
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က အရပ်သား ၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကနီမြို့နယ်အစပ် ဘုတလင်မြို့နယ်၊ မြသိန်းတန်ဘုရားကုန်းအနီး တပ်စွဲထားသည့် အင်အား ၅၀ ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၀ တွင် ချင်းတွင်းမြစ်ကို ဖြတ်၍ အိုင်တောင်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီးနောက် နေအိမ် ၁၂လုံးနှင့် နွားတဲ ၂ လုံး၊ ဆီတဲ၊ စက်တဲ ၁ လုံးစီ မီးရှို့ခဲ့ပြီး မီးလောင်နေသည့် ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
“အိုင်တောင်အနောက်ရွာမှာ မီးရှို့တယ်။…မီးလောင်နေတဲ့အိမ်ထဲမှာ တွေ့ရတာကတော့ ပြည်သူတစ်ယောက်ရဲ့ Dead Body ပေါ့။ သို့သော် အဲဒီရုပ်အလောင်းကတော့ ဘယ်သူဆိုတာ အတည်မပြုနိုင်သေးတဲ့ အနေအထားမှာ ရှိတယ်“ ဟု ကနီ PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုစစ်ကြောင်းသည် အိုင်တောင်ရွာနှင့် ၂ မိုင်နီးပါးကွာဝေးသည့် ချိုင်ရွာကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) က ဝင်ရောက်စီးနင်းကာ နေအိမ် ၁ လုံးကို မီးရှို့ကြောင်း၊ ဆိုင်ကယ်နှင့် ထွက်ပြေးသည့် ၂၈ နှစ်အရွယ် ကိုခိုင်ဇော်ဝင်း ကျည်ထိသေဆုံးသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ချိုင်ရွာသားတစ်ဦးက ပြောသည်။
“သူက ကာကွယ်ရေးအဖွဲ့ထဲက မဟုတ်ဘူး။ ကြောက်ပြီးတော့ ဆိုင်ကယ်နဲ့ ထွက်ပြေးတာကို နောက်ကနေ ပစ်လိုက်တာ။ ရှေ့ကို ပွင့်ထွက်သွားတယ်” ဟု ဆိုသည်။
ချိုင်ရွာမှ ပြန်ထွက်လာသည့် စစ်တပ်နှင့် မုဌောရွာ၊ ငါးဖျက်ရွာတို့အနီး ယနေ့ (ဖေဖော်ဝါရီ ၂၂) နေ့လယ်တွင် တိုက်ပွဲဖြစ်ကြောင်း၊ မိုင်းထိသဖြင့် စစ်တပ်ဘက်မှ ၁ဝ ဦးခန့် သေဆုံးကြောင်း ကနီ PDF ထံမှ သိရသည်။
“(စစ်သား) အများအပြား ဒဏ်ရာရတယ်။ ပြည်သူ့ဘက်တော်သားဘက်က တစ်ယောက်ကတော့ ကျည်ထိထားတယ်” ဟု ကနီ PDF ၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က ပြောသည်။
ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ အိုင်တောင်၊ ချိုင်၊ မအူ၊ ဒင်ပေါက်၊ သရက်ပင်၊ မုဌော၊ ငါးဖျက် စသည့် ရွာများအပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်မှ ထောင်နှင့် ချီသည့် ဒေသခံများသည် နေရပ်စွန့်ခွာသွားပြီ ဖြစ်သည်။
“ဆောင်းအကုန် နွေအကူးဆိုတော့ ရာသီအကူးအပြောင်း တုပ်ကွေးဖြစ်နေတာတွေ တွေ့ရတဲ့ အနေအထားမျိုး ရှိပါတယ်။ လူထုက ဘေးလွတ်ရာကို အရင်ကတည်းက ကြိုရှောင်နေရတာဆိုတော့ ယူသင့်ယူထိုက်တဲ့ပစ္စည်းတွေကို ယူပြီးထွက်ပြေးတိမ်းရှောင်နေကြတော့ ထွေထွေထူးထူး ဘာလိုတယ်ဆိုတာ လတ်တလောတော့ ပြောလို့မရနိုင်သေးဘူး” ဟု PDF ( ကနီ) တာဝန်ရှိသူက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုးရာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးမှု ဆက်တိုက် ကျူးလွန်နေသည်ဟု ဒေသခံတို့က ပြောဆိုကြောင်း သတင်းဌာနများတွင် တင်ဆက် ဖော်ပြနေကြသည်။
ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များကြောင့် နေအိမ် ၄၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ အမှုထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းအတွင်းမှ ဖြစ်ကြောင်း စစ်တပ်၏လုပ်ရပ်နှင့် ပတ်သက်ပြီး အချက်အလက်များပြုစုနေသည့် Data for Myanmar အဖွဲ့ထံမှ သိရသည်။
ထိုပြောဆိုချက်အားလုံးကို စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိပေ။
တချို့သော ဖြစ်ရပ်များကို တုံ့ပြန်ရာတွင်မူ စစ်ကောင်စီက မီးရှို့မှုများမှာ လက်နက်ကိုင်ခုခံသူတို့၏ လက်ချက်ဖြစ်သည်ဟု ပြန်လည်စွပ်စွဲထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)