ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ၏ ကြည်းရေလေ ယတြာစစ်ဆင်ရေးများ

“လူကြီးပိုင်းတွေမှာ ဗေဒင်၊ ယတြာ၊ နတ်၊ နဂါး ကိုးကွယ်ယုံကြည်မှုတွေက မူးယစ်ဆေးစွဲနေကြသလိုကို ဖြစ်နေတယ်”

စိတ်ပျက်ပျက်နှင့် ညည်းတွားလာသူမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်နေသူ ရေတပ်မှ အုပ်ခွဲတပ်ကြပ်ကြီး မြတ်မင်းသူဖြစ်သည်။

စစ်ရေးလေ့လာနေသော Global Fire Power အဖွဲ့က ၁၄၂ နိုင်ငံတွင် စစ်လက်နက်နှင့် စစ်အင်အားတောင့်တင်းမှု အဆင့် ၃၉ ရှိသည်ဟု သတ်မှတ်ထားသည့် မြန်မာစစ်တပ်အတွင်း ဖြစ်ပျက်နေပုံကို CDM စစ်သည်က ပြောပြနေခြင်းပင်။

ကမ္ဘာ့အဆင့် ခိုင်မာတောင့်တင်းသော ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်က တဖွဖွပြောလေ့ရှိသော်လည်း လက်တွေ့တွင်မူ လောကီအစီအရင်ပိုင်းကို စိတ်အားထက်သန်သူဖြစ်ကြောင်း တွေ့ရသည်။

စစ်ခေါင်းဆောင်သည် ရေယာဉ်၊ လေယာဉ် စသည့် စစ်လက်နက်ပစ္စည်းများကို ဗေဒင်၊ ယတြာ အစီအမံများဖြင့် စီရင်လုပ်ဆောင်လေ့ရှိသည်။ 

မလုပ်ရဲတာ ဘာမှမရှိကြောင်း ပြောပြီး အာဏာသိမ်းခဲ့သော အသက် ၆၆ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း၏ ဗေဒင်၊ ယတြာ အစီအမံများအပေါ် ထားသည့် ယုံကြည်ရူးသွပ်မှုများက တိုင်းပြည် စစ်တလင်းဖြစ်နေချိန်မှာပင် ဖုံးကွယ်မထားနိုင်ခဲ့ပေ။

အာဏာဖီဆန်ကြသည့် ကြည်း၊ ရေ၊ လေ တပ်အရာရှိများ လွတ်မြောက်နယ်မြေသို့ ရောက်လာသည့်အခါ စစ်တပ်အတွင်း သူ့နည်းတူ ဗေဒင်၊ ယတြာ အလွန်ရူးသွပ်သော အရာရှိတို့၏ စီမံခန့်ခွဲမှုအလွဲများကြောင့် အောက်ခြေစစ်သည်များကြုံရသည့် ဒုက္ခအခက်အခဲများအကြောင်းကို  ထုတ်ပြောလာကြတော့သည်။

နဂါးစာကျွေး နတ်ပူဇော်ရသည့် ရေတပ်

စစ်ဗိုလ်ချုပ်များက အမျိုး၊ ဘာသာ၊ သာသနာ ကြွေးကြော်သော ခေတ်သစ်သံဃာတို့နှင့် အဆင်ပြေသကဲ့သို့ လောကီအစီအရင်အားသန်သော သံဃာတို့ကိုလည်း လူသိရှင်ကြား အားကိုးတတ်သည်။

တပ်ဖွဲ့ဝင်အင်အား ၄၀,၀၀၀ ခန့်ရှိသော စစ်ကောင်စီ၏ ရေတပ်သည် စစ်ရေယာဉ်တစ်စီး ဝယ်ယူ ပိုင်ဆိုင်လေ့ရှိသည့်အခါတိုင်း ဗေဒင်၊ ယတြာ၊ အခါတော်ပေး သံဃာတို့၏ အစီအမံများဖြင့်သာ လက်ခံလေ့ရှိသည်။

အနီးဆုံးဥပမာပြရလျှင် တောင်ကိုရီးယားနိုင်ငံ ဒေဆန်း(Dae Sun) သင်္ဘောကျင်းမှ ဆောက်လုပ်ပေးသော သင်္ဘောကို သွားယူစဉ်အချိန်က ဘုန်းကြီးရွေးပင့်ကြရကြောင်း ကိုယ်တိုင်စီစဉ်ပေးခဲ့ရသူ ရေယာဉ်အုပ်စုခွဲများ၏ အုပ်ခွဲတပ်ကြပ်ကြီး ကိုမြတ်မင်းသူက ပြောသည်။

“ဘယ်လောက်အယူသီးသလဲဆိုရင် ဘုန်းကြီးသွားပင့်တော့ ကိုရီးယားဘုန်းကြီး မရဘူးတဲ့။ ဗမာဘုန်းကြီးမှဆိုလို့ ဗမာဘုန်းကြီး မရရအောင်ရှာပြီးတော့ ကရိန်းတွေနဲ့ သယ်ပြီးတော့ သင်္ဘောပေါ်ရောက်အောင် သယ်ပြီးတော့ ပင့်ရတာ” ဟု ပြောသည်။

“ကိုရီးယားမှာက ဒေါက်ကျင်းထဲ ဝင်မယ်ဆိုရင် ရှူးဖိနပ်တို့၊ Helmet (လုံခြုံရေးဦးထုပ်) တို့ မပါရင် လုံးဝ ဝင်လို့မရဘူး။ အဲဒီတော့ ဘယ်လိုလုပ်ရသလဲဆိုရင်

ဘုန်းကြီးကို အသက်ကယ်အင်္ကျီနဲ့ ဖိနပ်နဲ့ ဝတ်ခိုင်းပြီးတော့ ကရိန်းနဲ့ မပြီးတော့ တရားနာကြတာ။ အဲဒီလို ကြုံဖူးတယ်” 

 

အဆိုပါ သ‌င်္ဘောသည် အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၃ သန်းကျော်(ကျပ်ဘီလျံ ၇၅ သန်းကျော်) တန်ကြေးရှိသည်။ တန် ၇၃၀၀ ရှိ ထိုသင်္ဘောကြီးသည် မုတ္တမရေယာဉ် (1501) နာမည်ဖြင့် တပ်တော်ဝင်ခဲ့ပြီး မြန်မာရေတပ်၏ အကြီးဆုံးစစ်ရေယာဉ် ဖြစ်လာသည်။

မြန်မာရေတပ်အတွက် ဗေဒင်၊ ယတြာ အစီအမံများနှင့် အခါတော်ပေးလေ့ရှိသူမှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှ ဘုန်းကြီးတစ်ပါးဖြစ်ကြောင်း ကိုမြတ်မင်းသူက ပြောသည်။

“ဒီ Guideline (ဘုန်းကြီးညွှန်ကြားချက်) အတိုင်းပဲ သူတို့ တပ်တော်ဝင်တာတို့၊ ရေချပွဲတို့ကို လုပ်လေ့ရှိတယ်။ မိရိုးဖလာ၊ ပရိတ်၊ ပဋ္ဌာန်းရွတ်ပြီး ဆွမ်းကပ်တာလည်းပါမယ်။ နောက်ပြီး နဂါးအစာကျွေးတာတို့ ဘာတို့လည်းရှိမယ်” ဟု အာဏာသိမ်းစစ်ကောင်စီ၏ ရေတပ်တွင် ၁၃ ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၃၃ နှစ်ရှိ ကိုမြတ်မင်းသူက သူ့အတွေ့အကြုံကို ပြောသည်။

“နောက် ရေတပ်မှာ လုပ်လေ့လုပ်ထရှိတဲ့ ရှင်ဥပဂုတ္တ လွှတ် (မျှော) တာတို့ ဘာတို့လည်း ရှိတယ်”

ပင်လယ်၊ သမုဒ္ဒရာရေပြင်တွင် ကြေးပြာသာဒ်ဖြင့် နေထိုင်သည့် တန်ခိုးကြီးရဟန်း အရှင်ဥပဂုတ္တသည် မာရ်နတ်ကို နိုင်သူဖြစ်သည်ဟု ယုံကြည်ကိုးကွယ်သူများက ယူဆထားသည်။

ထို့ကြောင့် အရှင်ဥပဂုတ္တရုပ်တုကို ဖောင်တစ်ခုနှင့်အတူ ရေပြင်တွင် မျှောချခြင်းသည် ရေလမ်းခရီးဘေးအန္တရာယ်ကင်းစေသည်ဆိုကာ ယုံကြည်သူတို့က ၎င်းကို ပူဇော်ပသခြင်းဖြစ်သည်။

အရှင်ဥပဂုတ္တနှင့် ပတ်သက်၍ ထေရဝါဒ သင်္ဂါယနာတင် ပိဋကတ်စာပေတို့တွင် မတွေ့ရှိရဟု ပိဋကတ်စာတတ်အကျော်အမော် ဆရာတော်ကြီးများက ထောက်ပြကြသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်သူများဟု ကြွေးကြော်ထားသည့် တပ်အရာရှိများကမူ ရာထူး၊ ဥစ္စာအပါအဝင် ကိုယ်ကျိုးစီးပွားအတွက် အကျပ်အတည်းတစ်ခုခုကြုံရတိုင်း ဗေဒင်၊ ယတြာအစီအမံများဖြင့် ဖြေရှင်းကြရာတွင် အရှင်ဥပ္ပဂုတ္တ ဖောင်မျှောခြင်း ပါဝင်လာသည်ဟု ကိုမြတ်မင်းသူက ပြောသည်။

“ရေတပ်မှာ လူကြီးတွေ လုပ်လေ့ရှိတဲ့ဟာက ဘာလဲဆိုရင် ရှင်ဥပဂုတ္တပဲ။ တစ်ခုခုပေါ့၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာပြီ၊ အကျပ်အတည်း ဖြစ်လာပြီဆိုရင် လူကြီးတွေက ရှင်ဥပဂုတ္တပဲ လွှတ်တယ်။ လွှတ်တဲ့အချိန်မှာ ကျွန်တော်တို့က ကရိန်းတွေ ဘာတွေနဲ့ ချကြတာပေါ့” ဟု ကိုမြတ်မင်းသူက ပြောသည်။

“ဘာရယ်တော့ မဟုတ်ဘူး။ အောက်ကလူတွေက ပင်ပန်းတာပေါ့။ တစ်ခါတလေကျတော့ Accident (မတော်တဆမှု)တွေ ဖြစ်တာပေါ့။ ပြုတ်ကျပြီးတော့ မြုပ်တာပေါ့”

ရေတပ်အရာရှိကြီးများသည် ဗေဒင်၊ ယတြာအတွက် ဖောင်လွှတ်ရန် ရန်ကုန်၊ သီလဝါဆိပ်ကမ်းရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၊ ရသခ ဟုခေါ်သော ရေတပ်သင်္ဘောဌာနချုပ်နှင့် ရန်ကုန်မှ မိုင် ၁၀၀ ခန့်ဝေးသည့် မော်လမြိုင်ဘက်သို့ပင် ခရီးဆန့်ကြသည်ဟု သူက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ရေတပ်သည် ပြီးခဲ့သည့် နှစ် ၇၀ ကျော်အတွင်း ရခိုင်ပြည်နယ်စစ်မြေပြင်မှလွဲ၍ ကျန်သည့်ဒေသများတွင် စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမားမရှိခဲ့ပေ။

ဘုန်းဘုန်း ကယ်နေရတဲ့လေတပ် 

စစ်ကောင်စီကို ရရာလက်နက်ဖြင့် ရင်ဆိုင်နေသော ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက လေယာဉ်သုံးလျက် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေသည်။

ထိုသို့ ဗုံးကြဲသတ်ဖြတ်ရေးအတွက်ပင် ဗေဒင်၊ ယတြာအစီအမံများအရ မဖြစ်မနေလိုက်နာရကြောင်း စစ်ကောင်စီ၏ လေတပ်ကို စွန့်ခွာလာသော ဗိုလ်ကြီးဇေသူအောင်က Myanmar Now ကို ပြောသည်။

“လေယာဉ်တက်ခါနီးလို့ရှိရင် အမြဲတမ်းသောက်ရမယ်ဆိုပြီးမှ ပေးထားတဲ့ ရေမန်းတွေရှိတယ်။ စစ်ဆင်ရေးသွားခါနီးဆိုရင် အာလူးသီးတွေ လေယာဉ်ပေါ် တင်သွားခိုင်းတာတွေရှိတယ်။ နောက်ပြီးလို့ရှိရင် စနေသားနှစ်ယောက် (လေယာဉ်)တက်လို့ရှိရင် အဆင်မပြေဘူးဆိုတာတွေ ရှိတယ်။ နောက်ပြီးရင် လေယာဉ်(သံကိုယ်ထည်)ပေါ်မှာ ဂါထာတွေ ကပ်တာတွေရှိတယ်။ ယတြာတွေပေါ့” ဟု ၎င်းက ပြောသည်။

“တချို့တွေဆိုရင် သူတို့ ကိုးကွယ်တဲ့ ဘုန်းကြီးတွေရှိတယ်။ လေယာဉ်တွေက စက်နှိုးလို့ရှိရင် ဘယ်နားလေး Error(ချွတ်ယွင်းချက်) ရှိတယ်၊ ဒီလေယာဉ်က ဘယ်လိုအကျင့်ရှိတယ်ဆိုတာတွေ သိတာပေါ့။ တချို့လူတွေက အဲဒီလိုမျိုး Error တစ်ခုခု ကြုံပြီဆိုရင် ‘ဘုန်းဘုန်းကယ်ပါ’ တို့ ဘာတို့ ပြောတာတွေ ခဏခဏ ကြုံရတယ်”

၎င်းသည် လေကြောင်းစစ်ဆင်ရေးသွားရတိုင်း ကက(လေ)၏ ဗေဒင်ယတြာအရ ဆောင်ရန်၊ ရှောင်ရန် မှာကြားချက်များ ကြုံတွေ့ရပြီး အောက်ခံအဝတ်အစား အမည်းရောင်ကို တားမြစ်ထားသည်ဟု ဆိုသည်။

“အင်္ကျီအမည်း ခံပြီးဝတ်လို့ရှိရင်တော့ အဲဒါ လုံးဝ တပ်မတော်သစ္စာဖောက်မှုလိုလို ဘာလိုလိုနဲ့ ပြဿနာအကြီးအကျယ် တက်တာပဲ”

 

ဟု ၎င်းက ပြောသည်။

“ဘုန်းဘုန်းဘုရား … လေယာဉ်က စက်မနိုးဘူး၊ ကယ်ပါဦး၊ မစပါဦး ဘာညာနဲ့ ပြောနေတဲ့အချိန်မှာ ဆရာကြီးတစ်ယောက်က လေယာဉ်ရဲ့ Air Compressor (လေယာဉ်စက်တွင်ပါရှိသည့် အစိတ်အပိုင်းတစ်ခု) မှာ (ချေး)ကပ်နေလားဆိုပြီး ခေါက်လိုက်တဲ့အချိန်မှာ စက်က ထွက်လာရော။ သိတဲ့လူက ခေါက်လို့ နိုးတာကို ဘုန်းဘုန်းကယ်လို့ဆိုပြီး တနေတာ” ဟု ပြောကာ ခွက်ထိုးခွက်လန် ရယ်နေသည်။

မကြီးသေးမီကာလကပင် A 5 အမျိုးအစားတိုက်လေယာဉ်တစ်စီး ရေကန်ထဲ ထိုးကျ ပျက်စီးပြီး လေသူရဲတစ်ဦး သေဆုံးထားသည်။

ပြီးခဲ့သည့် ၈ နှစ်တာအတွင်း မြန်မာစစ်တပ်သုံး လေယာဉ် ၁၂ စင်း ပျက်ကျပြီး ယာဉ်ပေါ် လိုက်ပါသူ၊ လေယာဉ်မောင်းသူနှင့် မြေပြင်မှာနေသူ ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၁၅၀ ရှိထားသည်။

ပျက်ကျရခြင်းမှာ စစ်ကောင်စီပိုင်ဆိုင်ထားသည့် ယာဉ်အများစုသည် တန်ဖိုးနည်းသည့် တစ်ပတ်ရစ် အဟောင်းများဖြစ်ခြင်း၊ စက်ပစ္စည်းများ အချိန်မီ စစ်ဆေးပြုပြင်နိုင်စွမ်းမရှိတော့၍ အိုဟောင်းနေခြင်းတို့ကြောင့်ဖြစ်သည်ဟု ဗိုလ်ကြီးဇေသူအောင်က ယူဆသည်။

ထိုသို့ မဖြစ်စေလာရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် လေတပ်အရာရှိကြီးများက အခါတော်ပေးဘုန်းကြီးများထံတွင် လေတပ်စစ်သည်တို့၏ ဦးခေါင်းကို လက်နှင့်ပုတ်၍ မန်းမှုတ်ခံစေခြင်း၊ အင်းစာရွက် စီမံပေးခြင်းများ လုပ်ပေးကြောင်း ၎င်းက ပြောသည်။

“လေယာဉ်တွေဘာတွေ စစ်ဆင်ရေးထွက်တော့မယ်ဆို ဘုန်းဘုန်းဆီသွား၊ သွားပြီးတော့ အင်းစာရွက်လေးတွေ ခေါက်ပြီးတော့ ပါးစပ်ထဲ ထည့်ပြီးတော့မှ ရေနဲ့ မျိုချခိုင်းတာတို့ ဘာတို့လည်း ကျွန်တော်တို့ ခဏခဏ ကြုံရတယ်” ဟု ဗိုလ်ကြီးဇေသူအောင်က ပြောသည်။

အထက်အရာရှိများက မည်သို့သော အယူအဆများကြောင့် အာလူးဆောင်ခိုင်းခြင်း၊ အင်္ကျီအမဲ ရှောင်ခိုင်းခြင်း၊ အင်းကွက်ပါစာရွက်များ မျိုချခိုင်းခြင်း စသည့် အမိန့်များပေးသည်ကို လေတပ်ထဲတွင် ၁၇ နှစ်ကြာ တာဝန်ထမ်းခဲ့သော လေသူရဲ ဗိုလ်ကြီးဇေသူအောင် ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။

နေ့နံဖြင့် အခြွေအရံခန့်သည့် ကြည်းတပ်

အာဏာသိမ်းစစ်ကောင်စီ၏ တပ်သားအင်အား၊ လက်နက်အင်အား အကောင်းဆုံးဖြစ်သော ကြည်းတပ်သည် ဗေဒင်၊ ယတြာ အစီအမံများဖြင့် စစ်တိုက်လေ့ရှိကြောင်း CDM စစ်သားများက ထုတ်ပြောကြသည်။

ပြုလုပ်သမျှ ထိုးစစ်၊ တိုက်စစ်များနှင့်အတူ အခါတော်ပေးဘုန်းကြီးများမိန့်သည့် ယတြာစစ်ဆင်ရေးသည်လည်း ထက်ကြပ်မကွာပါရကြောင်း ၎င်းတို့၏ ကိုယ်တွေ့ဖြစ်ရပ်များကို ပြောပြလာခြင်းဖြစ်သည်။

ပထမဆုံးပြောပြသူမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ဗိုလ်ကြီးကောင်းသူဝင်းဖြစ်သည်။

“မိခင်တပ် တပ်မ (၁၁) မှာနေတုန်းက စစ်ဆေးရေးအရာရှိချုပ် ဗိုလ်ချုပ်လှမြင့်သွေးပေါ့ဗျာ။ သူက တပ်မဟာမှူးဗျ၊ သူ့အိမ်မှာထားဖို့ အရာရှိဆိုရင်တောင် နေ့နံနဲ့ဗျာ။ အဲ့လိုမျိုး လူကို ခေါ်တာ။ နေ့နံနဲ့ကိုက်မဲ့ လူမျိုးကို ဗေဒင်တွေ ဘာတွေမေးပြီး ခေါ်တာ” ဟု ၎င်းက ပြောသည်။

စစ်တက္ကသိုလ် အပတ်စဉ် – ၅၂ ဆင်း၊ အသက် ၃၀ အရွယ် ဗိုလ်ကြီးကောင်းသူဝင်းသည် စစ်ကိုင်းတိုင်း၊ နမခလက်အောက်ခံ စစ်ဗျူဟာအခြေချအဖွဲ့(မတူပီ)၏ စစ်ရေးဦးစီးအရာရှိ (တတိယတန်း)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂၃ တွင် စစ်လက်နက်အပြည့်အစုံယူ၍ အာဏာဖီဆန်ခဲ့သူဖြစ်သည်။

၎င်းတို့ ရှေ့တန်းစစ်မြေပြင်ထွက်တိုင်းလည်း ဘုန်းကြီးပေးသည့် အဆောင်၊ ယတြာများကို မပါမဖြစ် ယူဆောင်သွားရကြောင်း ပြောသည်။

“ဘုန်းကြီးပေးတာဆိုပြီး အဆောင်လေးတွေ ဘာလေးတွေ တပ်ရင်းတစ်ရင်းလုံး ပေးတာ။ အဓိကတော့ လူကြီးပေါ် မူတည်တယ်။ သူတို့ကစပြီး ယုံကြည်ပြီဆို ကျန်တဲ့အောက်က လူတွေက ယုံချင်ယုံ၊ မယုံချင်နေ လုပ်ရတာပဲ” ဟု ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။

စစ်ကောင်စီတပ်သားများ ရှေ့တန်းထွက်သည့်အခါ အစီအရင်အင်းကွက်ကို ကိုယ့်နှင့်မကွာ ယူဆောင်သွားလေ့ရှိသည်။ ထိုအင်းကွက်နှင့်အတူ အစီအရင်စာရွက်များ ထည့်သွင်းနိုင်သည့် ကြုတ်လည်း ယူဆောင်သွားတတ်သည်။ (ဓာတ်ပုံ – ဇင်ယော်)

“ဒါပေမဲ့ဗျာ သေကံပါရင် သေမှာပေါ့။ ဘယ်အဆောင်မှ ကယ်နိုင်မှာ မဟုတ်ဘူး”

ရှေ့တန်းစစ်မြေပြင်တွင် ထိခိုက်၊ သေဆုံးသူများလျှင် စစ်တပ်အရာရှိကြီးများက ၎င်းတို့၏ ဗေဒင်၊ ယတြာများ အစွမ်းမထက်ရခြင်းမှာ အောက်ခြေစစ်သည်များကြောင့်ဟု ရှာကြံ အပြစ်ဖို့လေ့ရှိကြောင်း သိရသည်။

ဗိုလ်ကြီးတစ်ဦးက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲရှုံးရသဖြင့် ထိုသို့ အပြစ်ရှာခံရဖူးသည်ဟု ဆိုသည်။

“ဗျူဟာမှူးက အဓိဋ္ဌာန်ထားလို့တဲ့။ အဲ့မှာ ဘာဖြစ်လာလဲဆိုတော့ တရုတ်နယ်စပ်ဗျာ။ လောက်ကိုင်လိုနေရာမျိုးမှာ ဝက်ပဲ ရှိတာဗျာ၊ စားစရာအကောင်က ဝက်ပဲရှိတာ၊ ဘာအကောင်မှ မရှိဘူး။ နွားလည်းမရှိဘူး၊ ဆိတ်လည်းမရှိဘူး၊ ဝက်ပဲရှိတယ်။ အဲဒါကို ဝက်သားမစားရဘူးဆိုတော့ အဆင်မပြေဘူး။ ခေါင်းစဉ်ကလည်း အဓိဋ္ဌာန်ထားလို့တဲ့” ဟု ဗိုလ်ကြီးပြည့်ကျော်က Myanmar Now ကို ပြောသည်။

၂၀၁၅ တွင် ကိုးကန့်စစ်တပ် ခေါ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် လောက်ကိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရပုံကို ပြောပြခြင်းဖြစ်သည်။

စစ်မြေပြင်ရောက် အောက်ခြေစစ်သည်များသည် စစ်ခေါင်းဆောင်များ၏ ဗေဒင်၊ ယတြာ ရူးသွပ်မှုကြောင့် အထက်ပါ တိုက်ပွဲအတွင်း အစားအစာချို့ချို့တဲ့တဲ့ တိုက်ခဲ့ရရုံမက ထိခိုက်သေဆုံးသူများလာချိန်တွင် အနီရောင်အဝတ်စများ ဆောင်ခိုင်းကြောင်း ၎င်းက ဆက်ပြောသည်။

“အနီရောင်အစတွေ ဘယ်ကနေ ရောက်လာသလဲတော့ မသိဘူး။ ရဟတ်ယာဉ်နဲ့ပဲ ပို့သလားမသိဘူး။ သူတို့က အဲဒါမျိုးဆို အရမ်းအားထည့်တာ။ အဲဒါနဲ့ ခန္ဓာကိုယ်မှာ အနီရောင်အစတွေ ချည်ရတာပေါ့။ ယတြာတွေလုပ်တာပေါ့” ဟု ဗိုလ်ကြီးပြည့်ကျော်က ပြောသည်။

“အဲဒီအခါကျတော့ နိုင်သလားဆိုတော့လည်း မနိုင်ဘူး။ မနိုင်ဘူးဗျာ”

ထိုစစ်မြေပြင်တွင် ငတ်ငတ်ပြတ်ပြတ်ဖြင့် ၂ လခန့်အကြာတွင် အသားစားခွင့်ရရန် ၎င်းက ဦးဆောင်လှုပ်ရှားမှုကို ဗျူဟာမှူး၊ တပ်ရင်းမှူးများက သိသွားသည်ဟု ဆိုသည်။ 

“မင်းကွာ အပေါ်က ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ကြားကနေ မင်း ဒီဟာကို လုပ်ရက်တယ်ပေါ့နော်။ တကယ်တမ်းက စားစရာမရှိတာ ရက်ပေါင်းက တော်တော်ကြာပြီ။ တော်တော်ကြာတဲ့ဟာကို ကျွန်တော် ဖြေရှင်းလိုက်တဲ့ဟာက တော်တော်လေးကို ကြီးမားတဲ့ ရာဇဝတ်မှုကြီးလို ဖြစ်ခဲ့တယ်” ဟု ဗိုလ်ကြီးပြည့်ကျော်က ပြောသည်။

စစ်သားများသည် ရှေ့တန်းစစ်မြေပြင်ထွက်ရတိုင်း ရေမန်းဖျန်းခံရသလို စစ်မြေပြင်မှ အသက်ရှင်လျက် ပြန်လာရတိုင်းလည်း ရေမန်းဖျန်းခံရလေ့‌ရှိကြောင်း ၎င်းက ပြောသည်။

မည်သို့ပင်ပြုလုပ်သည်ဖြစ်စေ စစ်ကောင်စီတပ်သည် ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစုများကို ရင်ဆိုင်ရာတွင် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း တပ်သား ၉၀၀၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၁၅၈ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကြည်း၊ ရေ၊ လေ စစ်ခေါင်းဆောင်များသည် နှစ်ဖက်လက်နက်ကိုင်တပ်များ၏ အားနည်းချက်၊ အားသာချက်များကို သုသေတနမှတ်တမ်းယူ ပြင်ဆင်ရမည့်အစား တိုက်ပွဲနိုင်ရေးအတွက် သုံးနေသော ဗေဒင်၊ ယတြာ ရူးသွပ်မှုများသည် ကုသပျောက်ကင်းရန် ခက်ခဲမည်ဟု CDM ဗိုလ်ကြီးက ယူဆသည်။

“သူတို့ကိုက ပြောပြလို့မရတော့ဘူးဗျ။ သူတို့တွေက တော်တော်လေးကို မှားယွင်းတဲ့ဟာတွေက Mindset (အတွေးအခေါ်) က တော်တော်ကို ခြေကုပ်မိနေပြီ။ အဲဒီအသိုင်းအဝိုင်းကြီး(ဗေဒင်၊ ယတြာ)ကလည်း စစ်တပ်ထဲမှာ တော်တော်လေးကို ပြန့်နေပြီ။ အဲဒီအသိုင်းအဝိုင်းက စစ်တပ်အတွက်ကတော့ ကင်ဆာရောဂါလိုပါပဲ” ဟု ဗိုလ်ကြီးပြည့်ကျော်က ပြောလိုက်သည်။

Show More

Related Articles

Back to top button