
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၄ ) မွန်းလွဲပိုင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အတည်ပြုသည်။
မောင်တောမြို့မှ ၃၅ မိုင်ခန့် ဝေးသည့် မီးတိုက်ကျေးရွာ၏ အရှေ့မြောက်ဘက် လက်ပံတောင်ကြောတွင် ခြေမြန်တပ်ရင်း အမှတ် ၃၅၂ စစ်ကြောင်း (၁) က AA ထိန်းချုပ်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဦးခိုင်သုခက သတင်းသမားများကို ပြောသည်။
“ရက္ခိုင့်တပ်တော် တပ်ဖွဲ့တွေ အခြေပြုထားတဲ့နေရာကို ဝင်ရောက်လာပြီးတော့မှ ကျွန်တော်တို့ဘက်က ကင်းသမားကို လက်ဦးမှုယူ ပစ်ခတ်တဲ့အတွက်ကြောင့်မို့လို့ မွန်းလွဲ ၂ နာရီ ၅၁ မိနစ်ကနေပြီးတော့ ၃ နာရီ ၃၇ မိနစ်အထိ ၄၆ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာ” ဟု သူက ဆိုသည်။
“ကင်းစောင့်နေတဲ့ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက် ကျဆုံးတာရှိတယ်။ နောက်ပြီးတော့ မြန်မာစစ်တပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိတယ်ဗျ။ ဒါပေမဲ့ လောလောဆယ် ဘယ်နှယောက်လဲဆိုတဲ့ အသေးစိတ်ကို မသိရသေးဘူး”
တည်ငြိမ်နေသည့် ရခိုင်ပြည်ကို မတည်မငြိမ်ဖြစ်အောင်၊ အခြေအနေ ပိုဆိုးရွားလာအောင် စစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းဖြစ်သည်ဟု ဦးခိုင်သုခက မှတ်ချက်ပြုသည်။
“တိုက်ပွဲ ထပ်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာက မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုအပေါ်မှာ အများကြီး မူတည်တယ်ဗျ။ ကျွန်တော်တို့ကတော့ မြန်မာစစ်တပ်ရဲ့လှုပ်ရှားမှုအပေါ် မူတည်ပြီးတော့ လိုအပ်ရင်လိုအပ်သလို တုံ့ပြန်လုပ်ဆောင်သွားမှာ ဖြစ်တယ်ဗျ”ဟု ဆိုသည်။
မောင်တောအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
၂၀၂၀ နိုဝင်ဘာလဆန်းမှစ၍ ၂ နှစ်ကျော်ကြာ တိုက်ပွဲများ ရပ်တန့်သွားသော်လည်း ယမန်နှစ် ဩဂုတ်အတွင်းမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်က အင်အားတိုးချထားသည်၊ စစ်ရေးလှုပ်ရှားမှုကို အဆက်မပြတ် တိုးမြှင့်လုပ်ဆောင်လာနေသည်ဟု ဒေသခံကျေးရွာသားများက ဆိုသည်။
၂၀၂၁ နိုဝင်ဘာ ၉ တွင် မောင်တောမြို့နယ်မြောက်ပိုင်း AA ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က နယ်မြေကျော်လွန် ဝင်ရောက်လာမှုကြောင့် ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီ ၁၇ တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပြင်တွင် AA ထိန်းချုပ်ရာ နယ်မြေအတွင်း အင်အား ၄၀ ပါ စစ်ကောင်စီစစ်ကြောင်းက ကျူးကျော်လာသဖြင့် နှစ်ဖက် ထိပ်တိုက်တွေ့ပြီး ထိုနေရာမှ တစ်မိုင်ခန့်အကွာရှိ ဝင်စုကျေးရွာဘုန်းကြီးကျောင်းသို့ စစ်တပ်က တပ်ဆုတ်သွားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မောင်တောမြောက်ပိုင်းရှိ ဒေသခံကျေးရွာသားများကို နယ်မြေရှင်းလင်းရေး လုပ်မည်ဟုဆိုကာ တောတောင်သို့ မသွားကြရန် စစ်ကောင်စီက အသိပေးထားသည်ဟု ဒေသခံများက ဆိုကြသည်။
ဖေဖော်ဝါရီ ၃ ကလည်း ရသေ့တောင်မြို့နယ် မယူကမ်းဒေသရှိ ကုလားချောင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီး နှစ်ရက်ကြာ တပ်စွဲနေထိုင်ခဲ့သည်ဟု အမည်မဖော်လိုသည့် ထိုကျေးရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။
“သူတို့က ရွာသားတွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး။ ဒါပေမဲ့ ရွာသားတွေကတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်လို့ ကြောက်ပြီးတော့ ရှောင်နေကြတဲ့သူတွေ ရှောင်နေခဲ့ကြတယ်။ သူတို့ ၃ ရက်နေ့ကနေ ရောက်နေကြတာ။ ဒီနေ့ (ဖေဖော်ဝါရီ ၅) မနက် ၉ နာရီလောက်မှာ ပြန်သွားကြတယ်” ဟု ထိုအမျိုးသားက ပြောသည်။
ယမန်နေ့ ညနေပိုင်း၌ ဘူးသီးတောင်မြို့နယ်တွင်လည်း သရက်ပြင်ကျေးရွာအနီး စိုင်းဒင်တံတားပေါ်တွင် စစ်တပ် အခိုင်အမာတပ်စွဲထားသည့်နေရာမှ လက်နက်ငယ်ပစ်ခတ်သံများထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
သရက်ပြင်ကျေးရွာသည် နှစ်နှစ်ကျော်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလက ကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေးကြစဉ် မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ကျေးရွာဖြစ်သည်။
အလားတူ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းတွင်လည်း ယမန်နေ့ နေ့လယ်ပိုင်း၌ စစ်တပ်က ကင်းပုန်းဝပ် စစ်ရေးလှုပ်ရှားမှုရှိခဲ့ကြောင်း မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။
ရခိုင်မြောက်ပိုင်းတွင် စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ကြား တိုက်ပွဲနှစ်ကြိမ် ရက်ပိုင်းအတွင်းဖြစ်ထားပြီး ဖေဖော်ဝါရီ ၁ နှင့် ဖေဖော်ဝါရီ ၄ တွင် တိုက်ပွဲဖြစ်ခဲ့သည့် ထိုလက်နက်ကိုင်အဖွဲ့မှာ ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)