
စစ်ကိုင်းတိုင်းအနောက်ခြမ်း ချင်းပြည်နယ်အစပ်ရှိ ကလေးမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသောကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် လေးရက်ဆက်တိုက်ပွဲဖြစ်နေပြီး ကျေးရွာသုံးရွာကို စစ်တပ်က မီးရှို့ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး စသည့် ကျေးရွာများကို စစ်ကောင်စီတပ်က အင်အား ၃၀၀ နီးပါးဖြင့် မတ် ၁၄ ရက်မှစ၍ ထိုးစစ်တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဒေသခံ PDF အဖွဲ့ဝင်နှစ်ဦးနှင့် ဒေသခံတစ်ဦးထံမှ သိရသည်။
“စစ်တပ်ကကားကို မိုင်းဆွဲတိုက်ခိုက်တယ်။ ထိတွေ့မှုဖြစ်ရင် လက်နက်အင်အားမမျှတော့ ပြောက်ကျားတိုက်ခိုက်မှုတွေ လုပ်တယ်။..စစ်တပ်က သူတို့စစ်ကြောင်းထိုးလာတဲ့ အနားရွာတွေကို မီးရှို့လေ့ရှိပါတယ်။ အခုပဲ အောင်ချမ်းသာရွာကို စတင်မီးရှို့နေပါပြီ” ဟု ယနေ့ (မတ် ၁၇) နံနက်ပိုင်း ဆက်သွယ်မေးမြန်းရာတွင် ကလေး PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကလေးမြို့မှ ၁၆ မိုင်ခန့်အကွာရှိ အောင်ချမ်းသာရွာ မီးရှို့ခံရမှုနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။
စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ PDF ပူးပေါင်းအဖွဲ့များက မတ် ၁၄ နှင့် ၁၅ တွင် နှစ်ရက်ဆက် အကြိမ်အကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အထိနာသည့်စစ်တပ်က နတ်ချောင်းနှင့် နတ်မြောင်းရွာကို မီးဝင်ရှို့ခဲ့ရာ အိမ် ၃၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း ကလေး PDF က ဆိုသည်။
လက်နက်နှင့် လူအင်အား သာလွန်သည့် စစ်ကောင်စီတပ်ကို တိုက်မိုင်း၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်နေကြောင်း ကလေး PDF က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ကလေးမြို့တောင်ပိုင်းကျေးရွာများတွင် တိုက်ပွဲဖြစ်နေစဉ် ၁၃ မိုင်အကွာရှိ ကလေးနည်းပညာတက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ကူပေးသည်ဟုလည်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းမှာ ကား ၁၄ စီးပါဝင်ပြီး လက်နက်ကြီးလက်နက်ငယ်မျိုးစုံနှင့် အာပီဂျီ ပခုံးထမ်းလောင်ချာများလည်း ပါဝင်သည့်အတွက် အင်အားမမျှဖြစ်နေကြောင်း ကလေး PDF အဖွဲ့ဝင်က ဆိုသည်။
“ကလေးမြို့အမြောက်တပ်ကကို စစ်ကူပေးတယ်။ လက်နက်အင်အား မမျှတတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ခြင်းပဲ အဓိကလုပ်ဆောင်ရတယ်” ဟု ၎င်းက ပြောသည်။
လေးရက်ဆက်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံ PDF အဖွဲ့များက ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ကလေးဒေသခံအခြေစိုက် PDF များနှင့် ပူးပေါင်းတိုက်ခိုက်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟုလည်း သိရသည်။

တိုက်ပွဲများကြောင့် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံ များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကူညီဆောင်ရွက်ပေးနေသူ ကလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“တချို့တွေက တောတွေထဲကို ရှောင်ကြတယ်။ နတ်မြောင်းဘုန်းကြီးကျောင်းမှာ ရှောင်ကြတယ်။ နတ်ချောင်းက တော်တော်များများကတော့ ကလေးမြို့ကို တော်တော်များများက ပြောင်းကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်လာသူများကို ကူညီပေးနေသည့် ထိုအမျိုးသားက ပြောသည်။
ကလေးမြို့တောင်ပိုင်းတွင် စစ်ရေးတင်းမာနေပြီး ထိတွေ့မှုများဖြစ်ပေါ်နေရာ ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုရန် ကလေး PDF က ယနေ့ စာထုတ်ပြန်သည်။
ထိုသို့ တိုက်ပွဲဖြစ်နေသော်လည်း ကလေးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နေ့စဉ်မပြတ်ပေါ်ထွက်နေဆဲဖြစ်ကာ ယနေ့တွင်လည်း ဆန္ဒပြသပိတ်စစ်ကြောင်း ရှိသည်။
စစ်ကိုင်းတိုင်းအနောက်ပိုင်းအစွန်ရှိ ကလေးမြို့နယ်တွင် ကျေးရွာပေါင်း ၁၀၀ ကျော်ရှိသည့်အနက် ၇၀ ရာခိုင်နှုန်း နယ်မြေစိုးမိုးမှု ရရှိထားကြောင်း ကလေး PDF ၏ ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ချက်က ဆိုသည်။
မြို့ကြီးလေးမြို့မှအပ စစ်ကိုင်းတိုင်းတစ်ခွင်လုံးကို အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ကောင်စီက အပြင်းအထန် ထိုးစစ်တိုက်ခိုက်နေပြီး ၎င်းတို့စစ်ကြောင်းနှင့် ထိတွေ့ရာတစ်လျှောက်ရှိ ကျေးရွာများကိုလည်း နေ့စဉ်နှင့်အမျှ မီးရှို့ဖျက်ဆီးနေသည်။
အာဏာသိမ်းစစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ ကျူးလွန်နေပြီး၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း အဆမတန်ဖြစ်နေသည်ဟု ကုလသမဂ္ဂက မတ် ၁၅ တွင် ထုတ်ပြန်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)