စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာကို ယနေ့ (ဖေဖော်ဝါရီ ၂၅) နံနက်တွင် စစ်တပ်က ဝင်တိုက်ရာ ဒေသခံ ၃ ဦးသေဆုံး၊ သက်ကြီးရွယ်အို ၃ ဦး ပျောက်နေပြီး ကျေးရွာတောင်ပိုင်းရှိ အိမ်ခြေ ၄၀၀ ကျော် မီးလောင်ကျွမ်းသည်ဟု ဒေသခံများက ပြောသည်။
မြို့အနောက်ဘက်၊ ရွှေဘို-ရေဦး ကားလမ်းမဘေး ၁ မိုင်အကွာ၊ အိမ်ခြေ ၆၀၀ ခန့်ရှိသည့် ထိုရွာသို့ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ အင်အား ၅၀ ကျော်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ဝင်ရောက်စီးနင်းသည်ဟု အသက် ၂၆ အရွယ် ဒေသခံအမျိုးသားက ပြောသည်။
“သူတို့က ဒီနေ့မနက် ၆ နာရီလောက်မှာပဲ စပြီးတော့ ပစ်တာခတ်တာတွေ လုပ်တော့တာပဲ။ သူတို့ ရွာနားကို ဘယ်အချိန်က ရောက်နေတယ်ဆိုတာကိုတော့ ကျွန်တော်တို့ မသိလိုက်ဘူး” ဟု ၎င်းက ပြောသည်။
နှမစားရစ်ရွာသားများ ဘေးလွတ်ရာပြေးခဲ့ကြသော်လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၃၃ နှစ်အရွယ် မယဉ်စမ်းအေး၊ ၅၅ နှစ်အရွယ် ဦးသိန်းတို့ သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
ထို့ပြင် ၇၇ နှစ်အရွယ် ဒေါ်ခင်သန်းမှာ နေအိမ်၌ပင် မီးလောင်သေဆုံးခဲ့ရပြီး သက်ကြီးရွယ်အို အခြား ၃ ဦးမှာလည်း ပျောက်ဆုံးနေသည်ဟု ထိုသူက ဆက်ပြောသည်။
နှမစားရစ်ကျေးရွာကို စစ်ကောင်စီ စီးနင်းမှုမှာ လေးကြိမ်မြောက်ဖြစ်ပြီး ယခုတစ်ကြိမ် အဆိုးရွာဆုံးဖြစ်ကြောင်း၊ စပါးရိတ်သိမ်းသည့် ရာသီဖြစ်၍ သိုလှောင်ထားသည့် စပါးတင်းပေါင်း သောင်းနှင့်ချီ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း အထက်ပါ ဒေသခံက ပြောသည်။
“ပြောစရာစကားတောင်မှ မရှိလောက်အောင်ပါပဲ။ သူတို့ လိုချင်တဲ့ လက်နက်ဘာညာရှိလို့ ကျွန်တော်တို့ကို လုပ်သွားတာဆိုရင် ကျွန်တော်တို့ ခံသာတာပေါ့။ အခုဟာက သူတို့လာတဲ့ဟာကို ကျွန်တော်တို့လည်း ခံမပစ်ဘူး” ဟု ၎င်းက ပြောသည်။
“ရွာသူ၊ရွာသားတွေလည်း ရှောင်ပေးကြတယ်။ အဲဒါကို ပစ်မိပစ်ရာ ပစ်တယ်ဆိုတာကတော့ တော်တော့်ကို ယုတ်မာ၊ ရိုင်းစိုင်းလွန်းပါတယ်”
နှမစားရစ်ကျေးရွာအနီးရှိ စစ်တပ် တပ်စွဲထားသည့် သီးလုံး၊ ပန်းရံ၊ မြင်းစီး ကျေးရွာများရှိ ပျူစောထီးများ ထိုစီးနင်းမှုတွင် လိုက်ပါလာကြောင်း၊ ၄ မိုင်ခန့်ဝေးသည့် ပေါက်ချိုင်ရွာမှ ကူညီရန်လာသည့် လူငယ် ၁၂ ဦးစလုံး လမ်း၌ စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံးခဲ့ရကြောင်း၊ အချက်အလက်အသေးစိတ် မသိရသေးကြောင်း အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။
စစ်ကောင်စီအဖွဲ့မှာ ဇီးဖြူကုန်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည်ဟု ဒေသခံအချို့ထံမှ သိရသည်။
နှမစားရစ်ကျေးရွာမှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ်များ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် ပြောသည်။
၎င်းမှာ နှမစားရစ်ကျေးရွာလယ်လမ်းတွင် နေထိုင်သူဖြစ်ပြီး သက်ကြီးရွယ်အို မိခင်နှင့် ဖခင်ကို ခေါ်ဆောင်ကာ ထွက်ပြေးခဲ့ရသည်ဟု သိရသည်။
“ကျွန်တော်တို့ အကုန်ထွက်ပြေးပြီးဆိုတော့ ရွာတောင်ပိုင်းကနေ စရှို့ပြီးတော့ ရွာအလယ်ပိုင်းကို ရှို့တယ်။ အဲဒီကနေပြီးတော့ ကျွန်တော်တို့အိမ်နားကို ရှို့တော့တာပဲ။ မိတဲ့ကောင်တွေတော့ အကုန်ပစ်သတ်မှာ ဆိုပြီးတော့ အော်ဟစ်ဆဲဆိုနေတဲ့ အသံတွေလည်း ကြားနေရတယ်” ဟု ၎င်းက ပြောသည်။
အုတ်ခံအိမ်တစ်လုံး၊ စပါးတင်း ၂၀၀၊ ဆိုင်ကယ် ၁ စီး၊ နွား ၃ ကောင်၊ ရေစက် ၂ လုံး၊ မီးစက် ၁ လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု အထက်ပါ အသက် ၂၃ နှစ်အရွယ် ဒေသခံက ပြောသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍မရသေးပါ။
နှမစားရစ်ကျေးရွာသည် ရွှေဘိုမြို့အနောက်ဘက်၊ ရွှေဘိုမြို့နှင့် ၈ မိုင်အကွာ ရွှေဘို-ရေဦး ကားလမ်းဘေးတွင် တည်ရှိသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး စတင်သည့် အချိန်ကတည်းကပင် အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် ကျေးရွာဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ယခုလအစောပိုင်းမှစ၍ ရွှေဘိုမြို့နယ်အနောက်ဘက်ရှိ ရွာဆိုး၊ ပေါက်ချိုင်၊ ဆိပ်ခွန်ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများ အသုံးပြု ဝင်ရောက်စီးနင်းလေ့ရှိရာ ပြည်သူထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၄) မွန်းလွဲပိုင်းကလည်း ရွေဘို-ကျောက်မြောင်း လမ်းမဘေးရှိ ငပိအိုးကျေးရွာကို စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အိမ်ခြေ ၄၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ရသေးသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံနေကြသည်။ ထိုအထဲတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများမှာ ထိပ်ဆုံးမှ ပါဝင်နေသည်။
လက်လုပ်သေနတ်အများစုဖြင့် ခုခံနေကြသည့် ထိုဒေသကို စစ်ကောင်စီက လေကြောင်းပါ သုံး၍ တိုက်ခိုက်နေသလို၊ ကျေးရွာများကို မီးရှို့ဖျက်ဆီး၊ ရက်ရက်စက်စက် သတ်ဖြတ်သည့် ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)