သတင်း

အင်းစိန်ထောင်တွင် နေရာစုံ CCTV တပ်ကာ အရှက်သိက္ခာခြိမ်းခြောက်နေဟုဆို

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း CCTV လုံခြုံရေးကင်မရာ တပ်ဆင်ထားမှုကို ထောင်ဝန်ထမ်းတို့က အခွင့်ကောင်းယူကာ အရှက်သိက္ခာ ခြိမ်းခြောက်မှုများအပါအဝင် နည်းမျိုးစုံသုံး၍ ဖိနှိပ်နေကြောင်း နိုင်ငံရေးအကျဉ်းသားအချို့ ပြင်ပသို့ ပို့လိုက်သည့် စာတစ်စောင်တွင် ဖော်ပြထားသည်။  

Myanmar Now က ဖတ်ရှုရသည့် စာကြောင်းရေ ၂၂ ကြောင်း ပါဝင်ပြီး တွန့်ကြေနေသည့် နှစ်မျက်နှာပါ စာကို အင်းစိန်ထောင်အတွင်းမှ လျှို့ဝှက်စွာရရှိကြောင်း ယုံကြည်ထိုက်သည့် အကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။

အိပ်ဆောင်တွင် CCTV တပ်ထားသည်ကို အခွင့်ကောင်းယူ၍ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ ပြောဆိုမှုများကို အမျိုးသားအဆောင်၌ပင် ထောင်ဝန်ထမ်းတို့က ကျူးလွန်သည်ဟု ထိုစာတွင် ရေးထားသည်။

“ဒီကောင်တွေ နောက်ပိုင်း xxxxxx ပြောရဲပြောကြည့်၊ အိပ်နေတုန်း ဖင်ပေါ်တဲ့ပုံတွေနဲ့ ဖွပစ်မယ်” ဟု ထောင်ဝန်ထမ်းတို့က ပြောလေ့ရှိကြောင်း ထိုစာက ဆိုသည်။

အင်းစိန်ထောင်တွင် မတ် ၉ ရက်မှစ၍ ညစဉ် လျှပ်စစ်မီးဖြတ်ကြောင်း၊ ထိုအချိန်ရောက်သည်နှင့် အကျဉ်းသား၊ အချုပ်သားများထဲမှ နှစ်ဦးကို ထောင်ဝန်ထမ်းတို့က ရွေးကာ “အိပ်ဆောင်အားလုံး ဘေးကင်းပါတယ် ဆရာ” ဟု မိုးလင်းသည်အထိ အဆက်မပြတ်‌အော်ခိုင်းကြောင်း ထိုစာတွင် ပါဝင်သည်။

စတင်အော်ရချိန် ၂ နာရီခန့်ကြာ၍ တောက်လျှောက်အော်ရန် ခက်လာသဖြင့် အသံတိမ်၊ မပီမသဖြစ်လျှင် ထောင်ဝန်ထမ်းတို့ ရောက်လာ၍ “မင်းတို့ PDF တွေ တာဝါတိုင်ချိုးလို့ မီးပျက်တာ အော်။ နားငြီးတာတို့၊ တိုးတိုးအော်ခိုင်းတာတို့ ပြောတဲ့လူ မှတ်ထား” ဟု ကြိမ်းမောင်းလေ့ရှိသည်ဟု ထိုစာတွင် ရေးသားထားသည်။

“အင်းစိန်ထောင်အတွင်း ဒုတိယတာဝန်ခံအရာရှိ (ထောင်ပိုင်လေး) ဖြစ်သူမှာ ၎င်းကြည့်မရသော နိုင်ငံရေးအကျဉ်းသားများအား ထောင်အတွင်းရှိ လူမိုက်များကို ရိုက်နှက်ခိုင်းခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရပါသည်” ဟုလည်း ထိုစာက ဆိုသည်။

ထို့ပြင် လက်ထောက်ကြီးကြပ်ရေးမှူး ဦးမျိုးခိုင်နှင့် ဦးမြင့်ဝင်းအောင်တို့ကလည်း ၎င်းတို့မသင်္ကာသည့် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ကာ စုံခုံဖွဲ့စစ်ဆေးမှုများရှိနေကြောင်း တစ်ပါတည်း ထည့်သွင်း အသိပေးထားသည်။

စာရေးသားသည့် နိုင်ကျဉ်းများမရှိသည့် အခြားအိပ်ဆောင်များတွင် ထိုသို့လုပ်ဆောင်မှု ရှိမရှိ ရှင်းလင်းစွာမသိရပေ။

အကျဉ်းသားတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားသည့် အထက်ပါ အကျဉ်းထောင်နှင့် နီးစပ်သူ၏ အဆိုအရ အင်းစိန်ထောင်အတွင်း အမျိုးသမီးအိပ်ဆောင်ပါမချန် အိမ်သာ၊ အိပ်ခန်း၊ ရေချိုးကန် နေရာစုံတွင် CCTV တပ်ထားသည်ဟု သိရသည်။

“အကျဉ်းသားတွေအကုန်လုံး စောင့်ကြည့်ခံရပါတယ်။ မိန်းကလေးတွေဆို စောင့်ကြည့်ခံရပါတယ်။ (CCTV) တပ်ထားတဲ့အတွက် ရေချိုးရင်လဲ အဆင်မပြေပါဘူး။ ဆော်ဩပေးပါ” ဟု ၎င်းက ပြောသည်။ 

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များ နာမည်ဆိုးဖြင့် ပြန်၍ ကျော်ကြားနေရာ အင်းစိန်ထောင်သည် ထိပ်ဆုံးမှ ပါဝင်သည်။

နိုင်ငံရေးအကျဉ်းသားများကို ပြင်းထန်စွာ ဒဏ်ရာရသည်အထိ နှိပ်စက်သည့် ဖြစ်စဉ်များ၊ လုံလောက်စွာ ဆေးကုသခွင့်မပြုသည့် ကိစ္စများမှာ အင်းစိန်ထောင်နှင့် ပတ်သက်၍ ထင်ရှားသည်။

အထက်ပါကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပါ။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် မတ်လ ၂၄ အထိ စစ်ကောင်စီက ဖမ်းဆီးသူ ၁၂၉၄၉ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းက ဆိုသည်။

ထိုကိန်းဂဏန်းများမှာ ချဲ့ကားလွန်းသည်ဟု စစ်ကောင်စီဘက်က ပြောလေ့ရှိသော်လည်း လက်လှမ်းမီသလောက် ကောက်ယူခြင်းသာဖြစ်၍ ထို့ထက်များနိုင်သည်ဟု AAPP က တုံ့ပြန်ထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button