်ပြခဲ့သည်။
ကလေးစစ်သား စုဆောင်းသူ တပ်မတော်သား ၄၇ ဦးကိုလည်း အရေးယူထားသည်ဟု ပါရှိသည်။ သို့သော်လည်း မည်သို့ အရေးယူထားသည်ကိုတော့ ဖော်ပြထားခြင်း မရှိပေ။
ထို့ပြင် တပ်မတော်သို့ ဝင်ရောက်စဉ်တွင် အသက် ၁၈ နှစ် မပြည့်သူများ မပါရှိစေရန် အရိုးဓာတ်မှန်ရိုက်ခြင်းဖြင့် အသက်အရွယ်ပိုင်းခြားသည့် စနစ်ကို အသုံးပြုနေပြီး ကလေးစစ်သား ပပျောက်ရေးအတွက် တိုင်းစစ်ဌာနချုပ်များ အစီအစဉ်ဖြင့် နှစ်လတစ်ကြိမ် သင်တန်းဖွင့်လှစ်သင်ကြားနေပြီး သင်တန်းတက်ခဲ့သူ တပ်မတော်သား ဦးရေ ၂၉,၅၈၀ ရှိပြီဟု ပါရှိသည်။