သတင်း

ဗေဒင်ယတြာကိစ္စ အယုံအကြည်မရှိကြောင်း ဦးရွှေမန်းပြောကြား

နေပြည်တော် ပျဉ်းမနားမြို့ စိန္တာမုနိကျောင်းဝင်းအတွင်းရှိ ယတြာဘုရားဆင်းတုအလှူရှင်များတွင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းပါဝင်နေသည့် အချက်နှင့် ပတ်သက်၍ ၎င်းက ထိုရုပ်တုကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်း ယနေ့တွင် ပြောကြားလိုက်သည်။

“တိတိကျကျတော့ ဒို့လည်း ဒီဟာနဲ့ပတ်သက်ပြီး သိပ်စိတ်ဝင်စားမှုမရှိဘူး။ သိရသလောက် ခေတ်အဆက်ဆက် မြန်မာဘုရင်တွေလက်ထက်ကော၊ လွတ်လပ်ရေးရပြီး အစိုးရအဆက်ဆက်ကော ၁၉၆၂နောက်ပိုင်း ပေါ်ထွက်လာတဲ့ တော်လှန်ရေးကောင်စီ စသည်စသည် ဒီခေတ်ကာလတော်တော်များများကတော့ ဗေဒင်တို့၊ ယတြာတို့၊ အဆောင်တို့ ဒါတွေတော်တော်များများ လုပ်ခဲ့တယ်လို့ နားလည်ပါတယ်။ သို့ရာတွင် သေချာတာကတော့ အဲ့အထဲမှာ တို့မပါခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

နေပြည်တော်ရှိ ယတြာအစီအရင်ရုပ်တုများ ကမ္ပည်းဆိုင်းဘုတ်တွင် သူရဦးရွှေမန်းနှင့်မိသားစုနာမည် တွေ့ရသည့်အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာ သူနှင့် သူ့မိသားစုမသိဘဲ တစ်စုံတစ်ယောက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ထို့ပြင် ဗေဒင်ယတြာသာစွမ်းလျှင် ယခုလို တိုင်းပြည်ဆင်းရဲနေမည် မဟုတ်ကြောင်းလည်း ၎င်းက Myanmar Now နှင့် ယနေ့မနက် နေပြည်တော်ရှိ သူ၏အိမ်တွင်တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။

ဗေဒင်ယတြာများကို ၎င်းအနေဖြင့် ယုံကြည်မှုရှိပါသလားဟု မေးမြန်းသည့်အခါ “တကယ်လို့သာ တို့မြန်မာတွေက ဗေဒင်တွေ၊ အဆောင်တွေ၊ ယတြာတွေယုံကြည်ပြီး လုပ်ခဲ့လို့သာ အဲ့ဒါတွေက အထောက်အကူပြုခဲ့မယ်ဆိုရင် တို့မြန်မာနိုင်ငံ ဒီလိုနောက်ကျ၊ နိမ့်ကျစရာအကြောင်းမရှိဘူး။ ဘာကြောင့် နောက်ကျ၊ နိမ့်ကျနေလည်းဆိုတော့ ကိုယ်လုပ်တဲ့အလုပ်၊ ကြံစည်တွေးတောတဲ့ အလုပ်ကြောင့် သူများကို မမီဘဲ ဒီလိုဖြစ်နေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဗေဒင်၊ယတြာ၊အဆောင်တွေအစား စိတ်ကိုဖြူအောင်ထားပြီး ကံ၊ကံရဲ့အကျိုးကို ယုံကြည်တယ်ဆိုရင်တော့ ကောင်းတဲ့အလုပ်တွေလုပ်ရင် ကောင်းကျိုးတွေရမယ်ဆိုတာပဲ တို့ကယုံကြည်ပါတယ်” ဟု ယခင်လွှတ်တော်သက်တမ်းတွင် လွှတ်တော်ဥက္ကဋ္ဌ
အဖြစ် တာဝန်ယူခဲ့ပြီး ယခုအချိန်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ဖြေကြားခဲ့သည်။

အစိုးရအဆက်ဆက် အပြောင်းအလဲတွင် အာဏာလက်မလွှတ်လိုသူများ ထုလုပ်ကိုးကွယ်ခဲ့ကြသည့် ယတြာသဘောဆောင်သော လက်နောက်ပြန် ဆင်းတုများသည် ထေရဝါဒဗုဒ္ဓသာသနာနှင့် မကိုက်ညီသောကြောင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လွန်ခဲ့သည့်ရက်ပိုင်းက ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်သည်။ ယခင်က ထိုကျောင်းဝင်းထဲရှိ ကဗ္ပည်းဆိုင်းဘုတ်တွင် သူရဦးရွှေမန်းနှင့်မိသားစု နာမည်ရှိခဲ့သော်လည်း ယခုအချိန်တွင် ထိုဆိုင်းဘုတ်မှာ မရှိတော့ပေ။

စေတီဝင်းထဲရှိ အလှူရှင်များတွင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေမိသားစုအပြင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမောင်ဘိုမိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်အောင်၏ သမီးဖြစ်သူ စန္ဒာအောင်မိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးမိသားစု၊ ယခုအချိန်တွင် အဂတိမှုဖြင့် တရားရင်ဆိုင်နေရသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနညွှန်ချုပ်ဟောင်း ဦးသန်းထွဋ်မိသားစု၊ လမ်းဦးစီးဌာန ဒုညွှန်ချုပ် ဦးအောင်မြင့်ဦးမိသားစု၊ ရဲမှူးချုပ်သန်းတင်အောင်မိသားစုနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်တေဇကျော်၏မိသားစုနာမည်များလည်း တွေ့ရှိရသည်။ စစ်တပ်အသိုင်းအဝိုင်းအပြင် ခရိုင်တရားသူကြီးများနှင့် အရပ်ဘက်အရာရှိကြီးများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များလည်း အလှူရှင်စာရင်းတွင်ပါဝင်သည်။

အာဏာဆက်လက်အဓွန့်ရှည်စေရန် စစ်ဗိုလ်ချုပ်ကြီးများက ယတြာဆောင်သည့်သဘောဖြင့် တည်ထားခဲ့သည့် ‘အာဏာတည်စေ’၊’လွှတ်တော်မြဲစေ’၊’ပလ္လင်မြဲစေ’၊’ရာထူးတိုးစေ’ ဟူသော ဗုဒ္ဓဘာသာသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှမရှိဖူးသည့် စေတီများမှာမူ အဆိုပါကျောင်းတိုက်အတွင်း တည်ရှိနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button