တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတွင် တပ်စွဲထားသည့် ပျူစောထီးနှင့်စစ်တပ် ပူးပေါင်းတပ်ဖွဲ့ကို ယမန်နေ့ (မတ် ၁) နံနက်ပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က သွားရောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့ သွားရောက်တိုက်ခိုက်စဉ် အိမ်စီးကားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ပုလောမြို့နယ် (PPDF) ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။
“ပျူစောထီးတွေကို ကျွန်တော်တို့က သွားတိုက်တာပါ။ တိုက်ခိုက်မှုဖြစ်နေတဲ့အချိန်မှာ စ.က.စ ဘက်ကနေ စစ်ကူလာတော့ အဲဒီမှာ ဆက်ဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။
အခြား ဒေသခံ PDF အဖွဲ့တစ်ခုနှင့် ပူးပေါင်းကာ သွားရောက်တိုက်ခိုက်စဉ် ပလောက်မြို့အခြေစိုက် တိုင်းဗဟို (၁၂) မှ စစ်တပ်က အင်အား ၃၀ ခန့် အရပ်သားယောင်ဆောင်ရောက်ရှိလာသည်ဟု ထိုပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
“ကျွန်တော်တို့ဘက်ကတော့ (ထိခိုက်တာ) မရှိဘူး။ သူတို့ဘက်ကတော့ အထိအခိုက်အကျအဆုံးတော့ အတိအကျတော့ မသိရသေးဘူး။ ဆေးရုံကားနှစ်စီးလာတယ်။ မှန်းဆတာကတော့ နှစ်ယောက်၊ သုံးယောက်လောက်တော့ ထိမယ်လို့ ထင်တာပဲ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင်လည်း ပုလောမြို့နယ်အနီးရှိ ဆားခဲ၊ ပဝတ်ဖျား၊ ပဝတ်ကုန်း၊ ကဗျာ၊ လက်ပံပြင်ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ အသက် ၃၅ နှစ်အရွယ် PDF တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။
ထိုတိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက အင်အားတိုးထားပြီး ပုလောရှိ အလယ်တန်းကျောင်းတွင် တပ်စွဲထားကြောင်း၊ ပျူစောထီးများက နေ့စဉ် သေနတ်များပစ်ဖောက်ကာ ဆဲဆိုခြိမ်းခြောက်နေ၍ စိုးရိမ်နေရကြောင်း၊ ရွာမှ ထွက်ခွာလိုသော်လည်း စီးပွားရေးလုပ်ငန်းများရှိနေ၍ အခြားနေရာသို့ မပြောင်းရွှေ့နိုင်သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့မှာ စီးပွားရေးကလည်း ဒီမှာပဲ အခြေချနေတာဆိုတော့ တစ်နေရာရာကို ပြောင်းဖို့ဟာကို ကြောက်နေတာပေါ့။ စီးပွားရေးအခြေမခိုင်မှာကို ကြောက်လို့ပေါ့” ဟု ၎င်းက ဆိုသည်။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော ထမင်းမစားကျေးရွာမှာ ပုလောမြို့နှင့် ၁၀ မိုင်ခန့်အကွာ ပုလော- ထားဝယ်ကားလမ်းမဘေးတွင် ရှိသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အဆိုပါကျေးရွာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များကို လက်နက်တပ်ဆင်ပေးသဖြင့် ပျူစောထီးအဖွဲ့ဝင်များ အင်အားကောင်းလာခြင်းဖြစ်သည်ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
“သူတို့က ရွာမှာ အမြဲတမ်းခြိမ်းခြောက်နေတော့ ကျွန်တော်တို့မှာ ကြောက်ပြီးတော့ နေရတယ်။ သူတို့မှာက လက်နက်တွေနဲ့ဆိုတော့ ရွာက ကြောက်နေရတာပေါ့” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီးချိန်မှစ၍ တစ်နှစ်နီးပါးအတွင်း တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံထားရသူ ၉၅၀ နီးပါးနှင့် ပစ်သတ်ခံရသူ ၆၉ ဦးထိရှိနေကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် သံလွင်တိုင်းသတင်းဌာနက ဇန်နဝါရီ ၂၂ တွင် ရေးသားသည်။
ထို့ပြင် စစ်ကောင်စီတပ်များနှင့် ဒေသခံ PDF တပ်ဖွဲ့များကြား တိုက်ပွဲများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ ဒေသခံ ၄,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)