မေးမြန်းခန်း

“သူတို့က ဆိုရှယ်မီဒီယာကို အင်မတန်မှကြောက်နေတယ်” − အင်တာဗျူး

လူထုအင်အားကို စိုးရိမ်သဖြင့် အာဏာသိမ်းစစ်ကောင်စီက အင်တာနက်အသုံးပြုမှုကို ပိတ်ပင်ကန့်သတ်နေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ပြောသည်။

မကြာသေးခင်က ဆက်သွယ်မေးမြန်းစဉ် ဝန်ကြီးက VPN အသုံးပြုမှု၊ အင်တာနက်ပိတ်ဆို့မှု၏ ဆိုးကျိုး၊ ပြည်သူတို့၏ အင်အား၊ သတင်းသိပိုင်ခွင့်တို့အကြောင်း ပြောပြထားသည်။

မေး − VPN  (Virtual Private Network –  ဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာ ခြေရာခံမှုကို ဖျောက်နိုင်တဲ့စနစ်) သုံးရင် ထောင် ၃ နှစ်အထိ ကျနိုင်တယ်ဆိုပြီး စစ်ကောင်စီရေးဆွဲထားတဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဘာများ မှတ်ချက်ပေးလိုပါသလဲ။

ဖြေ − ဥပဒေတို့၊ ဥပဒေမူကြမ်းတို့ဆိုတာက လွှတ်တော်မှာရေးဆွဲ၊ အတည်ပြု၊ တစ်ဆင့်ချင်းသွားရမဲ့ကိစ္စတွေမှာ ဒီလိုမျိုး လူထုဆီက၊ ရွေးကောက်ခံကိုယ်စားလှယ်တွေဆီက အာဏာကို လုယူထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ ဒီလိုဥပဒေပြုတယ်ဆိုတာက လုံးဝ လက်ခံနိုင်စရာလည်း မရှိဘူး၊ အဓိပ္ပာယ်လည်း မရှိဘူး၊ ဘယ်မှာမှ သုံးလို့မရတဲ့ ဥပဒေလို့ ပြောရမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သူတို့ပြောလာတဲ့ ဥပဒေတွေဆိုတာ အာဏာရှင်ရဲ့ အမိန့်တွေကို ဒီဥပဒေထဲမှာ လျှောက်ရေးထည့်ထားတာ။ သူတို့ ဖြစ်ချင်တာတွေ၊ လူထုကို နှိပ်ကွပ်မယ့်ဟာတွေ၊ သားရေကွင်းလို ချုံ့လို့ချဲ့လို့ရမဲ့ဟာတွေကို ဥပဒေထဲမှာ ထည့်ထားတဲ့ ကိစ္စမျိုးတွေကို ကျွန်တော်တို့ လက်ခံလို့မရဘူး၊ ဒါက သူတို့လုပ်ရမဲ့ အလုပ်လည်း မဟုတ်ဘူး။

နောက်တစ်ပိုင်းကတော့ VPN လိုဟာမျိုးကို Cyber ​​security Law ထဲမှာ ထည့်လာတယ်ဆိုတာက အဓိပ္ပာယ်မရှိဘူး။ လူတစ်ဦးချင်းစီရဲ့ လုံခြုံရေး၊ ကုမ္ပဏီတစ်ခုရဲ့ လုံခြုံရေး၊ နိုင်ငံတော်ရဲ့ လုံခြုံရေး ဘယ်ကိစ္စမှာဆို VPN ကို ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြတာ၊ Data တွေကို မပေါက်ကြားအောင် VPN ကို သုံးစွဲလာတာဖြစ်တယ်ဆိုတော့ VPN သုံးတာကို ကန့်သတ်တယ်ဆိုတာဟာ ခေတ်နောက်ပြန်ဆွဲတဲ့ ကိစ္စတွေလို့ ပြောလို့ရတယ်။  

မေး − ဥပဒေတွေ ပြဋ္ဌာန်းပြီးတော့မှ လွတ်လပ်စွာပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်တွေကို ကန့်သတ်ဖို့ ကြိုးစားတဲ့အခါမှာ ဘယ်နေရာတွေမှာ ဆိုးကျိုးဖြစ်လာနိုင်သလဲ။

ဖြေ − အခုခေတ်မှာ ဆက်သွယ်ရေးတို့၊ ဆိုရှယ်မီဒီယာတို့၊ အင်တာနက်တို့ဆိုတာ တကယ့်ကို စီးပွားရေးအတွက် အရေးပါဆုံးကိစ္စတွေ ဖြစ်လာပြီလေ။ ဖြတ်တောက်တာတို့ သုံးခွင့်မပေးတာတို့ဆိုရင် ဒီဆက်သွယ်ရေးတစ်ခုတည်းကို နစ်နာတာမဟုတ်ဘူး၊ အခြေခံအားဖြင့် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေကိုပါ ထိခိုက်တယ်။ သူတို့ လွတ်လပ်စွာ စကားပြောခွင့်မရှိဘူး၊ လွတ်လပ်စွာ ဆက်သွယ်ခွင့်မရှိဘူး၊ သတင်းအချက်အလက်စီးဆင်းမှုဆိုတာတွေ မရှိတော့ဘူး။ ဒါ့အပြင် ဘဏ်ကိစ္စမှ မဟုတ်ဘူး စီးပွားရေးကို အများကြီးထိခိုက်လာနိုင်တယ်။

ကျွန်တော်တို့နိုင်ငံက ဒီလိုမျိုး ဆက်သွားနေမယ်ဆိုရင် စီးပွားရေးကော နိုင်ငံရေးအရကော ချွတ်ခြုံကျလာမဲ့အနေအထားမျိုးကို တွေ့ရမှာဖြစ်တယ်၊ လူထုရဲ့နေ့စဉ်ဘဝမှာလည်း ထိခိုက်လာမယ်၊ သတင်းအချက်အလက်တွေလည်း ကောင်းကောင်းမစီးဆင်း၊ ကိုယ့်ရဲ့ဆွေမျိုးတွေနဲ့ တယ်လီဖုန်းပြောချင်ရင်တောင်မှပဲ နောက်ကနေ နားထောင်နေမယ်ဆိုရင် ဒါက လူထုရဲ့ လုံခြုံရေးကို ထိခိုက်မယ်၊ ဒါတွေက လုံးဝမလုပ်သင့်ဘူး၊ နိုင်ငံတကာမှာလည်း ဘယ်သူမှ ဒါတွေကို မလုပ်တော့ဘူး၊ ဘယ်အစိုးရကမှ ဒါတွေကို စောင့်ကြည့်တာမရှိဘူး၊ ဒါတွေကို လုပ်တယ်ဆိုရင်တော့ ဒါဟာ လွတ်လပ်တဲ့နိုင်ငံလို့ ပြောလို့မရတော့ဘူး၊ တကယ့်ကို အာဏာရှင်နိုင်ငံဖြစ်သွားလိမ့်မယ်။

မေး −  ဆက်သွယ်ရေး Operator တွေကနေတစ်ဆင့် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီက တောင်းနေတယ်။ Telenor ဆိုရင်လည်း သူ့သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ပေးနေရတာတွေ ရှိပါတယ်ဆိုတော့ NUG အနေနဲ့ ဒီကိစ္စအပေါ်မှာ ဘာတွေများ လုပ်ပေးနေပါသလဲ။

ဖြေ −  တယ်လီနောကို ဒီလိုရောင်းချတာဟာ မြန်မာပြည်မှာ လူ့အခွင့်အရေးမရှိတော့ဘူး၊ စီးပွားရေးလုပ်လို့မရတော့ဘူး၊ လူထုကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီရဲ့အောက်မှာ မလုပ်ချင်တော့ဘူးဆိုပြီး‌တော့ သူတို့က ထွက်ဖို့ ကြိုးစားတဲ့သဘောလို့ ကျွန်တော်တို့က မြင်တယ်။

ဒါပေမဲ့ တစ်ဖက်မှာ ပြန်ကြည့်ရင် အရှုံးခံပြီးတော့ ရောင်းပြီးတော့ ထွက်မှာဆိုပေမဲ့ ရောင်းသွားမဲ့ကုမ္ပဏီကို ကြည့်ပြန်တော့လည်း ဒါဟာ လက်ခံလို့ရတဲ့ ကုမ္ပဏီမဟုတ်ဘူး၊ တကယ့်ကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကုမ္ပဏီဖြစ်တဲ့အပြင် စစ်ကောင်စီရဲ့ လက်အောက်ခံကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုပ်မယ်ဆိုတော့ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ လူထုရဲ့ အချက်အလက်တွေ၊ ဘယ်သူတွေက ဘာတွေသုံးနေတယ်၊ ဘယ်မှာရောက်နေတယ် စသဖြင့် အဲဒီ Data (အချက်အလက်) တွေကို လွှဲပြောင်းပေးရမယ်ဆိုရင်တော့ လူထုဟာ အင်မတန်မှကို နစ်နာမယ်၊ တယ်လီနောကို ယုံယုံကြည်ကြည်နဲ့ သုံးစွဲနေတဲ့သူတွေက ၁၈ သန်းလောက်ရှိတာကိုး၊ ဒီလူတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီက ရသွားရင် ကျနော်တို့ရဲ့လူထု ကျွန်တော်တို့ရဲ့ ဒီမိုကရေစီဘက်တော်သားတွေ အန္တရာယ်ကြုံနိုင်တဲ့ အနေအထားရှိတယ်။

ဒါကြောင့် နော်ဝေအစိုးရနဲ့ နော်ဝေပါလီမန်နဲ့ ကျွန်တော်တို့ကို ထောက်ခံတဲ့ နော်ဝေနိုင်ငံသားတွေနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာနေတာရှိတယ်၊ ဘယ်လိုမျိုးတော့ လုပ်သင့်ပါတယ်ဆိုတဲ့ဟာမျိုးကို ပြောထားတာရှိတယ်။ ကျွန်တော်တို့ လုပ်ထားတဲ့အလုပ်ဟာ တော်တော်လေး ခရီးရောက်နေပြီ၊ အဲဒီတော့ တယ်လီနောနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုဟာ ကျွန်တော်တို့ဘက်က အောင်မြင်မှုရလိမ့်မယ်လို့ ယုံကြည်ပါတယ်။  

မေး − စစ်ကောင်စီတပ်က လမ်းပေါ်မှာတင် လက်ကိုင်ဖုန်း စစ်ဆေးနေတာကြောင့် နေအိမ်အပြင်ထွက်တယ်ဆိုရင် Facebook မှာ ဘာတွေများ ရေးထားမိသလဲ အစရှိသဖြင့် စိုးရိမ်နေကြရတာဆိုတော့ NUG အနေနဲ့ ဖုန်းသုံးသူတွေကို ဘယ်လိုကူညီနိုင်မလဲ။

ဖြေ − ကိုဗစ်ကာလမှာ ထပ်ပြီးတော့ အာဏာသိမ်းတယ်၊ အာဏာသိမ်းလို့ စီးပွားရေးတွေ ကျဆင်းလာတယ်၊ လူထုရဲ့ လွတ်လပ်ခွင့်ကို ထပ်ပြီးတော့ ထိပါးလာတယ်ဆိုတော့ ကျွန်တော်တို့က လူ့အခွင့်အရေးရှုထောင့်ကနေရော နိုင်ငံတကာရဲ့ စံချိန်စံညွှန်းနဲ့သော်လည်းကောင်း ဒါတွေကို  ဆက်ပြီးတော့ ကန့်ကွက်သွားဖို့ရှိနေတယ်၊ ကန့်ကွက်လည်း ကန့်ကွက်နေပါတယ်။ ဒါပေမဲ့ လူထုအနေနဲ့ကလည်း ပါးနပ်ပြီးသားဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၇ ရွှေဝါရောင်တုန်းကတည်းက အာဏာရှင်က ဒီလိုမျိုး အင်တာနက်တွေကို ဖြတ်တောက်တယ်၊ Google Mail ကို သုံးလို့မရဘူးဆိုပြီး ဖြတ်တောက်တယ်၊ အဲဒီအချိန်တည်းကနေပြီးတော့ လူထုက ဒါကို ဘယ်လိုနည်းလမ်းနဲ့ သုံးရင်တော့ သူတို့အတွက် လုံခြုံမလဲဆိုတာကို ရှာဖွေတွေ့ရှိပြီးသားဖြစ်ပါတယ်။

အခုလည်း ဒီအတိုင်းပဲဆိုတော့ လူထုက ဘယ်လိုနည်းလမ်းနဲ့ဆိုရင်တော့ သူတို့အတွက် Safe ဖြစ်မလဲ (လုံခြုံမလဲ) ဆိုတာကို သိပြီးသား၊ ကျွန်တော်တို့အနေနဲ့လည်း လက်သိပ်ထိုးပြောပြနေတာရှိတယ်၊ အဲဒီလိုပဲ လူထုကလည်း သူ့နည်းသူ့ဟန်နဲ့ ရှာဖွေတွေ့ရှိပြီးတော့ သုံးစွဲနေတာတွေရှိတယ်။ 

ကျွန်တော်တို့လူထုက သန်း ၃၀ လောက်က ဆိုရှယ်မီဒီယာကို သုံးနေတာဗျာ၊ သူတို့ရဲ့ လက်တစ်ဆုပ်စာလူက လိုက်ပြီးစစ်နေတယ်ဆိုတာက စစ်နိုင်ရင် ခဏပေါ့။ ဘယ်လိုမှ ပိတ်လို့မရပါဘူး၊ လူထုက သူ့နည်းသူ့ဟန်နဲ့ ကျော်လွှားပြီးတော့ သွားနေကြတာဖြစ်တယ်။ ကျွန်တော် လူထုကို ပြောချင်တာကတော့ ဒါဟာ အခိုက်အတန့်ဖြစ်တယ်၊ ခဏလေးတော့ သည်းခံပေးပါ၊ ကျွန်တော်တို့အနေနဲ့လည်း ကြိုးစားနေတယ်၊ တဖြည်းဖြည်းနဲ့တော့ ဒါကို ဖြေရှင်းသွားလို့ရနိုင်တဲ့ အခြေအနေကို ရောက်လာပါလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ လောလောဆယ်မှာ လူထုကို ဒီလောက်ပဲ အားပေးစကားပြောနိုင်ပါသေးတယ်။ 

မေး − ပြည်သူတွေ သတင်းသိပိုင်ခွင့်အတွက် NUG က ဘာများလုပ်ပေးနေသလဲ။

ဖြေ − သတင်းအမှောင်ချတယ်၊ သတင်းထောက်တွေကိုလည်း ဖမ်းမယ်၊ ထောင်ချမယ်၊ ဒီလိုမျိုးတွေရှိနေတဲ့အချိန်မှာ ဒီလိုမျိုး တော်လှန်ရေးဖြစ်လာတိုင်းမှာ သတင်းထောက်တွေ ပိုပိုထွက်လာတယ်လို့ ကျွန်တော်ယုံကြည်တယ်ဗျ။ တကယ့်ကို သင်တန်းတွေ မတက်ခဲ့ရတဲ့ လူထုတွေကိုယ်တိုင်က ကျွန်တော်တို့ဆီကို သတင်းတွေ လာပေးနေတာတွေရှိတယ်။ ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီးတော့ သတင်းတွေပြန်ထုတ်လွှင့်နေတဲ့ မီဒီယာတွေလည်း ရှိနေတယ်။

ကျွန်တော်တို့ကိုယ်တိုင်လည်း Radio NUG ဆိုပြီးတော့ ထုတ်လွှင့်နေတာတွေရှိတယ်။ PVTV ဆိုပြီးတော့ လုပ်နေတာရှိတယ်။ ပြည်တွင်းမှာတော့ သတင်းထောက်အင်အား နည်းသွားတယ်လို့ ပြောလို့ရပေမဲ့ လူထုကိုယ်တိုင်က ကျွန်တော်တို့ရဲ့ သတင်းထောက်တွေ ပြန်ဖြစ်နေတယ်။ 

လူထုအနေနဲ့ကတော့ NUG ကနေသော်လည်းကောင်း သို့မဟုတ် အခြားသော လွတ်လပ်တဲ့ မီဒီယာတွေဆီကနေ သတင်းတွေ ရယူနိုင်တဲ့အနေအထားကို ကျွန်တော်တို့တွေ့နေရတယ်။ ထို့အတူ သတင်းတွေ ဘယ်ကမှ မရဘူးဆိုရင်တောင် ဟိုခေတ်ကလိုမျိုး ရေဒီယို ပြန်ဖမ်းယူနားထောင်ပြီးတော့ သတင်းတွေရယူနိုင်ပါတယ်။

မေး − သတင်းစာတွေထဲမှာ တွေ့နေရတာက NUG, CRPH ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်၊ ဒီလူတွေကို အားပေးရင် ထောက်ခံရင် ပြစ်မှုမြောက်တယ်ဆိုပြီးတော့ Facebook Post တွေကို အခြေခံပြီးတော့ ဖမ်းနေတာတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ − မြန်မာပြည်ထဲမှာရှိနေတဲ့သူ အကုန်လုံးကတော့ ထောင်ကျနေတာနဲ့ သိပ်ပြီးတော့တော့ မထူးတော့ဘူးဆိုတော့ သူတို့သာလျှင် ပြန်ပြီးဘေးရောက်ပြီးတော့ အင်တာနက်သုံးစွဲတဲ့ လူထုသာလျှင် ပြန်လွတ်မြောက်လာမဲ့ အနေအထားမျိုးကို တွေ့နေရပါတယ်၊ အဲဒီတော့ လူထုရဲ့ အင်အားသာလျှင် အရေးကြီးပါတယ်။ သူတို့ကတော့ ခြိမ်းခြောက်မယ်၊ ဖမ်းမယ်၊ ထောင်ချမယ်ပေါ့။ (အင်တာနက်သုံးတဲ့) သန်း ၃၀ လုံးကို ဖမ်းမှာလား၊ ဒီလိုမျိုး ကျွန်တော်တို့ ပြန်ပြီးတော့ တွေးရမှာပါ၊ အဲဒီတော့  လူထုရဲ့ စည်းလုံးညီညွတ်မှု တွန်းလှန်နိုင်မှုကို ကျွန်တော်ယုံတယ်။

ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ တစ်ချိန်တုန်းက NUG ကို လေလှိုင်းပေါ်က အစိုးရဆိုပြီးတော့ ပြောခဲ့တဲ့ စစ်ကောင်စီရဲ့ ပါးစပ်ပေါက်တွေ ပိတ်သွားနိုင်တဲ့အနေအထားပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီခေတ်မှာ နည်းပညာခေတ်ဗျာ သူတို့ပြောခဲ့တဲ့ လေပေါ်က ဆိုတာမှာ အခု ဆိုရှယ်မီဒီယာပေါ်ကဟာတွေကိုတောင် သူတို့ ပြန်ပြီးတော့ ကြောက်နေရပြီ၊ လူထုရဲ့ အင်အားကို တွေ့ရပြီလေ၊ Facebook ပေါ်ကနေ စည်းလုံးညီညွတ်မှုကို ပြခဲ့ပြီလေ၊ အခုပဲ Profile ပြောင်းဟေ့ဆို ပြောင်းရဲတယ်၊ ဘယ်နေ့မှာတော့ ငြိမ်သက်ခြင်းသပိတ်လုပ်မယ်ဆိုရင် သူနည်းလမ်းနဲ့သူ လုပ်ကြတယ်။ သူတို့က ဆိုရှယ်မီဒီယာကို အင်မတန်မှကြောက်နေတယ်၊ သူတို့ကြောက်တဲ့ကိစ္စမှာ အခြားနည်းလမ်းရှာစရာ မရှိဘူး၊ သူတို့မှာ လူထုကို ဖမ်းမယ်၊ ဆီးမယ်၊ ကြောက်အောင်လို့ လုပ်ပြတယ်၊ လူမိုက်တွေဆိုတာက ဒါပဲ လုပ်တတ်တာကိုးဗျ။

ဒါပေမဲ့ သန်း ၃၀ လောက်က အင်တာနက်သုံးတယ်၊ အရွယ်ရောက်ပြီးသားလူတိုင်း Facebook သုံးတယ်၊ ဆိုရှယ်မီဒီယာသုံးတယ်ဆိုတော့ ဒီလိုကိစ္စမျိုးဟာ ခဏတာပဲ ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်၊ လူတိုင်းက Facebook သုံးနေတာ၊ စစ်တပ်လည်းသုံးတယ်၊ ရဲလည်းသုံးတယ်၊ သူတို့ရဲ့ မိသားစုတွေလည်း သုံးတယ်၊ ဒါဆိုလို့ရှိရင် စစ်တပ်ထဲကလူတွေကိုလည်း သူတို့ဖမ်းနိုင်မလား၊ ရဲတွေကိုကော သူတို့ဖမ်းနိုင်မလား၊ လူထု သန်း ၃၀ လောက်ကိုကော သူတို့ဖမ်းနိုင်မလား၊ အဲဒီတော့ ဒါသည် ခဏတာဖြေရှင်းတဲ့ နည်းလမ်းပဲ ဖြစ်လိမ့်မယ်။

မေး − လူထုကတော့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်နေကြတာပေါ့၊ ဆိုတော့ ဒီတော်လှန်ရေးမှာ ဒီလိုဆန္ဒပြတဲ့ လူထုကို ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအနေနဲ့ အကူအညီပေးတာမျိုး ထူးခြားချက်တစ်ခုလောက် ပြောနိုင်မလား။

ဖြေ − ကျွန်တော်တို့လည်း အစိုးရဖြစ်တဲ့အလျောက်၊ ကျွန်တော်တို့လည်း တာဝန်ရှိတဲ့အလျောက် ကျွန်တော်တို့ လုပ်နိုင်တဲ့ကိစ္စ ဖြစ်နိုင်တဲ့ကိစ္စတွေ ကျွန်တော်တို့ လုပ်ပေးနေတာတွေရှိပါတယ်၊ ဒါပေမဲ့ ဘယ်ဟာလဲဆိုတာကိုတော့ ကျွန်တော် အခုအချိန်မှာ မပြောနိုင်သေးပါဘူး။ အဲဒီအတွက်ကိုလည်း တောင်းပန်ပါတယ်။ 

ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အခုဆိုရင် တော်တော်လေးကို အရှိန်ရလာပြီ၊ စစ်ကောင်စီကလည်း ကျွန်တော်တို့ကို ကြောက်ပြီးတော့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီးတော့ အင်အားကို အလွန်အကျွံသုံးပြီးတော့တောင်မှပဲ ကျွန်တော်တို့ရဲ့ ထိုးစစ်ကို ပြန်ပြီးတော့ တွန့်နေရတဲ့ အနေအထားတွေ တွေ့နေရပြီ၊ တိုက်တဲ့အခါမှာတော့ နိုင်ငံရေး၊ စီးပွားရေး စစ်ရေး နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ အာဏာရှင်ပြုတ်ကျဖို့ ကြိုးစားနေကြတယ်၊ အဲဒီအချိန်မှာ လူထုကလည်း နည်းလမ်းပေါင်းစုံနဲ့ ပါဝင်နေကြတာကို တွေ့နေရတယ်၊ ကျွန်တော်တို့ကို အကြံပေးစရာ၊ ဝေဖန်စရာရှိရင်လည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button