
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ထီးတင်ခဲ့သောစေတီတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက ပွဲတော်ပြုလုပ်ရာ တပ်ထောက်ခံသူ ၁၅ ဦးခန့်မှလွဲ၍ မည်သည့်ရွာသားမျှ မသွားကြကြောင်း ဒေသခံတို့ထံမှ သိရသည်။
ထိုနေ့ညနေပိုင်း ၆ နာရီမှစ၍ စေတီ၏အရှေ့ဘက်ကွင်းပြင်တွင် ကျင်းပသော ဆိုင်းပွဲကိုလည်း စစ်ကောင်စီခန့် ရပ်ကျေးအဖွဲ့ဝင်တချို့မှလွဲ၍ အနီးအနားပတ်ဝန်းကျင်မှ ရွာသားများ လုံးဝမသွားရောက်ခဲ့ကြောင်း ဒေသခံ ၃ ဦးထံမှ သိရသည်။
“သူတို့ကို မကျေနပ်ချက်အများကြီးရှိတယ်။ အဲဒီလိုဆိုတော့ သူတို့ဘာလုပ်လုပ် မသွားဘူးမလာဘူးပေါ့ဗျာ။ မပူးပေါင်းဘူး သူတို့ ဘာလုပ်တဲ့ပွဲဖြစ်ဖြစ် စိတ်လည်း မဝင်စားကြဘူး။ အသိအမှတ်လည်း မပြုဘူး၊ အဲဒီလို”ဟု အသက် ၅၀ ဝန်းကျင်အရွယ် လယ်ကိုင်းရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ဘုရားပွဲကျင်းပဖို့ ၂ ရက်အလိုမှာ တပ်က ကားတစ်စီးရောက်လာတယ်။ စစ်တပ်က လုံခြုံရေးရယူထားတယ်ပေါ့။ တချို့ကျတော့လည်း အဲဒီစစ်သားတွေမြင်ရင် မသွားတော့ဘူးဗျ။ ဝေးဝေးကရှောင်ကြတော့တာ။ အဲဒီသဘောလည်း ပါမယ်ထင်တယ်”
အိမ်ခြေ ၁၀၀၀ ခန့်ရှိသော လယ်ကိုင်းရွာအုပ်စုသည် ထိုစေတီမှ မိုင်ဝက်ခန့်သာဝေးသည်။ စေတီတည်ရှိရာ သက်သာပန်းတောင်းရွာသည်လည်း လယ်ကိုင်းကျေးရွာအုပ်စုအတွင်းရှိသည်။
စစ်ခေါင်းဆောင်က ယတြာချေသည့်အနေဖြင့် အင်းကွက်အစီအမံများပါထည့်သွင်းကာ တည်သောစေတီကို ဖေဖော်ဝါရီ ၁၅ တွင် ပွဲလုပ်စေခဲ့သည်ဟု သိရပြီး ထိုဈေးပွဲတော်ဖိတ်ကြားလွှာတစ်စောင်တွင် ကြာဆံဟင်းခါးသာ ရောင်းချမည်ဟု ဖော်ပြထားသည်။
Myanmar Now က ကြည့်ရှု့ခွင့်ရသော ထိုပွဲဖိတ်စာတွင် ကိုဗစ်ရန်ပုံငွေပွဲဟု ဖော်ပြပုံနှိပ်ထားသည်။

ထိုဈေးရောင်းပွဲ ပြုလုပ်ပေးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စေတီထီးလာတင်သော နေ့မှာပင် လယ်ကိုင်းရွာ၏ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကို တောင်းဆိုသွားသည်ဟု အသက် ၅၀ အရွယ် လယ်ကိုင်းရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ရန်ပုံငွေပွဲဆိုပြီးတော့ ကြာဆံဟင်းခါးလက်မှတ်လေးတွေ ကျွန်တော်တို့ကို ရောင်းထားတာလေးတွေ ရှိတယ်။ အဲဒီလက်မှတ်ကလေးတွေက ဟိုကျတော့ ကြာဆံဟင်းခါးပေါ့” ဟု လက်မှတ်ဝယ်ခဲ့ရသော ၎င်းကပြောသည်။
“ဝယ်ချင်လည်း ဝယ်၊ မဝယ်ချင်လည်း ဝယ်ပေါ့။ သူတို့ပြောလို့ရတဲ့သူကို ကတ်လေးတွေနဲ့ ရောင်းတာကိုး။ ကြာဆံလက်မှတ်တစ်စောင်ကို ကျွန်တော်တို့ ၁၅၀၀ ပေးရတယ်”
သို့သော်လည်း ၎င်းက ထိုပွဲကို မသွားရောက်ခဲ့ဟုဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ထီးလာတင်သည့်နေ့မှာပင် လယ်ကိုင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို သိန်း ၅၀ ပေးခဲ့ကြောင်း ထိုနေ့က စစ်ကောင်စီ ထုတ်လွှင့်သော ရုပ်သံသတင်းတွင် ကြေညာထားသည်။
ထိုရုပ်သံဖိုင်တွင် ငွေလက်ခံရယူသူမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လယ်ကိုင်းကျေးရွာအုပ်စု စည်းရုံးရေးမှူး အသက် ၆၀ ကျော်အရွယ် ဦးသန်းကိုဖြစ်ကြောင်း၊ စစ်ကောင်စီက ၄၁ နှစ်အရွယ် ပါတီဝင် ဒေါ်မြင့်မြင့်မော်ကိုလည်း အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားကြောင်း လယ်ကိုင်းရွာသား ၂ ဦးက အတည်ပြုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ထီးတင်ခဲ့သည့် စေတီရှိ ပွဲတော်တွင် ကြာဆံဟင်းခါးရောင်းချကြောင်း၊ ဆိုင်းပွဲကိုလည်း ရွားသားများ မသွားကြကြောင်းကို ကံသာကြီးအုပ်စုနေသူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် လယ်ကိုင်းရွာသား နောက်တစ်ဦးကလည်း အတည်ပြုသည်။
မူလက ဉာဏ်တော်အမြင့် ၉ တောင်ခန့်ရှိသော စေတီကို စစ်ခေါင်းဆောင်က ၄၅ အမြင့်ရှိ စေတီအဖြစ် အပေါ်မှ ငုံတည်လိုက်ပြီး အမည်ကိုလည်း စကြာပန်းတောင်းစေတီဟု ပြောင်းလဲခဲ့သည်။
ထိုသို့အမည်ပြောင်းခဲ့ခြင်းမှာ သိမ်းထားသည့် အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်ရေးအတွက်ဖြစ်ပြီး အဆိုပါဈေးရောင်းပွဲတွင် ကြာဆံဟင်းခါးရောင်းချရန် စေခိုင်းခြင်းမှာလည်း ယတြာသဘောအရသာဖြစ်ကြောင်း ဟောသက် နှစ် ၂၀ ရှိသော ဗေဒင်ဆရာတစ်ဦးက မှတ်ချက်ပြုသည်။
“ကျန်းမာရေးမကောင်းတဲ့ ကလေးတွေ အရပ်ထဲမှာပေါ့နော်၊ နာမည်ပေးတွေ၊ ကင်မွန်းတပ်တွေလုပ်လို့ရှိရင် ကြာဆံဟင်းခါး ကျွေးခိုင်းတယ်လေ။ ကြာကြာစံအောင်လို့ ကျန်းမာရေးကောင်းအောင်လို့ဆိုပြီးတော့။ သူက အဲဒီသဘောပဲလေ”ဟု အသက် ၅၀ အရွယ်ရှိသူ ၎င်းက ပြောသည်။
ဒေသအသီးသီးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဘုရားထီးလိုက်တင်နေသည်ကို စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင် မကြာခဏ တွေ့နေရသည်။
မဲစာရင်းအကြောင်းပြ အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်သားများက ဒေသအသီးသီးတွင် လိုက်လံ တိုက်ခိုက်နေစဉ် ၎င်းတို့၏ ခေါင်းဆောင် ၆၅ နှစ်ကျော်အရွယ် ဗိုလ်ချုပ်မှူးကြီးက ငွေကြေးအမြောက်အမြားသုံးစွဲကာ မိသားစုလိုက် ထီးလိုက်တင်နေခြင်း ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)