စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အနောက်ဘက် ၇ မိုင်အကွာရှိ မြို့သစ်ရွာတွင် ဖေဖော်ဝါရီ ၁၇ ၌ စစ်ကောင်စီတပ်ကို လက်လုပ်တူမီးသေနတ်များဖြင့် ရင်ဆိုင်တိုက်ခိုက်ရင်း အသက် ၁၅ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် ဒေသခံကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၄ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အရပ်ဝတ် ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးလက်နက်ကိုင်များက ရေဦး-ခင်ဦး လမ်းဘေးရှိ မြို့သစ်ရွာကို ယင်းနေ့ နံနက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံထောင်ဂဏန်းခန့်မှာ ထွက်ပြေးခဲ့ကြရသည်။
ထိုသို့ ရွာသားများထွက်ပြေးနေချိန် စစ်ကောင်စီတပ်က စပါးများကို ကားဖြင့်တိုက်ယူနေသည်ကို ကြားသိရ၍ လက်လုပ်တူမီးသာ ကိုင်ဆောင်သည့် ကျေးရွာကာကွယ်ရေးအဖွဲ့များ မွန်းလွဲပိုင်းတွင် ရောက်ရှိလာပြီး၂ နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားစဉ် အထိနာခဲ့ခြင်း ဖြစ်သည်။
လက်နက်ကြီးများအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်ကို တူမီးသေနတ်ဖြင့် ခုခံခဲ့ကြသည့် မြို့သစ်ရွာတိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး လုံခြုံရေးအရ အမည်မဖော်လိုသည့် ၃၅ နှစ်အရွယ် ရွာခံအမျိုးသားတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
မေး − မနေ့က စစ်ကောင်စီတပ်တွေက ရွာကို ဘယ်အချိန်မှာ ဝင်လာတာလဲဗျ။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေကို ပြောပြပေးပါလား။
ဖြေ − မြို့သစ်ကျေးရွာက စကစခန့် ဥက္ကဋ္ဌက မြို့သစ်မှာ မနေဘူးဗျ။ ခင်ဦးမြို့ပေါ်မှာ စကစနဲ့ ပေါင်းပြီး ခွေးခြံ(မြို့နယ်ရဲစခန်း)ထဲမှာ အမြဲတမ်းနေတာ။ (ဖေဖော်ဝါရီ ၁၇) တုန်းက အင်အား ကား ၄ စီး၊ ဆိုင်ကယ် ၈ စီးနဲ့ ကုန်တင်ကားတစ်စီးရယ်နဲ့ အင်အား ၈၀ လောက်ပါတဲ့စစ်ကြောင်းက ခင်ဦးကနေ အနောက်ကို ထွက်လာတာ။ ရေဦး-ခင်ဦးလမ်းအတိုင်း သာဂရရွာအကျော်မှာ ကားတွေရပ်ထားတာ၊ ပြီးတော့ မြို့သစ်ဘက်ကို ဝင်တာ။ ဒေသခံတွေက ကြောက်လန့်ပြီး အကုန်လုံးထွက်ပြေးကြတာ။
နေ့ခင်းလောက်ကျတော့ ဒေသကာကွယ်ရေးအဖွဲ့တွေ စုပြီးတော့ ပြန်ခုခံကြတာပါ။ ဒီမှာ မြေပြန့်လွင်ပြင်ဖြစ်တော့ အကာကွယ်မရှိဘူးပေါ့ဗျာ။ လယ်ပြင်မှာဆိုတော့ သစ်ပင် ဘာပင်မှ မရှိဘူး။ သူတို့က ၆၀ မမ၊ ၄၀ မမ တို့နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်တယ်။ လက်နက်ငယ်ကလည်း အချက်ပေါင်း ရာချီမှာပေါ့။
ဒေသခံ (ကျေးရွာ)ကာကွယ်ရေးအဖွဲ့တွေဆိုတော့ အတွေ့အကြုံကလည်း မရှိဘူး။ ဒီမှာရှိတာလည်း လက်လုပ်တူမီးလောက်နဲ့ဆိုတော့ သူတို့နဲ့ တိုက်ခိုက်ရတဲ့နေရာမှာ ကျည်ရဲ့အကွာအဝေး၊ အလှမ်းမီတဲ့နှုန်းက ကိုယ့်ဘက်က မီတာနည်းတယ်။ သူ့ဘက်က မီတဲ့နှုန်းက များတာ။ တကယ်တိုက်ပွဲမြေပြင်မှာ သုံးတဲ့စစ်နည်းဗျူဟာတွေအတိုင်းပဲ အဖွဲ့ငယ်လေးတွေကို နှစ်ဖက်ညှပ်ပိတ်ဆို့ပြီးတော့ တရစပ် ပစ်ခတ်တိုက်ခိုက်သွားတာ။
မေး − တိုက်ပွဲက ဘယ်လိုစဖြစ်တာလဲဗျ။ ကာကွယ်ရေးအဖွဲ့ဝင်တွေက ဘယ်လိုပိတ်မိသွားတာလဲ။
ဖြေ − သူတို့က ရွာထဲမှာပဲ ရှိနေတာ။ မြို့သစ်ရဲ့ အရှေ့တောင်ထောင့်မှာရှိတဲ့ ရွှေကျောင်းဆိုတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ အဲဒီမှာရော၊ ရွာထဲမှာရော တစ်ရွာလုံးနီးနီး တပ်ဖြန့်လိုက်တာပေါ့။ တိုက်ပွဲက ရွာတောင်ဘက်အခြမ်းမှာဖြစ်တာ။ ရွာအရှေ့တောင်ကရော၊ တောင်တည့်တည့်မှာ သူတို့ နေရာယူထားတဲ့နေရာနဲ့ နှစ်ဖက်ညှပ်ပြီးတော့ တိုက်လိုက်တဲ့သဘောပါ။
ရွှေကျောင်းနဲ့ တိုက်ပွဲဖြစ်တဲ့နေရာက ပေအားဖြင့် ၃၀၀ ဝန်းကျင်လောက်မှာပဲ။ အစုလိုက်ကျဆုံးတာက ဘုန်းကြီးကျောင်းတောင်ဘက်နားလေးက စေတီတစ်ဆူရှိတယ်။ အဲဒီနေရာမှာပဲ ညှပ်ပစ်ခံလိုက်ရတာ။
သူတို့(စစ်ကောင်စီတပ်) က ရွာထဲ ဘုန်းကြီးကျောင်းထဲမှာလည်း ရှိတယ်၊ အခြားနေရာမှာလည်းရှိတယ်လို့ အသံဗလံလောက်ပဲ ကြားတာ။ ရွာသားတွေလည်း ထွက်ပြေးသွားတော့ သူတို့ရဲ့တည်နေရာက မသိနိုင်ဘူးဗျ။ ကျွန်တော်တို့က လယ်ပြင်ဘက်ကို ထွက်ပြေးနေရာကနေ ရွာဘက်ကို နည်းနည်းပြန်ကပ်ရင်းက သူတို့ ယူနီဖောင်းမဝတ်ဘဲနဲ့ အရပ်ဝတ်နဲ့ဆိုတော့ သူတို့က လက်ယပ်လှမ်းခေါ်တာပေါ့။
အရပ်သားတွေရဲ့ အသွင်သဏ္ဌာန်မျိုးနဲ့ဆိုတော့ ကိုယ့်လူတွေမှတ်ပြီး တိုးသွားလိုက်တာကနေ အပစ်ခံလိုက်ရတာ။ သူတို့က ပါးစပ်ကလည်း လာကြ…လာကြ နဲ့ အော်ပြီး လက်ယပ်လှမ်းခေါ်နေတာ။ ကိုယ့်လူတွေလို့ ထင်လိုက်တာ။ သူတို့က မာယာသုံးလိုက်တာ အများအပြားထိခိုက်သွားတာ။ မဟုတ်ရင်တော့ ဒီလောက်ကြီး ထိခိုက်စရာအကြောင်းမရှိဘူး။ လက်နက်ချင်းလည်း မမျှတော့ ဘယ်လိုမှ မကပ်ကြဘူး။ လက်နက်ချင်းလည်း မမျှတော့ ခုခံဖို့ ဘယ်လိုမှ စဉ်းစားလို့မရတဲ့အလုပ်ပါ။ အရပ်ဝတ်နဲ့ဆိုတော့ ကိုယ့်လူတွေ မှတ်လိုက်တာ။ အဲဒီမှာ နှစ်ဖက်ညှပ်ပြီး အပစ်ခံရတာ။သူတို့ရဲ့ မာယာထဲကို ဝင်သွားတာက အကြီးမားဆုံးအမှားဖြစ်သွားတာပါ။
မေး − ရွာထဲမှာ ပိတ်မိတဲ့လူတွေရှိလို့လား။ ဘာဖြစ်လို့ ရွာဘက်ကို ပြန်ကပ်တာလဲဗျ။
ဖြေ − ဇာတ်လမ်းစတာက သူတို့က ရွာထဲမှာ စပါးဝင်သယ်တာကနေ ဖြစ်တာ။ ကုန်တင်ကားနဲ့ သယ်နေတာကို မကျေနပ်လို့။ ရွာအလယ်ပိုင်းမှာ သူတို့(စကစ)ဥက္ကဋ္ဌ သိန်းရွှေက ခွေးခြံထဲမှာနေနေတော့ သယ်တာလို့ ကြားတာ။ ကား ၃ စီးနဲ့ သယ်တာတဲ့။ သူ့အိမ်မှာက ကားသုံးစီးတိုက်စာ စပါးထွက်မဲ့ လယ်ဧက မရှိဘူး။ တခြားအိမ်တွေကပါ သယ်တဲ့ပုံပါ။
စစ်ကြောင်းတွေအားလုံးက အခုနောက်ပိုင်း အရပ်ဝတ်တွေချည်းပဲ လှုပ်ရှားတော့တာ။ PDF တွေရဲ့ ဝတ်စားဆင်ယင်မှုပုံစံမျိုးနဲ့ ဆင်တူအောင် ဝတ်ဆင်လာကြတာ။ PDF တွေ အများဆုံးဝတ်ဆင်တတ်တဲ့ အားကစားဘောင်းဘီ အနက်အရှည်တွေ ဝတ်ထားတာ။
ကျွန်တော်တို့က သူတို့ကို ရွာလယ်ကောင်က အုပ်ကြီးအိမ်မှာပဲ နေကြမယ်မှတ်တာ။ ရွာအစပ်ကနေ သူတို့က လက်ပြပြီး လှမ်းခေါ်တော့ ကိုယ့်လူတွေပေါ့။ ကိုယ်လူတွေ ရွာနားကပ်နိုင်ပြီ ထင်ပြီး တိုးလိုက်တာ။ တိုးသွားရင်းနဲ့ ပေ ၃၀၀ လောက်ကွာတော့ စအပစ်ခံရတာ။ သူတို့ လှမ်းခေါ်တော့ စ,ကပ်သွားတဲ့အဖွဲ့ကလည်း ပိတ်မိသွားတယ်။ ချက်ချင်းဖြစ်သွားတာ။ ကလေးတွေလည်း ဆက်သွယ်လို့ မရတော့ဘဲ ဖြစ်သွားတာ။ သူတို့က ဘုန်းကြီးကျောင်းမှာ တစ်ဖွဲ့၊ အနောက်တောင်ထောင့်မှာ တစ်ဖွဲ့ ရှိတယ်။ တောင်ဘက်တည့်တည့်မှာ တစ်ဖွဲ့ ခွဲထားတာ။
မေး − တိုက်ပွဲထဲမှာ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေ သိလိုပါတယ်။
ဖြေ − အားလုံး ၁၄ ယောက်ပါ။ ၅ ဦးဒဏ်ရာရတယ်။ ကျသွားတဲ့ကလေးတွေကို ဖေဖော်ဝါရီ ၁၇ ညနေကပဲ တစ်ခါတည်း မီးသင်္ဂြိုဟ်လိုက်ပါတယ်။ ကျွန်တော်တို့ မြို့သစ်သုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်။
တိုက်ပွဲက ရွာအရှေ့တောင်ဘက်နဲ့ အနောက်တောင်ဘက်မှာရော ၂ နေရာပေါ့။ ကျဆုံးသွားတာက ၁၅ နှစ် ကလေး ၂ ယောက် ပါတယ်။ ၁၈ နှစ်က ၂ ယောက်၊ ၁၉ နှစ် က ၂ ယောက်၊ ၂၂ နှစ်က ၂ ယောက်ပါတယ်။ ၂၃နှစ် တစ်ယောက်၊ ၂၆နှစ် တစ်ယောက်၊ ၂၇ နှစ် တစ်ယောက်၊ ၃၉ နှစ် တစ်ယောက်ပါတယ်။ ပြီးတော့ အသက် ၄၀ နှစ် တစ်ယောက်၊ ၄၉ နှစ် တစ်ယောက် ပါတယ်။
ဒဏ်ရာရသွားတဲ့ ၅ ယောက်ကတော့ အခြေအနေကောင်းပါတယ်။ အသက်ဘေးကနေတော့ လွတ်မြောက်သွားပါပြီ။ ပေါင်တွေကို ကျည်ထိထားတာ။
မေး − ကာကွယ်ရေးအဖွဲ့ဝင် အများအပြားကျသွားတာက ဘယ်လိုအခြေအနေကြောင့်လဲဗျ။ အဖမ်းခံရပြီးမှ အသတ်ခံရတာမျိုးတွေရော ရှိလား။။
ဖြေ − ကျဆုံးသွားတာတွေက တစ်ခါတည်းပွဲချင်းပြီးကျတာ။ ဖမ်းဆီးပြီးတော့ တေ့ပစ်သတ်လို့ ပွင့်ထွက်သွားတာမျိုးတွေတော့ မဟုတ်ဘူး။ သူတို့ဘက်က လက်နက်ကြီးပါတယ်။ အဓိက သူတို့ဘက်က စနိုက်ပါတွေ ပါလာတယ်။ ကျည်တွေက ပုံမှန် 5.56 ကျည်၊ 7.62 ကျည်တို့အလှမ်းမီတာထက် ပိုဝေးတဲ့ နေရာမှာ ကျသွားတဲ့ကလေးတွေရှိတယ်။
ရွာအနောက်တောင်ဘက်မှာကျတဲ့ ၈ ဦးက အဲဒီလိုကျည်တွေမီနိုင်တဲ့ အကွာအဝေးမှာမဟုတ်ဘူး။ ပိုဝေးတဲ့ အကွာအဝေးမှာ ရှိနေတာ။ စနိုက်ပါလို အဝေးပစ်နဲ့မှ မီနိုင်မဲ့နေရာတွေမှာ ကျတာ(သေဆုံးတာ)။
ကျွန်တော်တို့ လက်လုပ် RPG လိုမျိုး အဝေးကြီးကနေ လှမ်းလှမ်းပစ်ကူလို့။ အဲဒီကောင် (လက်လုပ်အဝေးပစ်လက်နက်)သာ ထိန်းမပေးနိုင်ရင် မနေ့က ဆယ်ချီပြီး ကျဆုံးသွားနိုင်တယ်။ အဲဒီကောင်နဲ့ လှမ်းလှမ်းပစ်တိုင်း သူတို့ဘက်က တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားလို့သာ တက်လာတဲ့ လူအုပ်ကို တရစပ်ချေမှုန်းမခံရတာ။ အဝေးကနေ လှမ်းထိန်းလို့သာ ကလေးတွေ နောက်ပြန်ဆုတ်ချိန်ရသွားတာ။ အဲဒီကောင်က တစ်လက်တည်း။ တစ်ချက်ပစ်လိုက်၊ ထည့်လိုက်နဲ့ ထိန်းပြီးပစ်ကူနေလို့ နောက်ဆုတ်ချိန် ရသွားတာ။
မေး − လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်တဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေဘက်ကရော ဘယ်လိုမျိုးပြန်ခုခံကြလဲ။
ဖြေ − တော်လှန်ရေးအင်အားစုတွေရဲ့ စိတ်ဓာတ်ကတော့ အာဏာရှင်ကို ရွံ့မုန်းတယ်။ အာဏာရှင်ကို ပြုတ်ကျအောင် ရရာလက်နက်နဲ့ စွဲကိုင်တော်လှန်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ကျေးရွာ၊ ကိုယ့်ဒေသကို ကာကွယ်ကြတာ။ ကျွန်တော်တို့ဘက်မှာ ဖွံ့ဖြိုးတိုးတက်မှုမရှိဘူး။
တောသူတောင်သားတွေဆိုတော့ ဆင်းရဲတယ်။ ကျွန်တော်တို့မှာ လက်လုပ်တစ်ထောင့်ထိုးတွေ၊ ယမ်း တစ်ခါသိပ် တစ်ခါပစ်တွေနဲ့ပဲ တွန်းလှန်နေတဲ့အနေအထားပါ။
မနေ့က တိုက်ပွဲမှာလည်း လက်နက်အစစ်ဆိုတာ မပါဝင်ခဲ့ဘူး။ ကျွန်တော်တို့ စိတ်ဓာတ်အင်အားနဲ့ပဲ။ ကျွန်တော်တို့ လက်နက်အစစ်နဲ့ တန်းတူရည်တူတိုက်ခိုက်ရမယ်ဆိုရင် မနေ့ကလိုဟာမျိုးကတော့ ကျွန်တော်တို့ အပြီးချေမှုန်းနိုင်မဲ့ စိတ်ဓာတ်စွမ်းရည်ရှိတာပေါ့။ လက်နက်က ဘယ်လိုမှကို ယှဉ်လို့မရဘူး။
လက်ရှိအနေအထားက ဓားနဲ့ခုတ်တဲ့သူကို အပ်နဲ့ ပြန်ထိုးမယ်ဆိုတဲ့ ပုံသဏ္ဌာန်မျိုးပဲရှိတယ်။ သေမယ်ဆိုတာ ကျွန်တော်တို့ကလေးတွေ အားလုံးသိနေကြပါတယ်။ လက်နက်အင်အား မမျှတဘူးဆိုတာ သိပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ခေါင်းငုံ့ခံလိုက်ရင် သေတာထက်ဆိုးတဲ့ ဘဝတွေ၊ ပိုခံစားရမယ်ဆိုတာကို နားလည်ကြတဲ့ ကလေးတွေက ရရာလက်နက်ကို ကိုင်စွဲတာ။ ကျွန်တော်တို့က ကိုယ့်ဒေသကာကွယ်ထိန်းချုပ်ဖို့ ရရာလက်နက်နဲ့ ကြိုးစားတာပါ။ ကျဆုံးသွားတဲ့အထဲမှာဆိုရင် ၁၅ နှစ် ကလေးနှစ်ယောက် ပါတယ်။
ကျွန်တော်တို့က ကိုယ့်ဒေသကာကွယ်ထိန်းချုပ်ဖို့ပဲ ဖွဲ့ထားတာပါ။ တပ်ရင်းတပ်ဖွဲ့တွေလို လေ့ကျင့်ထားတဲ့သူတွေ မဟုတ်ဘူး။
ကျွန်တော်တို့သေနတ်တွေက တစ်ချက်ပစ်၊ ယမ်းတစ်ခါ သိပ်နဲ့။ မီးရှို့ပစ်ရတာ။ မီးက ၈ စက္ကန့်လောက်နေမှ လောင်တာ။ လောင်ရင် “ဝုန်း” ဆို ပစ်လိုက်၊ လူက တိမ်းရရှောင်ရ၊ ပစ်လိုက်ပြန်တော့လည်း ပြန်ထည့်ရ၊ ပြန်ဝပ်ရနဲ့ တစ်ခါပစ်ဖို့ ၁ မိနစ်ခွဲ ၂ မိနစ်ကြာတဲ့သေနတ်တွေ။
မေး − အခုရွာမှာ ဘယ်လိုအခြေအနေရှိသေးလဲ။ သူတို့တွေ တပ်စွဲထားတုန်းပဲလား။
ဖြေ − မနေ့က ၄ နာရီလောက်က သူတို့ပြန်သွားတယ်။ သူတို့ပြန်သွားမှပဲ ကျွန်တော်တို့ အလောင်းတွေ ကောက်နိုင်တာ။ ရွာက လူဦးရေ ၃၀၀၀ လောက်တော့ ရှိတယ်။ အားလုံးပြေးလွှားနေကြတယ်။ (ဖေဖော်ဝါရီ ၁၇) ညကတော့ အနည်းအကျဉ်းတော့ ပြန်ဝင်ကြတယ်။ ဒါပေမယ့် စိုးရိမ်စိတ်နဲ့ဆိုတော့ ရွာအပြင် လယ်ကွင်းပြင်မှာပဲ လှည်းနဲ့ထွက်နေကြတယ်။ ဖြစ်သလို အိပ်ကြတာ။
မေး − မနေ့က တိုက်ပွဲနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောလိုပါသလဲ။
ဖြေ − မနေ့က ဖမ်းမိတယ်ဆိုတဲ့ လက်လုပ်သေနတ်တွေ တွေ့လိုက်တယ်။ အဲဒါတွေက သူတို့ လုပ်ကြံထားတာ။ တူမီးတွေ၊ ရှော့ဂန်းတွေ သိမ်းမိတယ်ဆိုပြီး သူတို့ တင်ထားတာတွေရှိတယ်။ သေနတ်တွေက ပါသွားတဲ့အနေအထားမှာ မရှိဘူး။ ကျသွားတဲ့ ကလေးတွေနားမှာလည်း သူတို့ သေနတ်တွေရှိတယ်။ အကုန်လုံးပြန်ရတယ်။
သူတို့ (စစ်ကောင်စီ) တင်ထားတာတွေက တော်တော်လေးကောင်းတဲ့ဟာမျိုးတွေ၊ သေနတ်တွေဗျ။ ကျွန်တော်တို့က အဲဒီလိုသေနတ်မျိုးတွေနဲ့ သူတို့ကို ယှဉ်တိုက်ခဲ့ရတာမဟုတ်ဘူး။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)