ဆောင်းပါးလူမှုနယ်ပယ်

အင်းစိန်ထောင် အတွင်းနှင့် အပြင်မှ မိသားစု

ရန်ကုန်၊ အင်းစိန်မြို့မှ ဝင်ငွေနည်းသော အမျိုးသမီး ဒေါ်ဖြူဖြူဝင်းတွင် သားသမီး ၈ ဦး ရှိသည့်အနက် သား ၂ ဦးသည် အာဏာသိမ်းမှုကို ဆန့်ကျင်မှုနှင့် ဆက်စပ်ပြီး နာမည်ကျော် အင်းစိန်ထောင်တွင် အမှုရင်ဆိုင်နေရသည်။

၂၀၂၁ အောက်တိုဘာတွင် စစ်ကောင်စီက ထောင်နှင့်ချီသော အကျဉ်းသားများကို ခြွင်းချက်နှင့် လွှတ်ပေးသည့် အထဲတွင် ၃၁ နှစ်အရွယ် သားကြီး ကိုသက်ပိုင်ထွေး ပါဝင်သဖြင့် သူ၏မိသားစုက ဝမ်းသာနေကြသည်။ သို့သော်လည်း ထိုဝမ်းသာမှုမှာ ၁ နာရီသာ ကြာသည်။

ထိုနေ့ ည ၈ နာရီကျော်တွင် မိသားစုနှင့် ပြန်ဆုံပြီး ည ၉ နာရီကျော်တွင် ရဲနှင့် စစ်သားများ အင်းစိန်မြို့နယ်ရှိ နေအိမ်သို့ ရောက်ရှိလာပြီး သားဖြစ်သူကို ပြန်ဖမ်းသွားကြသည်ဟု မိခင်ဖြစ်သူ ဒေါ်ဖြူဖြူဝင်းက ပြောသည်။ 

“မနက်ကျမှခေါ်ပါ၊ ကျွန်မတို့ ခံဝန်လည်းထိုးမှာ၊ ကလေးက အခုမှ လာတာ၊ အမေနဲ့လည်း အခုမှ တွေ့ရတာလို့။ ..မရဘူးတဲ့ အခု ခေါ်သွားမှာတဲ့။ အခုခေါ်သွားမှာဆိုတော့ ကိုယ်တွေလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး၊ သွားပြီ၊ ငါ့သားလေး ပြန်ဖမ်းသွားပြန်ပြီလို့။ ကျွန်မလည်း ငိုတာပေါ့” ဟု မိခင်ဖြစ်သူက ဝမ်းပန်းတနည်း ပြောပြသည်။

“သူ့အဖေကလည်း ဒါဆိုလို့ရှိရင် ကျွန်တော်ပါ လိုက်မယ်တဲ့၊ ကားပေါ်ကို တက်လည်းတက်ရော သူ့ကို ပြန်တွန်းချခဲ့တယ်” 

ထို့နောက် သားဖြစ်သူလည်း အင်းစိန်ထောင် ပြန်ရောက်သွားသည်။   

ကျန်းမာရေးမကောင်းသော ကိုသက်ပိုင်ထွေးသည် အခြေအနေဆိုးရွားသော ထောင်ထဲတွင် အခက်အခဲမျိုးစုံကို ပြန်လည်ရင်ဆိုင်နေရသလို ပြင်ပရှိ သူ၏ မိသားစုသည်လည်း ရပ်တည်ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်ရင်း ညီအစ်ကိုနှစ်ဦးထံ ကူညီထောက်ပံ့နိုင်ရန် ကြိုးစားနေကြသည်။

ပုဒ်မမျိုးစုံတပ်ခံရခြင်း

ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်း ကိုသက်ပိုင်ထွေးသည် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတစ်ဦးဖြစ်ပြီး ၂၀၂၁ မေလက ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အဖမ်းခံရသည်။  

စစ်ကောင်စီက အာဏာသိမ်းမှုဆန့်ကျင်သူများကို ဖမ်းဆီးပြီးနောက်ပိုင်း တပ်လေ့ရှိသည့် နိုင်ငံတော် ဆူပူအောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅ – က ဖြင့် သူလည်း အမှုဖွင့်ခံရပြီး အင်းစိန်ထောင်သို့ ပို့ခံရသည်။

အမှုရင်ဆိုင်နေရစဉ် အောက်တိုဘာ ၁၉ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အိမ်ပြန်ရောက်စဉ် ပြန်အဖမ်းခံရခြင်းပင်။ 

ထောင်ပြန်ရောက်ပြီး ၁၄ ရက်အကြာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် လူသတ်မှုသံသယ ပုဒ်မ ၃၀၄၊ လူ ၅ ဦးထက် ပိုမစုဝေးရသည့် ပုဒ်မ ၁၄၄ တို့ဖြင့် အမှုရင်ဆိုင်ရသည်။

ထို့နောက် အင်းစိန်ထောင်မှ အင်းစိန်ရဲစခန်းသို့ ပို့ကာ ချုပ်ရက်ရမန်ယူပြီး သင်္ဃန်းကျွန်းရဲစခန်းသို့ ပို့လိုက်ဆောင်လိုက်ရာ ထိုကာလများအတွင်း ၂၈ ရက် အချုပ်အနှောင်ခံခဲ့ရသည်။

အမှုမှာ ကိုသက်ပိုင်ထွေးတို့ရပ်ကွက်ရှိ စစ်တပ်သတင်းပေး ဒလန်တစ်ဦးသေဆုံးမှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသည့် အမှုဖြစ်သည်။ သို့သော်လည်း သက်သေမခိုင်လုံသဖြင့် ထိုအမှုဖြင့် စွဲမခံရတော့ပေ။ 

ယင်းနောက် လက်လုပ်ဗုံးလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ထောင် ၃ နှစ်အထိ ချနိုင်သော လက်နက်ဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် အမှုထပ်ဖွင့်ခဲ့ကြောင်း ကိုသက်ပိုင်ထွေး၏ ရှေ့နေ ဦးသက်နောင်က Myanmar Now ကို ပြောသည်။ 

“ရိုးရိုးလေး စဉ်းစားကြည့်ဗျာ၊ တကယ်သာ သူ လက်လုပ်ဗုံး လုပ်ခဲ့တယ်ဆိုလို့ရှိရင် (ယခင်) ဖမ်းမိတည်းက လက်လုပ်ဗုံးနဲ့ ၁၉ (က) စွဲပေါ့ဗျာ။ ဘာလို့ အဲဒီတုန်းက ၅၀၅ နဲ့ စွဲသလဲ” ဟု ရှေ့နေက ဆိုသည်။   

ငွေရှာရသည့် မိဘများ

မွေးချင်းမောင်နှမ ၈ ဦး ရှိသော ထိုမိသားစုတွင် ကိုသက်ပိုင်ထွေးသည် အကြီးဆုံးသားဖြစ်သည်။ ၎င်း၏ အသက် ၂၀ အရွယ် ညီဖြစ်သူ ကိုဝိုင်းချစ်ထွေးသည်လည်း ယမန်နှစ်က အဖမ်းခံရပြီး  အင်းစိန်ထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့နှင့်  အမှုရင်ဆိုင်နေရသည်။

၂၀၂၁ အောက်တိုဘာ ၁၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာသူများကို ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့တွင် ကြိုဆိုနေကြသော မိသားစုဝင်များ (ဓာတ်ပုံ – EPA) 

ဝင်ငွေရှိသည့် သားကြီး အဖမ်းခံထားရသောကြောင့် အသက် ၅၀ ကျော်အရွယ် မိဘနှစ်ဦးမှာ အလုပ် ထွက်လုပ်နေရသည်ဟု သိရသည်။

မိခင်ဖြစ်သူက နံနက်ပိုင်း ပန်းရောင်းပြီး၊ နေ့ခင်းပိုင်းတွင် အဝတ်လျှော်၊ မီးပူတိုက်သည့် အလုပ်များ လုပ်နေသည်။ ဖခင်မှာ ညစောင့်အလုပ် လုပ်နေသည်။ မိသားစုအတွက် ၎င်းတို့ နှစ်ဦးပေါင်းဝင်ငွေမှာ တစ်နေ့ ကျပ်တစ်သောင်းထက် ပိုရန် ခဲယဉ်းသည်။

သား ၂ ဦးကို ငွေသား၊ အစားအစာနှင့် လိုအပ်သည့် အသုံးအဆောင် အပတ်စဉ် ပို့နိုင်ရန် ကြိုးစားသည်ဟု ဒေါ်ဖြူဖြူဝင်းက ပြောသည်။

“အထဲက သားတွေကတော့ ဪ … မေကြီးလည်း ပါဆယ်မပို့သေးဘူး။ သူများတွေပို့ရင် သူတို့လည်း ပို့စေချင်မှာပေါ့။ အဲဒီအတွက်ကတော့ ဝမ်းအနည်းဆုံးပဲပေါ့။ အချိန်မှန် မပို့နိုင်တဲ့အခါကျတော့ ဝမ်းနည်းတယ်” ဟု မိခင်ဖြစ်သူက ဆိုသည်။

ထိုသို့ ရှာဖွေရုန်းကန်နေရသည့်အတွက် သား ၂ ဦးက စိတ်ထိခိုက်နေသည်ကို ကြားသိရကြောင်း၊ အသက်ရှင်နေထိုင်ရေးအတွက် အားတင်းထားရန်နှင့် မိသားစု ပြန်လည်ဆုံတွေ့မည့်နေ့များအကြောင်း တွေးတောရန် စာပို့ အားပေးထားကြောင်း မိခင်က ပြောသည်။

ကျောက်ကပ်တစ်ခြမ်း လှူထားသဖြင့် ကျောက်ကပ်ဆေး သောက်နေရသည့် ကိုသက်ပိုင်ထွေးသည် စစ်ကြောရေးဒဏ်များအပြင် ထောင်တွင်း မိလ္လာထမ်းခြင်းကဲ့သို့ အလုပ်ကြမ်းများ လုပ်ရခြင်းကြောင့် ကျန်းမာရေးထိခိုက်လာသည်ဟု ဆိုသည်။

“ဖမ်းတုန်းက ရိုက်နှက်ထားတော့ အခု အာရုံကြောတွေ ထိတယ်ပေါ့နော်။ မျက်လုံးလည်း မှုန်နေတယ်ပေါ့။ ခြေထောက်တွေဆိုရင်လည်း ကိုက်လိုက်တာ၊ ညညကျ အိပ်လို့မရဘူးတဲ့” ဟု မိခင်က ဆိုသည်။ 

“သားခြေထောက်ကို ဝါးဆစ်ပိတ်နဲ့ ရိုက်ထားတဲ့အခါကျတော့ သားတို့က ဘယ်လိုမှနေလို့မရဘူးတဲ့။ ညည အမေရယ် ကိုက်လိုက်တာ၊ အရမ်းဖြစ်နေတာပဲဆိုတော့ သူက ကျောက်ကပ်ရှိတော့ ဆေးပြင်းတွေက တိုက်လို့မရဘူး” 

သားကြီးဖြစ်သူ ကိုသက်ပိုင်ထွေး ထောင်တွင်း အလုပ်ကြမ်း မလုပ်စေလိုပါက ကျပ်တစ်သိန်းပေးရမည်ဆိုသော်လည်း ငွေကြေးမတတ်နိုင်သေးဟု ဆိုသည်။

ထောင်တွင်း နေထိုင်စားသောက်ရေးသည် ယခင်စစ်အစိုးရခေတ်ထက် တိုးတက်လာသည် ဆိုသော်လည်း အကျဉ်းသားများက ပြင်ပမှ မိသားစုကို အားကိုးနေရဆဲဖြစ်သည်။

အင်းစိန်ထောင်တွင်း အခြေအနေဆိုးများရှိနေသည် ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး နေပြည်တော်အကျဉ်းဦးစီးဌာနကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

ထောင်ပြင်ပမှ မျှော်လင့်ချက်

ရန်ကုန်မြို့၊ အင်းစိန်ထောင်အပါအဝင် တစ်နိုင်ငံလုံးရှိ ထောင်အသီးသီးမှ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ထိုသို့လွှတ်ပေးပြီး မကြာခင်ရက်ပိုင်းအတွင်း ပြန်လည်ဖမ်းဆီးခံရသူ ၁၁၀ ကျော် ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ခဲ့သည်။ 

အနိုင်ကျင့်မှုများ ထပ်မံမဖြစ်ပေါ်စေရန် ကျူးလွန်သူတို့ကို အနာဂတ်တွင် အပြစ်ပေးရမည်ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက် မတရားမှုကျူးလွန်ခဲ့တဲ့သူတွေက သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်နေကြတာပါ။ အဲဒီဓလေ့ကြောင့်လည်း ကျွန်တော်တို့ ပြည်သူတွေ အမြဲတမ်း နှိပ်စက်ခံနေရတာပါ။ ဒီတစ်ခေါက်မှာတော့ အဲလိုကျူးလွန်ခဲ့သူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးကို ပေးရမှာပါ” ဟု သူက ပြောသည်။ 

စစ်ကောင်စီက အာဏာသိမ်းပြီး ၁၂ ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁၂ တွင် ထောင်ကျအကျဉ်းသား ၂၀,၀၀၀ ကျော်ကို ပထမဆုံးအကြိမ် လွှတ်ပေးခဲ့သည်။

ဇွန်လ ၃၀ တွင် အကျဉ်းသား ၂၃၄၂ ဦး လွှတ်ပေးကြောင်း ကြေညာခဲ့သည်။ အာဏာမသိမ်းမီက ရာဇဝတ်ပြစ်မှု ၁၁ မျိုးနှင့် စွဲဆိုခံထားရသည့် အကျဉ်းသားများကို ချက်ချင်းလွှတ်ရမည်ဟု စစ်ကောင်စီက ဇူလိုင် ၂၀ တွင် ကြေညာခဲ့ပြီးနောက် ဇူလိုင် ၂၄ အထိ နိုင်ငံအနှံ့ အကျဉ်းထောင်နှင့် ရဲစခန်းအသီးသီးမှ အချုပ်သား နှစ်ထောင်ကျော် ပြန်လွှတ်ပေးခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၈ တွင် အကျဉ်းသား ၄၃၂၀ ဦး၏ အမှုများကို ရုပ်သိမ်းပေးမည်၊ ထောင်ချခံထားရသူ ၁၃၁၆ ဦးကို ပြန်လွှတ်ပေးမည်ဟု ကြေညာခဲ့သည်။ ထိုစဉ်က ၅၀၅ သမားများ၊ နိုင်ကျဉ်းများ ပါဝင်ခဲ့ပြီး သတင်းသမားအနည်းငယ် ပြန်လွတ်လာသည်။

၂၀၂၂ ဖေဖော်ဝါရီ ၁၂ တွင် အကျဉ်းသား ၈၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။ 

သို့သော် အာဏာသိမ်းမှုဆန့်ကျင်သူအများအပြား ဆက်လက် အဖမ်းခံနေရဆဲဖြစ်သည်။ 

၉၂၃၆ ဦးထက်မနည်း အထိန်းသိမ်းခံနေရသည်၊ ၎င်းတို့အနက်မှ ၇၁၉ ဦး ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု AAPP ၏ ဖေဖော်ဝါရီ ၂၁ မှတ်တမ်းတွင် ဖော်ပြထားသည်။

အင်းစိန်ထောင်အနီး နေထိုင်သည့် ဒေါ်ဖြူဖြူဝင်းက သူ့သားနှစ်ဦး ပြန်လွတ်လာရေးအတွက် နေ့တိုင်း မျှော်လင့်နေသည်ဟု ပြောသည်။ 

“ဒီကနေပြီးတော့ လှမ်းကြည့်လိုက်ရင် ထောင်ဘူးဝဘက်မြင်နေတော့ ညနေစောင်းတာနဲ့ ကျွန်မ ငိုတယ်။ ထမင်းစားခါနီး ငိုတယ်။ ဘာလို့လဲဆို ဪ … ငါတို့သာ ထမင်းစားနေရတယ်၊ ငါ့သားလေးတွေ စားနိုင်ပါ့မလား၊ စားရပါ့မလား၊ အိမ်ကို သတိရနေမလားပေါ့” ဟု ဒေါ်ဖြူဖြူဝင်းက ပြောလိုက်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button