မေးမြန်းခန်း

“ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှ NLD နဲ့တွေ့တယ်လို့ သတ်မှတ်လို့ရမယ်”

ပြည်သူမဲပေးရွေးချယ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းသည်မှာ တစ်နှစ်ကျော်လွန်ပြီဖြစ်သည်။

NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့သည့် စစ်တပ်က နိုင်ငံအကြီးအကဲတာဝန်ယူထားသည့် ပါတီခေါင်းဆောင်များသာမက ပါတီဝင်အများအပြားကိုပါ ဖမ်းဆီးကာ ပုဒ်မမျိုးစုံတပ်ထားသည်။

တိုင်း၊ ပြည်နယ်အနှံ့ရှိ NLD ပါတီရုံးများလည်း ဖျက်ဆီးခံရသလို အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို NLD ၏အကြမ်းဖက်လုပ်ရပ်အဖြစ် စစ်တပ်က ပုံဖော်နေသည်။

ခေါင်းဆောင်များ ဖမ်းဆီးခံထားရသည့် NLD ပါတီကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငွေစာရင်းအစစ်ခံရန်လည်း ဆင့်ခေါ်သည်။

ပါတီရပ်တည်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ ကိုယ်စားပြုခွင့်ဆိုင်ရာ အငြင်းပွားဖွယ်ရာများနှင့် ပတ်သက်၍ NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး  −  စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ပါတီရဲ့ ငွေစာရင်းနဲ့ ပိုင်ဆိုင်မှုတွေ စစ်ဖို့ဆိုပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ ရန်ကုန်တိုင်းရုံးကို ခေါ်ထားတာ သွားဖြစ်ပါသလား။

ဖြေ  −  သတင်းတော့ ကြားတယ်။ ပါတီကိုတော့ တရားဝင်ဆက်သွယ်တာမျိုး ကျွန်တော်တို့ မသိဘူး။ မသိဘူးဆိုတာက ပါတီရဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတာက ဗဟိုအလုပ်ကော်မတီဆိုတာရှိတယ်။ ကော်မတီကို တရားဝင် အသိပေး အကြောင်းကြားတာ မရှိဘူး။

မေး  −  NLD က အစစ်ဆေးမခံဖြစ်ဘူးဆိုတဲ့ သဘောလား။

ဖြေ  −  စစ်ဆေးခံနိုင်တဲ့ တာဝန်ရှိတဲ့သူတွေက မရှိဘူး။ အဓိက စစ်ဆေးခံဖို့ တာဝန်ရှိတာက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ပါ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဆိုရင်လည်း ပါတီရဲ့ ငွေစာရင်းတွေနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူထားတာက ဆရာဦးသိန်းဦးရှိတယ်။ သူ့ကိုလည်း မတရားဖမ်းဆီးထားတာ။ ငွေစာရင်းစစ်ဆေးမယ်ဆိုတဲ့ ကိစ္စမျိုးက နိုင်ငံရေးပါတီတစ်ခုအနေနဲ့က ရှောင်လွှဲလို့ရတဲ့ ကိစ္စမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ တကယ်အစစ်ဆေးခံနိုင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အစစ်ဆေးခံဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းကနေ တာဝန်ယူပြီး စစ်ဆေးခံမှပဲ တကယ်တရားမျှတတဲ့ စစ်ဆေးမှုဖြစ်မှာပါ။

အခုအခြေအနေက ပါတီခေါင်းဆောင်တွေကို မဲစာရင်းမှားယွင်းတယ် အကြောင်းပြပြီး အာဏာသိမ်းတဲ့နေ့ကတည်းက အကုန်ဖမ်းထည့်ထားပြီး နောက်ဆက်တွဲ လုပ်တဲ့လုပ်ငန်းစဉ်တွေက ဘယ်မှ တရားလည်းမဝင်ဘူး၊ အကျုံးလည်းမဝင်ဘူး။ နောက် ရွေးကောက်ပွဲကော်မရှင်ဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အရဆိုရင် စစ်ကောင်စီရဲ့ ဖွဲ့စည်းပေးပိုင်ခွင့်ထဲမှာ မရှိပါဘူး။ အာဏာသိမ်းတဲ့အခြေအနေမှာ အကြောင်းပြတဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်ထဲက ဘယ်တစ်ပိုဒ်မှာမှ အာဏာသိမ်းတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပိုင်ခွင့်အာဏာ အပ်နှင်းထားတာ မရှိပါဘူး။

၂၀၀၈ အခြေခံဥပဒေအရ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်ပြီးနောက် ၂၀၁၂၊ မေလအတွင်း ပြည်သူ့လွှတ်တော်၌ ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ဆိုရန် ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ −  EPA

မေး  −  ၁၉၉၀ ကနေ ၂၀၁၀ ထိ NLD ပါတီ ကြုံခဲ့ရတဲ့ အကျပ်အတည်းအခြေအနေအချို့ အခု ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန်လာတာ တွေ့ပါတယ်။ ဘယ်လောက်ထိ တူညီမှုရှိလဲ၊ ပိုဆိုးသွားသလား ဘယ်လိုများ သုံးသပ်နိုင်ပါသလဲ။

ဖြေ −  အချို့ကတော့ ခိုင်းနှိုင်းနေကြတာရှိတယ်။ ကျွန်တော့်အမြင်ကတော့ တစ်ခုမှ မတူပါဘူးဗျ။ ၁၉၈၈ အာဏာသိမ်းတယ်၊ ၁၉၉၀ ရွေးကောက်ပွဲကျင်းပတယ်၊ အာဏာမလွှဲတဲ့အခြေအနေနဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီး ၂၀၂၁ မှာ အာဏာသိမ်းတဲ့အခြေအနေ တစ်ခုမှ မတူတဲ့အတွက် ဘာမှ ခိုင်းနှိုင်းလို့မရဘူး။ ခိုင်းနှိုင်းရင်လည်း အကုန်တလွဲတွေပဲ ဖြစ်မှာပဲ။

အခုက ၂၀၁၅ ရွေးကောက်ပွဲကနေပြီးတော့ ၂၀၁၆ မှာ ပြည်သူလူထုရဲ့ လွတ်လပ်တဲ့ ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်လိုက်တဲ့ NLD အစိုးရအုပ်ချုပ်နေတဲ့ ကာလပါ။ အစိုးရသက်တမ်းကလည်း ၂၀၂၁ မတ် ၃၁ ရက်နေ့မှ ပြည့်မှာ။ နောက်သက်တမ်းအတွက် ဆက်ခံဖို့ကိုလည်း မဲဆန္ဒရှင် ပြည်သူလူထုတွေက ကိုဗစ်နိုင်တင်းရောဂါအန္တရာယ်ကြားထဲမှာ တစ်ခဲနက်ထောက်ခံပြီး ၈၂ ရာခိုင်နှုန်းကျော်၊ ပြည်ထောင်စုလွှတ်တော်တစ်ခုတည်းကို ဆိုလိုတာပါ၊ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အနိုင်ရပါတီပါ။ အဲဒီတော့ လက်ရှိလည်း တရားဝင်အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့လည်းဖြစ်တယ်။ နောက်သက်တမ်းအတွက်လည်း ပြည်သူလူထုရဲ့ ယုံကြည်တဲ့ စိတ်ဆန္ဒနဲ့ မျှော်လင့်ချက်တွေနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ပါတီလည်းဖြစ်တယ်။ အဲဒီဟာကို အခုလိုမျိုး ဆောင်ရွက် (အာဏာသိမ်း)လိုက်တာက ပြီးခဲ့တဲ့ ၁၉၉၀ ကာလအခြေအနေနဲ့ကတော့ တစ်ခုမှ မတူပါဘူး။

မတူတဲ့အတွက် လက်ရှိပါတီဝင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြည်သူလူထုရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ နိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် မျှော်လင့်ထားတဲ့ အခက်အခဲတွေကတော့ တော်တော်ကြီးကို ကွဲပြားပါတယ်။ နှိုင်းယှဉ်လို့မရတဲ့ အခြေအနေပါ။ သီးခြားပေါ့နော်။ လက်ရှိဖြစ်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ သုံးသပ်စဉ်းစားရင်ဆိုင်ရမဲ့ အခြေအနေပါလို့ပဲ ပြောချင်ပါတယ်။

မေး  −  ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ NLD ပါတီအပေါ် ရိုက်ခတ်တာတွေ အများကြီးတွေ့ပါတယ်။ ခေါင်းဆောင်တွေကအစ ပါတီဝင်အဆုံး ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာ၊ ပါတီရုံးတွေ ဖျက်ဆီးခံရတာတွေလည်း ရှိပါတယ်။ စာရင်းဇယားနဲ့များ ပြောပြနိုင်မလား။

ဖြေ  −  ရရှိထားတဲ့ မှတ်တမ်းတွေအရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၄ ဦး ဖမ်းဆီးထိန်းသိမ်းလိုက်တယ်။ ပြီးခဲ့တဲ့ လကတော့ (ကျန်းမာရေးမကောင်းတဲ့) ဆရာဦးဟံသာမြင့်တော့ ပြန်လွှတ်ပေးတယ်ပေါ့ဗျာ။ နောက်ပြီးတော့ တရားဝင်နိုင်ငံရေးပါတီတစ်ခုရဲ့ ပါတီလုပ်ငန်းတွေ လုပ်လို့မရအောင် (ရန်ကုန်၊ ရွှေဂုံတိုင်) အဖွဲ့ချုပ်ရုံးတောင်မှပဲ သုံးကြိမ်လောက် ဥပဒေမဲ့ ဝင်ရောက်ပြီးတော့ ပစ္စည်းတွေ ရှာဖွေသိမ်းဆည်းတာ လုပ်တယ်။ စစ်အုပ်ချုပ်ရေးထုတ်ထားတဲ့ ကာလအချိန်မှာပဲ၊ ရုံးကို မီးကွင်းပစ်တာတို့ အသံဗုံးပစ်တာတို့ အဲဒါတွေလည်း ဆောင်ရွက်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လဲ ဘာတစ်ခုမှလည်း အကာအကွယ်မပေးဘူး။

အဲဒီလိုမျိုးပဲ ကျန်တဲ့ ပြည်နယ်၊ တိုင်း အနှံ့က ပါတီရုံးပေါင်း ကျွန်တော်တို့စာရင်းအရဆို ၉၁ ရုံးပေါ့။ မီးရှို့ခံရတယ်၊ ဗုံးခွဲဖျက်ဆီးခံရတယ်။ ရုံးရှေ့မှာ လူခေါင်းပြတ်လာချိတ်တာမျိုးတွေ၊ လူတွေမနေနိုင်အောင်၊ ရုံးလုပ်ငန်းမလုပ်နိုင်အောင် ဆောင်ရွက်တာတွေရှိတယ်။ ဒါတွေက ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာတော့ အဲဒီဒေသတွေမှာ လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေက ဖော်ထုတ်၊ အရေးယူပေးဖို့တော့ တာဝန်ရှိပါတယ်။ နောက် ပါတီဝင်တွေအများစုကိုလည်း လိုက်လံဖမ်းဆီးတာတွေရှိတယ်။ အတည်ပြုလို့ရတဲ့ စာရင်းအရပဲ ပါတီဝင်ပေါင်း ၆၀၀ ကျော်ပေါ့။ စာရင်းတွေက အတည်ပြုဖို့ ခက်ခဲတာတွေရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုလည်း ၁၀၀ ကျော် ဖမ်းခံရတဲ့ အခြေအနေမျိုးတွေရှိပါတယ်။

အဲဒီတော့ ဘယ်လောက်ဖိနှိပ်ခံရတယ်၊ ဘယ်လောက်နှိပ်ကွပ်ခံရတယ်ဆိုတာ တရားဝင်နိုင်ငံရေးပါတီတစ်ခုရဲ့ အခြေအနေကို ဆရာတို့ မှန်းဆလို့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ မဲရုံတစ်ခု၌ မဲပေးပြီးနောက် ပြည်သူ့ဆန္ဒကို လက်ခံမည်ဟု ပြောခဲ့သည့် အာဏာသိမ်း စစ်ခေါင်းဆောင်။ ဓာတ်ပုံ − ဉာဏ်လှိုင်လင်း/Myanmar Now

မေး  −  စစ်ကောင်စီကတော့ မဲစာရင်းမှားယွင်းမှုကို ဆက်လက်ကိုင်စွဲပြီးတော့ ပုဒ်မတပ်အရေးယူတာတွေ လုပ်နေပါတယ်။ NLD ဘက်က ဘယ်လိုရှုမြင်ထားပါသလဲ။

ဖမ်းဆီးထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး ပြောရရင်၊ တကယ်ဆိုရင် မဲစာရင်းကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် မဲစာရင်းပြုစုထုတ်ပြန်ရေးမှာ တကယ်တာဝန်အရှိဆုံးက အဲဒီကာလက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် (စစ်ကောင်စီလက်ထက် UEC အဖွဲ့ဝင်ဖြစ်လာသူ ဦးခင်မောင်ဦး)ပါ။ ဒီပုဂ္ဂိုလ်ကိုကျတော့ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်တာ မရှိဘဲနဲ့ ကျန်တဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ ဥက္ကဋ္ဌတွေကို ဆောင်ရွက်တယ်။ နောက် ပါတီအကြီးအကဲတွေ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို ဖမ်းဆီးတယ်။ တကယ်တမ်း ရွေးကောက်ပွဲကြောင့်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ ဆောင်ရွက်ရမဲ့ သူ့လုပ်ငန်းစဉ်တွေရှိပါတယ်။ အဲဒီလိုဆောင်ရွက်ရမဲ့အစား ဖမ်းဆီးတယ်။ ဖမ်းပြီးတော့မှ ဥပဒေပုဒ်မတွေ အမျိုးမျိုးတပ်တယ်ပေါ့။ တကယ်ဆို ဥပဒေပုဒ်မတွေတပ်ပြီး တရားစွဲတာမျိုးလုပ်ပြီးမှ ဖမ်းဆီးရမှာ။ အခုက ဖမ်းဆီးပြီးမှ တရားစွဲတာမျိုးဆိုတော့ NLD ပါတီကို တမင်သက်သက်၊ ရည်ရွယ်ချက်ရှိရှိနဲ့ ပျက်စီးစေလိုတဲ့၊ ဖျက်ဆီးချင်တဲ့ စိတ်နဲ့ လုပ်နေတဲ့သဘောတော့ သက်ရောက်ပါတယ်။

မေး  − စစ်ကောင်စီက NLD ပါတီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပုံဖော်ပြောဆိုနေတာတွေရှိပါတယ်။ ဘာများမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ  −  ခိုင်လုံတဲ့ အကြောင်းပြချက်မျိုးတွေနဲ့ ပြောတာမျိုးတော့ မတွေ့ပါဘူး။ ခွဲခြားပြီးတော့ ပြောနေတာမျိုးတော့ မြင်ရပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာဆိုရင် NLD ပါတီထဲမှာ အစွန်းရောက်တဲ့သူတွေရှိတယ်၊ အစွန်းမရောက်တဲ့သူတွေလည်း တော်တော်များများရှိပါတယ်ဆိုတာမျိုး ခွဲခြားပြောနေတာရှိပါတယ်။ ဒါတွေကတော့ သမိုင်းအဖြစ်အပျက်တွေကပဲ သက်သေခံသွားမှာပါ။ ကျွန်တော်တော့ အဲဒါနဲ့ ပတ်သက်ပြီး ကြိုပြီး မှတ်ချက်မပေးချင်ပါဘူး။

မေး  −  နိုင်ငံတကာဘက်က ဧည့်သည်အချို့လာတာရှိရင် စစ်ကောင်စီက NLD ပါတီကလူတွေနဲ့ ပေးတွေ့တယ် စသဖြင့် ပြောနေတာရှိပါတယ်။ ဘာများသိထားပါသလဲ။

ဖြေ −  သတင်းတွေကတော့ ရှိတယ်ဗျ။ တကယ်ပေးတွေ့မယ်၊ မတွေ့ဘူးဆိုတာတော့ လာမှပဲသိရမှာပါ။ ရှေ့မှာလည်း နိုင်ငံခြားသားတွေ တွေ့တယ်ဆိုတဲ့ သတင်းတွေလည်းရှိခဲ့ဖူးပါတယ်။ ဥပမာ မစ္စတာ ဆာဆာကာဝါ (နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ) ခရီးစဉ်လိုဟာမျိုးပေါ့။ တကယ်တမ်း NLD ပါတီကို ကိုယ်စားပြုတဲ့သူနဲ့ တွေ့မယ်ဆိုရင် သူတို့ သတင်းထုတ်ပြန်ရဲရမှာပေါ့ဗျာ။ NLD နာမည်ကို အသုံးပြုချင်တယ်ဆိုရင်တော့ ဘယ်သူနဲ့ တွေ့တယ်၊ NLD က ဘယ်အဆင့်နဲ့ တွေ့တယ်ဆိုတာမျိုးတော့ ရှိရမှာပေါ့။ အဲဒီလိုမျိုးတွေ သတင်းထုတ်ပြန်တာမရှိဘဲနဲ့ ခိုးကြောင်ခိုးဝှက်နဲ့ NLD နဲ့ တွေ့တယ်ဆိုတာမျိုးကတော့ ဘယ်လိုမှ ယုံကြည်လက်ခံလောက်တဲ့၊ အဆင့်အတန်းရှိတဲ့ တွေ့ဆုံမှုမျိုးတော့ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

နောက်တစ်ခုပြောချင်တာက အခုအချိန်မှာ NLD ကိုယ်စားပြောနိုင်တဲ့သူနဲ့ တွေ့မယ်ဆိုရင်တော့ တကယ်ပြောနိုင်တဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှ NLD နဲ့ တွေ့တယ်လို့ သတ်မှတ်လို့ရမယ်။ ဒါမှမဟုတ်ရင်လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ လွတ်လပ်တဲ့ စုံညီအစည်းအဝေးကနေ တာဝန်ပေးအပ်ထားတဲ့သူ တစ်ယောက်ယောက်နဲ့ တွေ့ဆုံတာမျိုးဆိုရင်လည်း NLD နဲ့ တွေ့တယ်လို့ ပြောလို့ရပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲနဲ့ NLD ပါတီဝင်တစ်ယောက်ယောက်ကို ခေါ်တွေ့ပြီးတော့ NLD နဲ့ တွေ့တယ်ဆိုတာကတော့ ဘယ်လိုမှ ယုတ္တိလည်းမရှိဘူး။ နိုင်ငံရေးအရဆိုရင်လည်း အဆင့်အတန်းရှိတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ ပုဂ္ဂလိကတွေ့တာမျိုးတွေ ရှိကောင်းရှိလိမ့်မယ်။ NLD ကို ကိုယ်စားပြုပြီး တွေ့တယ်လို့တော့ ဘယ်လိုအခြေအနေ၊ အကြောင်းပြချက်နဲ့မှတော့ သတ်မှတ်လို့မရပါဘူး။ အခုအချိန်အထိတော့ CWC (ဗဟိုအလုပ်ကော်မတီ) ကို တရားဝင်ဆက်သွယ်တာမျိုးမရှိပါဘူး။

မေး  −  NLD လက်ရှိကြုံတွေ့နေရတဲ့ ရပ်တည်မှုအတွက် စိန်ခေါ်ချက်တွေကို ရင်ဆိုင်ကျော်လွှားဖို့အတွက် CWC က ရည်မှန်း ပြင်ဆင်၊ လုပ်ဆောင်နေတာတွေများရှိလား။ ဘာများပြောပြနိုင်မလဲ။

ဖြေ −  ကျွန်တော်တို့ NLD ဆိုတာက ပြည်သူလူထုကြားကနေ ပေါက်ဖွားလာပြီးတော့ ပြည်သူလူထုထောက်ခံမှုနဲ့ပဲ ရပ်တည်နေရတဲ့ ပြည်သူ့ပါတီဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေကိုတော့ ပါတီက နဂိုရှိထားပြီးသား မူဝါဒတွေနဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့တော့ ကြိုးစားနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button