သတင်း

ကရင်နီတွင် စစ်ရှောင်ရွာပင်မချန် စစ်ကောင်စီ ဗုံးကြဲ

တောင်ငူ-ဒီးမော့ဆို-လွိုင်ကော် ကားလမ်းပေါ်ရှိ လိုဘာခိုကျေးရွာကို စစ်ကောင်စီက ယနေ့ (ဖေဖော်ဝါရီ ၂၇) နံနက် ၁ နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ဒေသခံနှင့် ထိုရွာသို့ ရောက်နေသည့် စစ်ဘေးရှောင် ၃၀၀၀ ခန့် ထွက်ပြေးရပြန်သည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့က အတည်ပြုသည်။

ထိုနေရာမှာ ဒေသခံတို့က ကရင်နီပြည်နယ်ဟု သတ်မှတ်ခေါ်ဆိုသည့် ရှမ်းပြည်နယ်ဒေသအချို့နှင့် ကယားပြည်နယ်ဧရိယာအတွင်းရှိ ဒီးမော့ဆိုမြို့နယ်၏ အနောက်ဘက်ခြမ်းတွင် ရှိသည်။

လိုဘာခိုရွာသို့ စစ်တပ်ကြဲချသည့် ဗုံးမှာ ဆေးရုံအနီး ကျရောက်ပေါက်ကွဲကြောင်း၊ နေအိမ်တစ်လုံး ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးထံမှ သိရသည်။

ဗုံးဒဏ်မည်မျှ ခံခဲ့ရသည်ကိုမူ အသေးစိတ်အတည်မပြုနိုင်သေးသော ထိုရွာနှင့် အနီးတစ်ဝိုက်တွင် မည်သည့်တိုက်ပွဲမျှမရှိဟု ထိုအမျိုးသမီးနှင့် ကရင်နီပြည်နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

လိုဘာခိုရွာသည် ဒေသခံခုခံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေသည့် ဒီးမော့ဆိုမြို့နှင့် ၁၉ မိုင်ခန့် ကွာဝေးသည်ကို မြေပုံမှတ်တမ်းတွင် တွေ့ရသည်။


ဖေဖော်ဝါရီ ၂၇ ရက်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့် ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာ တည်နေရာပြမြေပုံ။ 

ထိုဖြစ်စဉ်အပြီးတွင် အခြားမှ စစ်ရှောင်ရန် ရောက်နေသူများသာမက ရွာခံများပါ လိုဘာခိုရွာကို စွန့်ခွာသွားကြသည်ဟု အထက်ပါ ကူညီရေးကွန်ရက်တာဝန်ရှိသူ အမျိုးသားက ပြောသည်။

“ရွာမှာ သူတို့ မနေရဲကြတော့ဘူး။ အရင်က camp (ယာယီတဲ) လေးတွေနဲ့ တဲထိုးပြီးတော့ နေကြတဲ့ဟာတွေ အခု တဲထိုးပြီးတော့မှ မနေရဲတဲ့ အနေအထားဖြစ်နေတယ်” ဟု ထိုသူက ပြောသည်။

“ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်က စိမ်းစိမ်း(မိုးကာစဖြင့် ကာရံထားသည့် ယာယီတဲ) မြင်ရင် ဗုံးကြဲမယ်ဆိုတဲ့ အတွေးက ပြည်သူတွေမှာ ရှိသွားတယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

စစ်ရှောင်များမှာ လိုဘာခိုရှိ ယာယီစစ်ရှောင်စခန်းများမှ တာလပတ်အမိုးအကာများကိုပင် ဖြုတ်ယူမသွားနိုင်ကြောင်း၊ ချမ်းအေးချိန်တွင် တော၊ တောင်များအတွင်း ဖြစ်သလိုနေထိုင်နေရသဖြင့် အနွေးထည်၊ စောင်နှင့် အသုံးအဆောင်များ အရေးတကြီးလိုအပ်နေကြောင်း ၎င်းထံမှ သိရသည်။

“အခုက တော်တော်လေး အခက်အခဲ ဒုက္ခရောက်နေတယ်။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးကြတဲ့လူ အများစုပါတယ်လေ။ ရိက္ခာလည်း မသယ်နိုင်ကြဘူး။ ကျွန်တော်ထင်တယ်။ ရိက္ခာပြတ်လပ်မှုတော့ ဖြစ်လာနိုင်တယ်” ဟု ထိုသူက ပြောသည်။

စစ်ရှောင်စခန်းများကိုပါ ပစ်မှတ်ထား ဗုံးကြဲ၊ ရိက္ခာသယ်ယူရာလမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထားသည့် စစ်ကောင်စီ၏အပြုအမူမှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းသာဖြစ်သည်ဟု အထက်ပါ ကူညီရေးကွန်ရက်တာဝန်ရှိသူက သုံးသပ်သည်။

“ဖြတ်လေးဖြတ်လုပ်တဲ့ အနေအထားရှိတဲ့အတွက်ကြောင့်မို့လို့ ကြာလာရင်တော့ ပြည်သူတွေ အငတ်ဘေးကြုံလာပြီး ပိတ်မိပြီးသေဆုံးနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် နိုင်ငံတကာအကူအညီရော တခြားအကူအညီရော အများကြီးလိုအပ်တယ်” ဟု ၎င်းက ဆိုသည်။

Myanmar Now က အတည်ပြုဖော်ပြပြီး သတင်းမှတ်တမ်းများအရ ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှစ်လအတွင်း စစ်ကောင်စီက ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်များရှိ စစ်ရှောင်စခန်းများကို ငါးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သည်ကို တွေ့ရသည်။ ထိုဖြစ်စဉ်များအတွင်း အရပ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံကြရာတွင် ကရင်နီပြည်နယ်သည်လည်း ရှေ့တန်းမှပါဝင်နေသည်။

မြို့တော် လွိုင်ကော်ရှိ စစ်အုပ်ချုပ်ရေးယန္တရားကိုပါ ဒေသခံခုခံရေးအဖွဲ့များက ခြိမ်းခြောက်နိုင်ခဲ့ပြီးနောက် ယခုလဆန်းမှစ၍ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်၊ လက်နက်ကြီး၊ လေကြောင်းပါ သုံး၍ ထိုဒေသအတွင်း၌ စစ်ကောင်စီက အကြီးအကျယ်စစ်ဆင်နေသည်။

ဖေဖော်ဝါရီ ၁၆ မှ ၂၁ အထိ စစ်တပ်လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်၊ ၁၂၀ မမ၊ ၈၀ မမ လက်နက်ကြီးဖြင့် အကြိမ်ပေါင်း ၅၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ကယားပြည်နယ်ဝန်ကြီးချုပ်က ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များ တည်ငြိမ်ရန် ကြိုးစားနေဆဲဖြစ်သည်ဟု နေပြည်တော်၌ ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သော အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ထံ ဝန်ခံထားသည်ကို ပေါက်ကြားလာသည့် အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။

လက်တွေ့တွင်လည်း နေပြည်တော်သို့ ဝင်ပေါက်ဖြစ်သည့် ရှမ်းပြည်နယ် မိုးဗြဲနှင့် ကယားရှိ ဒီးမော့ဆိုသို့ သွားရာ လမ်းတစ်လျှောက် ကျေးရွာများကို ဖေဖော်ဝါရီလလယ်မှစ၍ စစ်ကောင်စီက ပစ်မှတ်ထားကာ အပြင်းအထန်တိုက်ခိုက်နေသည်။

မိုးဗြဲမြို့နှင့် ကပ်လျက်၊ ဒီးမော့ဆိုမြို့သို့ ဝင်ပေါက် KNDF ထိန်းချုပ်နယ်မြေ နန်းမယ်ခုံမြို့ကို ဖေဖော်ဝါရီ ၂၃၊ ၂၄ ရက်တို့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲသဖြင့် ခုခံရေးတပ်များ ထိုနေရာမှ ဆုတ်ခွာထားရသည်။

စစ်ကောင်စီ၏ထိုးစစ်မှာ ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာအုပ်စုအနီးထိ ရောက်လာသဖြင့် ထိုနေရာ၌ ရောက်နေသော စစ်ရှောင် ၄၀၀၀ ခန့်ကို အရေးပေါ်ပြောင်းရွှေ့ပေးနေရသည်မှာ နှစ်ရက်ရှိပြီဟု အထက်ပါကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ယနေ့တွင် ပြောသည်။

ဘာသာရေးအဆောက်အအုံ၊ လူနေအိမ်၊ စစ်ရှောင်စခန်းများပင် မချန် လက်နက်ကြီးနှင့် လေကြောင်းပါ သုံး၍ စစ်ကောင်စီက တိုက်ခိုက်နေချိန်တွင် လူဦးရေ သုံးသိန်းကျော်သာရှိသည့် ကယားပြည်နယ်အတွင်း နှစ်သိန်းနီးပါး စစ်ပြေးနေရသည်ဟု ကရင်နီအရပ်ဘက်လူမှုအဖွဲ့ကွန်ရက်မှတ်တမ်းအရ သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ထို့အတူ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ခံထားရသဖြင့် ဒေသခံခုခံရေးအဖွဲ့များထံမှ အသေးစိတ်အချက်အလက်များ အတည်မပြုနိုင်သေးပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button