အာဏာသိမ်းပြီးနောက် တရိပ်ရိပ်မြင့်တက်လာသည့် ပြည်တွင်းစက်သုံးဆီဈေးမှာ ယခုလဆန်းပိုင်းတွင် တစ်လီတာ ကျပ် ၂၀၀၀ ဝန်းကျင်အထိ ဖြစ်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ဈေးနှုန်းများက ဆိုသည်။
ဖေဖော်ဝါရီ ၂၅ တွင် ရန်ကုန်၌ ပရီမီယံဒီဇယ် တစ်လီတာ ၁,၇၄၀ ကျပ်ရှိရာမှ ယနေ့(မတ် ၃) တွင် ၁,၉၃၅ ကျပ်အထိ ဈေးမြင့်တက်လာသလို ဓာတ်ဆီ(၉၅) တစ်လီတာ ၁,၈၁၀ ကျပ်မှ ၁၉၆၅ ကျပ်အထိ ဖြစ်လာသောကြောင့် ကျပ် ၂၀၀ နီးပါး မြင့်တက်လာသည်။
ယနေ့ ရန်ကုန် စက်သုံးဆီဈေးမှာ ၂,၀၀၀ အောက်တွင် ရှိသော်လည်း ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကယား၊ ရခိုင်၊ ရှမ်းနှင့် ကချင်တွင် တစ်လီတာ ကျပ် ၂၀၀၀ မှ ၂၂၀၀ နီးပါးအထိ ရှိနေကြောင်း Denko ဆီဆိုင်၏ ဆီဈေးနှုန်းများအရ သိရသည်။
ယူကရိန်း – ရုရှားစစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးမြင့်တက်လာချိန်တွင် ပြည်တွင်း၌ စက်သုံးဆီဈေး လိုက်ပါမြင့်တက်ခြင်းဖြစ်ပြီး ယမန်နေ့တွင် တစ်ရက်အတွင်း တစ်လီတာ ၁၀၀ ကျပ်အထိ ဈေးတက်ခဲ့ကြောင်း အမည်မဖော်လိုသည့် စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ဝယ်ရမှာလည်းကြောက်၊ ရောင်းရမှာလည်းကြောက်ဖြစ်နေတာ။ ရောင်းလည်းမရောင်းရဲ ဝယ်လည်းမဝယ်ရဲ။ ဝယ်ရင်လည်း အမြင့်ဆုံးဈေးလို့ ထင်တယ်။ ရောင်းလိုက်ပြန်ရင်လည်း နောက်နေ့ ထပ်တက်သွားရင် မဝယ်နိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။
ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁,၉၆၀ ဝန်းကျင်ဖြင့် ငြိမ်နေခြင်းကြောင့် စက်သုံးဆီဈေးအပေါ် သက်ရောက်မှုနည်းနေသော်လည်း ဒေါ်လာဈေးနှင့် ကမ္ဘာ့ရေနံဈေးနှစ်ခုလုံး ပြိုင်တက်လာပါက ယခုထက် ဈေးပိုတက်နိုင်ကြောင်း အထက်ပါလုပ်ငန်းရှင်က ဆိုသည်။
မူရင်းဆီဈေးတက်၍ တင်သွင်းရသည့် စရိတ်စကနှင့် အရင်းအနှီးကြီးသော်လည်း အကျိုးအမြတ်မသေချာကြောင်း ယခုထက် ဈေးပိုတက်လာပါက တင်သွင်းနိုင်စွမ်းလျော့ကျလာပြီး ဆီပြတ်လပ်မှု ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်ခြင်း မပြုမီ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကမ္ဘာ့ရေနံစိမ်းဈေး တစ်စည် ၉၁ ဒေါ်လာရှိရာမှ ယခုအခါ ၁၁၀ အထိ ရှိလာကြောင်း၊ ကမ္ဘာ့ဈေးတက်သလို ပြည်တွင်းဈေးလည်း လိုက်တက်ကြောင်း နောက်ထပ် စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
“ပြည်ပဈေးတက်ရင်တော့ ပြည်တွင်းဈေးလည်း တက်မှာပဲ။ ကျွန်တော်တို့က ဒေါ်လာနဲ့ ဝယ်ရတာကိုး။ ဒေါ်လာဈေးက ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ကျပ် ၁၉၃၀ နဲ့ ၁၉၇၀ ကြားမှာ ငြိမ်နေတော့ ပြဿနာမရှိဘူး” ဟု ၎င်းက ဆိုသည်။
ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ဈေးတက်လျှင် အချိန်မဆိုင်းလိုက်တက်ပြီး ကမ္ဘာ့ဈေးပြန်ကျချိန် ဈေးပြန်မကျကြောင်း စက်သုံးဆီဝယ်ယူအသုံးပြုသူများက ဝေဖန်သည်။
စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးမကောင်းသည့်ပြင် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းကို ရပ်ဆိုင်းထားရကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ကုန်ပို့ဆောင်ရေးလုပ်ကိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။
“အစောကြီးပိုင်းကတည်း အလုပ်မကောင်းတာ။ အခုကတော့ ရပ်ထားရတယ်။ ဆီဈေးကြောင့်လည်း ပါတယ်။ အလုပ်မကောင်းတာလည်း ပါတယ်။ ဆီဈေးတွေလည်း အရမ်းတက်တယ်။ သွားရတာ (ပစ္စည်းပို့) လည်းမရှိတော့ ဆီထည့်ပြီး သွားမနေတော့ဘူး။ အိမ်မှာပဲ ထိုင်နေလိုက်တယ်” ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် ပြည်ပသွင်းကုန်များ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးတင်သွင်းသူများကို စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာတိုက်ရိုက်ရောင်းချပေးနေသည်။
ထိုဒေါ်လာဖြင့် စက်သုံးဆီတင်သွင်းကာ စက်သုံးဆီကို ဈေးကွက်ပေါက်ဈေးထက် လျှော့၍ ရောင်းချရန် စစ်ကောင်စီက စီစဉ်ခြင်းဖြစ်ကာ လက်ရှိအချိန်ထိ လျှော့ဈေးဖြင့် ရောင်းချသည့် ဆိုင် ၃၀၀ ရှိသည်ဟု စက်သုံးဆီလုပ်ငန်းရှင်တို့က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



