
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်ပင်သာရွာကို ယမန့်နေ့ (ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများနှင့် PDF ခေါင်းဆောင်များထံမှ သိရသည်။
အိမ်ခြေ ၄၀ ကျော်သာရှိသည့် အင်ပင်သာရွာ တတိယအကြိမ် ဖျက်ဆီးခံရခြင်း ဖြစ်သည်ဟု တိမ်းရှောင်နေရသည့် ဒေသခံရွာသားတစ်ဦးက ပြောသည်။
“ပထမတစ်ကြိမ်ရှို့တာ မလောင်ဘဲ ကျန်တဲ့အိမ်တွေ အကုန်မီးရှို့သွားတာပဲဗျ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အရေအတွက် ၁၀၀ ကျော်နိုင်သည့် စစ်သားများက တန်ဆည်မြို့အရှေ့ဘက် မိုင်၂၀ အကွာတွင်ရှိသည့် ကျွန်းလည်ရွာတွင် တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ လက်နက်တပ်ဆင် လေ့ကျင့်ပေးထားသော ပျူစောထီးအဖွဲ့များနှင့် ပူးတွဲပြီး အဖျက်လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ရွာသားတို့ထံမှ သိရသည်။
ကျွန်းလည်ရွာသည် ဗိုလ်ချုပ်ကြီးများ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူ အများအပြားရှိသည့် ဒေသဖြစ်သည်ဟု သိရသည်။
အဆိုပါရွာတွင် ပျူစောထီးစစ်သင်တန်းများဖွင့်လှစ်ကာ အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို စီးနင်းနေသည်၊ ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းတွင် ရွာသူရွာသားများနေထိုင်ခြင်း မရှိတော့သည့် အင်ပင်သာရွာကို ဝင်ရောက်ကာ ရွာလုံးကျွတ်မီးရှို့ခဲ့ကြသည်ဟု အင်ပင်သာရွာသားတစ်ဦးက ပြောသည်။
ပထမဆုံးအကြိမ် စီးနင်းသည့် နေ့မှာ ဒီဇင်ဘာ ၂၇ ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။
“ကျွန်တော်တို့ရွာက သူတို့ ဝင်ရှာကတည်းက တစ်ဦးမှ မနေဘူး။ ကြောက်လို့ ထွက်ပြေးနေရတာ ပထမအကြိမ် အိမ်တွေကို ရိုက်ချိုးရိုက်ဖဲ့ကတည်းကပဲ” ဟု သူက ပြောသည်။
“တစ်ရွာလုံး ၄၃ အိမ်လုံး ပတ်ချာလှည့် မွှေနှောက်ရှာတာ။ တန်ဖိုးကြီးပစ္စည်းတွေ အကုန် ရိုက်ဖျက်ထားခဲ့တယ်။ ရချင်တာတွေ ယူသွားတာ။ အဲဒီကတည်းက မနေကြတာ”
ပထမဆုံးအကြိမ်စီးနင်းမှုတွင် စစ်သားတို့က အသက် ၃၀ အရွယ် ကိုနန်းဦးဆိုသူကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ပြောသည်။
တန့်ဆည်မြို့နယ် PDF တာဝန်ရှိသူတစ်ဦးကလည်း ကျွန်းလည်ရွာတွင် ခလရ ၃၆၇ မှ စစ်သားရာဂဏန်း တပ်စွဲထားပြီး အနီးပတ်ဝန်းကျင်ကျေးရွာများမှ တပ်ထောက်ခံသူများကို ပျူစောထီးသင်တန်း ပုံမှန်ပေးနေကြောင်း ပြောသည်။
“အဲဘက်ကလူတွေက ရွာပေါက်စလေးတွေကို ဒုက္ခလိုက်ပေးနေတာဗျာ။ ဆန်တွေ၊ ဆီတွေ၊ ရိက္ခာတွေ တောင်းတာတွေလည်း လုပ်တယ်” ဟု ပြောသည်။
“အနီးနားကရွာတွေကို ပျူစောထီးသင်တန်းတက်ရမယ်ဆိုလို့ မတက်ချင်တဲ့သူတွေက ထွက်ပြေးနေကြတာတွေရှိတယ်”
လူမှုကွန်ရက်တွင် ပြန့်နှံ့လာသည့် ရုပ်သံဖိုင်တစ်ခုတွင် အနီးကျေးရွာများကို စီးနင်းပြီးပြန်လာသည့် စစ်သားများကို ကျွန်းလည်ရွာသူရွာသားတို့က ပန်းကုံးများနှင့် ကြိုဆိုနှုတ်ဆက်နေသည်ကို တွေ့ရသည်။
ထိုရုပ်သံမှာ ကျွန်းလည်ရွာ လေသာဘုန်းကြီးကျောင်းတွင် ရိုက်ကူးထားခြင်း ဖြစ်သည်။

“PDF တွေ ဘာတတ်နိုင်သေးလဲ။ လာတိုက်စမ်းပါ၊ မင်းတို့ဘာတတ်နိုင်သေးလဲ PDF တွေ။ တန့်ဆည်မြို့နယ် ကျွမ်းလည်ရွာ၊ ကဘဲ၊ မူးကျင်း၊ ဘေးရင်းက မိသားစုတွေက ကြိုဆိုနေတာ ဖြစ်ပါတယ်” ဟု အမျိုးသားတစ်ဦးက အဆိုပါရုပ်သံဖိုင်တွင် နောက်ခံအသံဖြင့် ပြောထားသည်။
“တပ်မတော်ရှိတော့ ခေါင်းပြားအောင် အိပ်ရတယ်ဗျ။ ကိုယ့်အဖေ ကိုယ့်အမေလာသလိုပဲ၊ ဒကာမတွေ ပျော်နေကြတာ”
အိမ်ခြေ ၄၀၀ နီးပါးရှိသည့် ကျွန်းလည်ရွာအပါအဝင် ကဘဲကျေးရွာ၊ ဘေရင်းကျေးရွာတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်ရ ခက်ခဲခဲ့ကြောင်း၊ ယခုအခါ ထိုရွာများကို ပျူစောထီး ညီနောင်သုံးရွာအဖြစ် သတ်မှတ်ထားကြောင်း တန့်ဆည် PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။
“အဲဒီရွာတွေက အစောကတည်းက တပ်ထောက်ခံတဲ့ရွာတွေ၊ ရွေးကောက်ပွဲဆိုရင်လည်း NLD အပြတ်အသတ်ရှုံးတဲ့နေရာတွေဗျ။ ကိုယ်စားလှယ်တွေ မဲဆွယ်ပွဲတွေသွားတုန်းကဆို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေထိ လုပ်တာ” ဟု သူက ပြောသည်။
ကျွန်းလည်ရွာတွင် သင်တန်းဆင်းပြီးသားပျူစောထီးအဖွဲ့ဝင် ၁၀၀ ကျော်အထိ ရှိပြီး သင်တန်းဆက်ပေးနေကြောင်း၊ လက်နက် အထိုက်အလျောက် တပ်ဆင်ပေးထားကြောင်း အထက်ပါ PDF ခေါင်းဆောင်က ပြောသည်။
စစ်တပ်က ပျူစောထီးတို့ကို သင်တန်းပေးနေသည်၊ သတ်ဖြတ် မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်နေကြသည်ဟူသော ဒေသခံများ၊ PDF တာဝန်ရှိသူများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ထံမှ တုံ့ပြန်ချက် ရရန် ယနေ့ ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးသလို စစ်ကောင်စီကလည်း ထိုဒေသဖြစ်ရပ်များကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီက ၎င်းတို့သည် လူထုကို အကာအကွယ်ပေးနေကြောင်း၊ PDF တို့မှာ အကြမ်းဖက်သမားများဖြစ်ကြောင်း နေ့စဉ် သတင်းထုတ်ပြန်နေသည်။
တန့်ဆည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်အစပ်မှ အဆိုပါပျူစောထီးရွာတို့၏ အန္တရာယ်ကို အနီးပတ်ဝန်းကျင်မှ NLD ထောက်ခံသည့် ဒေသခံများ စိုးရိမ်နေရသည်ဟု အင်ပင်သာဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ကတော့ဗျာ မခံမရပ်နိုင်ဖြစ်တာပေါ့၊ ခုလိုတွေ ရက်ရက်စက်စက်လုပ်နေတာကို မကျေနပ်မှုတော့ရှိတာပေါ့ဗျာ။ ဒါပေမဲ့ အားမတန်တော့ ထွက်ပြေးနေရတာပဲ” ဟု ထိုအမျိုးသားက ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)