သတင်း

ရဲက ဖမ်းထားသည့် ရွှေဘိုမှ PDF သင်တန်းသား ၃ ဦး သတ်ဖြတ်ခံရဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာမှ အသက် ၂၀ ဝန်းကျင် လူငယ် ၃ ဦးကို ရဲက မတ်လ ၁၂ နံနက်တွင် ဖမ်းဆီးပြီး ညဘက်၌ သတ်ဖြတ်လိုက်သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်များထံမှ သိရသည်။  

ပြည်သူ့ကာကွယ်​ရေးအဖွဲ့က ပေးသည့်သင်တန်း ရက်အနည်းငယ်တက်ပြီး ပြန်လာသည့် ထိုလူငယ် ၃ ဦးသည် မြို့အနောက်ဘက် ၁၈ မိုင်အကွာရှိ ဇာတိကျေးရွာသို့ ပြန်စဉ် ဆိပ်ခွန်ရွာအဖြတ်မှာ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။  

“တိုက်ပွဲဖြစ်တော့ တပ်ဆုတ်ရှောင်ရတာပေါ့။ တိုက်ပွဲပြီးတော့လည်း သင်တန်းက မစနိုင်သေးဘူး။ ဘေးက ရွာမှာ ခိုနေကြတာပေါ့။ သင်တန်းကလည်း မစသေးတော့ ကလေး ၃ ယောက်က အိမ်ခဏပြန်မယ်ဆိုပြီး တားတဲ့ကြားက ပြန်သွားတာ” ဟု ပြောသည်။  

“ကျန်တဲ့ကားတွေကို မဖမ်းဘူး။ ဒီကားတစ်စီးပဲ ဖမ်းတာ။ ကားပေါ်မှာလည်း အခြားသူတွေပါသေးတယ်။ သူတို့ပဲ ရွေးဖမ်းသွားတာ၊ အဓိကကတော့ ဒလန်ကြောင့်ပဲ။ သတင်းပေးရှိလို့ ခုလိုဖြစ်ရတာ”

ဆိပ်ခွန်ရွာဒေသခံတစ်ဦးက ထိုနေ့ နံနက် ၁၀ နာရီခန့်တွင် ရွာရဲစခန်းက စပါးတင်သည့်ကားတစ်စီးကို တားဆီးပြီး လူငယ်သုံးဦးကို ဖမ်းဆီးခဲ့သည်ဟု ကြားသိရကြောင်း၊ ညပိုင်း ၈နာရီခွဲအချိန်အတွင်း ရဲစခန်းဘက်မှာ သေနတ်သံများ ကြားရကြောင်း Myanmar Now ကို ပြောသည်။

“ညကျတော့ ၉ နာရီမတ်တင်းလောက်ကျတော့ သေနတ်သံ ၆ ချက်ကြားတယ်ဗျာ။ နောက်ထပ် ၁၁ ချက် ထပ်ကြားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံက ပြောသည်။

“မနက်ကျမှ အခြားရွာကတွေကနေ ကျွန်တော်တို့ရွာကို စျေးလာဝယ်တဲ့သူတွေက အလောင်းတွေကို တွေ့တယ်ပေါ့။ အဲရောက်မှ မနေ့ညက သေနတ်သံတွေက ဖမ်းတဲ့သူတွေကို သတ်တာ သိတာ”

အမှုဖြစ်ပွားသော ဆိပ်ခွန်ရွာသည် မြို့အနောက်ဘက် ၈ မိုင်အကွာ အိမ်ခြေ ၂၀၀၀ ကျော်ရှိပြီး ကျေးရွာရဲစခန်းတွင် ရဲအင်အား ၃၀ ကျော်ရှိကြောင်း၊ စစ်သားအင်အား ၅၀ ကျော်လည်း ကျေးရွာစာသင်ကျောင်းထဲတွင် တပ်စွဲထားကြောင်း သိရသည်။ 

အထက်ပါဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ကလည်း ရုပ်အလောင်းများကို ရဲစခန်းအရှေ့ဘက် မူးဘောင်တွင် ယမန်နေ့ နံနက်ပိုင်းက တွေ့သည်ဟု ဒေသခံများထံမှ သိရကြောင်း ပြောသည်။  

“တစ်ယောက်ကတော့ သေနတ်ဒဏ်ရာမတွေ့ရဘူး။ နှိပ်စက်ရင်း လက်လွန်သွားပုံပဲ။ နှစ်ယောက်ကတော့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာ တွေ့တယ်” ဟု သူက ဆိုသည်။

Myanmar Now က ကြည့်ရှုခွင့်ရရှိခဲ့သည့် ရုပ်အလောင်းဓာတ်ပုံများတွင် လူငယ်နှစ်ဦး​၏ပါးစပ်ကို ကြိုးနှင့် စည်းနှောင်ထားသည်ကို တွေ့ရသည်။ 

ရုပ်အလောင်းများကို ယမန့်နေ့က မိသားစုတို့ သွားရောက်ယူဆောင်ပြီး ဇာတိရွာ၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ 

လူငယ် ၃ ဦးကို ဥပဒေမဲ့သတ်ဖြတ်ခြင်းမှာ လက်ခံနိုင်စရာအကြောင်းမရှိဟု ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။ 

“တိုက်ပွဲတွင်းမှာ ဖမ်းမိတာတောင် ရန်သူကို ပစ်သတ်ခွင့်မရှိတာဗျာ။ ခုလိုဖမ်းမိသွားတဲ့ပုံစံကို ပစ်သတ်စရာ အကြောင်းမရှိဘူး။ ဒါက လူမဆန်တဲ့အပိုင်းဖြစ်သွားပြီ။ ဒါကတော့ သူတို့အုပ်စိုးတဲ့ နေရာတိုင်းပဲ” ဟု ပြောသည်။ 

၎င်းတို့၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး အဆိုပါ ရဲစခန်းနှင့် စစ်ကောင်စီပြန်ကြားရေးအဖွဲ့ထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းက စစ်ကောင်စီသည် လူ့အခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်သည်ဟု ဖေဖော်ဝါရီ ၂၃ ရက်နေ့က နိုင်ငံခြားသတင်းထောက်တချို့ကို အွန်လိုင်းတွင် တွေ့ဆုံစဉ် ပြောခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button