သတင်း

အဂတိတိုက်ဖျက်ရေးကော်မရှင် ဒေါ်ညိုညိုသင်းတိုင်ကြားချက်ကို ကိုင်တွယ်နိုင်မှာလား

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အစီရင်ခံစာတွင် တွေ့ရှိခဲ့သည့် နိုင်ငံ့ဘဏ္ဍာနစ်နာမှုများအား အဂတိတိုက်ဖျက်ရေးကော်မရှင်က စိစစ်မည်ဟု မျှော်လင့်ကြောင်း ရန်ကုန် လွှတ်တော်အမတ်ဟောင်း ဒေါ်ညိုညိုသင်းကဆိုသည်။

ရန်ကုန်တိုင်းအတွင်း နိုင်ငံပိုင်မြေနေရာများ ပုဂ္ဂလိကသို့ ဈေးပေါပေါဖြင့် ငှားရမ်းခဲ့ခြင်းနှင့် ဒါဇင်နှင့်ချီသော မြေကွက်များအား စီမံကိန်းအကြောင်းပြ လွှဲပြောင်းပေးမှုများအပါအဝင် နိုင်ငံ့ဘဏ္ဍာ ကျပ်ဘီလျံပေါင်းများစွာ နစ်နာနေသည့် အဆိုပါအစီရင်ခံစာပါ တွေ့ရှိချက်များအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကြားဝင်စုံစမ်းဖော်ထုတ်ပေးရန် သူက အလိုရှိနေသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ပုဒ်မ ၁၇ (ဈ) တွင် “အဂတိလိုက်စားမှု ရှိကြောင်း ကျော်စောသတင်း တစ်ရပ်ရပ်ကို ကော်မရှင်သည် သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားပြီး အဆိုပါအချက်ဖြင့် စစ်ဆေးအရေးယူမှု ပြုလုပ်ရန် လုံလောက်သောအချက်များဟု ဂျပန်ယိုကိုဟားမား အမျိုးသားတက္ကသိုလ်မှ ဥပဒေဒေါက်တာဘွဲ့ရ ဒေါ်ညိုညိုသင်းက ပြောသည်။

“ဥပဒေနဲ့အညီ တိုင်ကြားထားတယ်၊ သက်သေအထောက်အထားလည်း ခိုင်လုံတယ်၊ ကျော်စောသတင်းလည်းဖြစ်တဲ့အတွက်ကြောင့် အရေးယူဆောင်ရွက်မယ်လို့ထင်တယ်” ဟု သူက ပြောသည်။

ဒေါ်ညိုညိုသင်းပြောတဲ့ နစ်နာမှုများ

ရန်ကုန်စာရင်းစစ်ချုပ်အစီရင်ခံစာမှ နိုင်ငံ့ဘဏ္ဍာနစ်နာသည်ဟု သူတွေ့ရှိခဲ့သော အချက်အလက်များကို ဒေါ်ညိုညိုသင်းက သူ၏ Facebook စာမျက်နှာမှတစ်ဆင့် ယမန်နေ့ညပိုင်းက ထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာအရ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အတွင်း လူပုဂ္ဂိုလ်တစ်ဦးတည်းကို ပေ၄၀ပေ၆၀ ရှိ မြေကွက် ၂၁ ကွက်စာ အကျယ်အဝန်းကို သက်သာတဲ့နှုန်းထားများနဲ့ ရောင်းချထားခြင်းအပါအဝင် နာမည်ကျော် ပုဂ္ဂလိကလုပ်ငန်းရှင်အချို့ကို စီမံကိန်းအကြောင်းပြ၍ မြေဧကထောင်ချီ ပေးအပ်ခဲ့သည်ဟု သူက ထောက်ပြသည်။

အဆိုပါလုပ်ရပ်သည် နိုင်ငံအတွက် ကြီးမားသည့်နစ်နာမှုဟု သူက ထောက်ပြပြီး မြေဂရန်ဝန်ဆောင်ခများ သတ်မှတ်ရာမှာ ဂရန်သစ်ဝန်ဆောင်ခနှုန်းနဲ့ မကောက်ခံသည့်အတွက် နိုင်ငံတော်ဝင်ငွေ အနည်းဆုံး ၄၁.၉၇ ဘီလျံကျော် နစ်နာ ခဲ့သည်ဟု အစီရင်ခံစာကို ကိုးကားပြီး ဒေါ်ညိုညိုသင်းက ပြောသည်။

ရန်ကုန်မြို့အထင်ကရနေရာများဖြစ်သည့် ပြည်သူ့ဥယျာဉ်၊ ကန်တော်ကြီး၊ ကန်တော်မင်နှင့် မြိုင်ဟေဝန် ဥယျာဉ်များအား ကာလပေါက်ဈေးထက် များစွာလျော့နည်းသည့် ပမာဏဖြင့် ငှားရမ်းထားခြင်းကြောင်း နိုင်ငံ့ဘဏ္ဍာဘီလျံချီနစ်နာကြောင်းလည်းသူကထောက်ပြထားသည်။

“ပြည်သူ့ငွေတွေ ဆုံးရှုံးမှုဖြစ်နေတာလေ ဒီငွေတွေ ပြန်ရမယ်ဆိုရင် အားကိုးရာမဲ့ ပြည်သူတွေကို ထောက်ပံ့နိုင်မယ်” ဟု သူက ဆိုသည်။

အဆိုပါနစ်နာမှုများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ (က)အပိုဒ်၂ ပါအဂတိလိုက်စားမှုအဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့် အကျုံးဝင်နေကြောင်း သူက ထောက်ပြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ (က)အပိုဒ်၂တွင် “မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက် သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ပိုင်ဆိုင်မှုကို တောင်းခံခြင်း ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း၊ ပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့်သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်း ပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းကို အဂတိလိုက်စားမှုဟု သတ်မှတ်ထား သည်။

ဒေါ်ညိုညိုသင်းက အဆိုပါတွေ့ရှိချက်များအား နေပြည်တော်အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ အီးမေးလ်ပို့ တိုင်ကြားထားပြီး ရက်ပိုင်းအတွင်း တိုင်စာကို စာတိုက်မှတဆင့် ပို့မည်ဟု ဆိုသည်။

အဂတိတိုက်ဖျက်ရေးနှင့် NLD အမတ်တချို့၏ တုံ့ပြန်မှု

ဒေါ်ညိုညိုသင်း၏တိုင်ကြားမှုများသည် ယခင်အစိုးရများလက်ထက်ကဖြစ်စဉ်များနှင့် NLD အစိုးရလက်ထက်ဖြစ်စဉ်များ ရောထွေးပါဝင်နေကြောင်း၊ အဆိုပါတိုင်ကြားချက်ကို အဂတိတိုက်ဖျက်ရေးကော်မရှင်ဘက်က အသေအချာ ကိုင်တွယ်ဖြေရှင်းရန် လိုကြောင်း ရန်ကုန်လွှတ်တော် သင်္ဃန်းကျွန်းအမတ် ဦးနေမျိုးကျော်(ခ) နေဘုန်းလတ်က ဆိုသည်။

“အစိုးရလို့ ဘယ်သူရယ်လို့ မဟုတ်ဘူး အဂတိလိုက်စားတာက အဂတိလိုက်စားတာပဲ။ တိုင်ကြားတဲ့သူရှိရင်တော့ ကိုင်တွယ်ဖြေရှင်းရမှာပဲ ” ၎င်းကပြောသည်။

ကော်မရှင်ပြောခွင့်ရအရာရှိ ဦးကျော်စိုးကတော့ တိုင်ကြားစာ တရားဝင်မရောက်သေးသည့်အတွက် သဘောထားမှတ်ချက် မပေးနိုင်ဟု ဆိုသည်။

ထင်ရှားသည့် ရန်ကုန်လွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ဒေါ်စန္ဒာမင်းက တိုင်းအစိုးရအနေဖြင့် ရရှိထားသည့် လုပ်ပိုင်ခွင့်ဘောင်ထဲမှ ကျော်လွန်လုပ်ဆောင်မှုများရှိလျှင် အရေးယူခံရနိုင်ကြောင်း သူ၏ထင်မြင်ချက်ကို ပြောသည်။

NLD ၏ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဇင်မာအောင်က စာရင်းစစ်ချုပ်၏ အစီအရင်ခံစာနှင့်ပတ်သက်ပြီး ဒေါ်ညိုညိုသင်း၏ တိုင်ကြားစာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် သေချာကိုင်တွယ်နိုင်မည်ဟု မျှော်လင့်နေသည်။

“ အဂတိလုပ်ရင် ဘယ်သူလုပ်လုပ် ကိုင်တွယ်ရမှာပဲ အစိုးရကလုပ်ရင် ပိုတောင် လုပ်ရမှာ ” ဟု ၎င်းကပြောသည်။

Show More

Related Articles

Back to top button