သတင်း

မီးဘေးသင့် စန်းမြို့ရွာစစ်ရှောင်များ ဆေးဝါးအကူအညီ လိုအပ်နေ 

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း စစ်တပ်က မီးတင်ရှို့သည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စန်းမြို့ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသူများ ဆေးဝါးအကူအညီ လိုအပ်နေသည်ဟု ဒေသခံအချို့ထံမှ သိရသည်။

စစ်ကောင်စီရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံများအနက် သွေးတိုး၊ နှလုံးရောဂါနှင့် ပန်းနာရင်ကျပ် ဖြစ်ပွားနေသူ ၂၀၀ ဝန်းကျင်လည်း ပါဝင်သည်ဟု စန်းမြို့ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။​

“တအားအေးတဲ့အချိန်ဆိုတော့ အသက်ကြီးတဲ့သူတွေဆိုရင် တအားခက်ခဲတာပေါ့ဗျာ။ ဆေးတွေ ဘာတွေ မရှိဆိုတဲ့ အခါကျတော့လေ။ ဝယ်ဖို့လည်း ခက်ခဲတယ်။ သွေးတိုးသမားတွေအတွက် သွေးတိုးကျဆေးတွေ၊ နှလုံးရောဂါရှိတဲ့သူတွေဆိုရင် ဆေးဝါးတွေကတော့ ဘာမှ မရဘူးဗျ။ ဝယ်လို့မရတာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

စစ်ရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေပြီး ဇန်နဝါရီ ၁၅ ရက်တွင် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံးခဲ့ပြီး အကြောင်းရင်း မသိရဟု ဆိုသည်။

“ကိုယ်ခံအားကျတဲ့သူတွေလည်း ရှိတယ်။ နှမ်းခါးလူငယ်အဖွဲ့က လာပြီး သွေးတိုးကျဆေးတွေ၊ အားဆေးတွေ ပေးတယ်။ သွေးတိုးကျဆေးက ဘယ်လိုမှ မလောက်လို့ မရလိုက်တဲ့သူတွေရှိတယ်” ဟု စန်းမြို့ရွာခံ အမျိုးသားက ပြောသည်။

စန်းမြို့ရွာအပြင် ဂန့်ဂေါမြို့နယ်အတွင်းရှိ နှမ်းခါးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ကျန်းမာရေးစောင့်ရှောက်မှုအားနည်းနေသည်ဟု နှမ်းခါးလူငယ်အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည် ဇန်နဝါရီ ၂၅ က ပန်းနာရင်ကျပ်ရောဂါအခံရှိနေသူ အသက် ၈၀ အရွယ် ဦးမောင်မြင့်ဆိုသူ အမောဖောက်သေဆုံးခဲ့ကာ ဒီဇင်ဘာနှင့် ဇန်နဝါရီ နှစ်လတာအတွင်း စစ်ဘေးရှောင် နှမ်းခါးရွာခံ ၁၅ ဦးအထိ သေဆုံးခဲ့ပြီဖြစ်ကြောင်း နှမ်းခါးလူငယ်အဖွဲ့က ဆိုသည်။​

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်း ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ခံရသဖြင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ နှမ်းခါးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။ ထိုမှနေ၍ ဆက်တိုက်ဝင်စီးခံခဲ့ရသည့် စန်းမြို့ရွာခံများလည်း အလားတူ ထွက်ပြေးနေရခြင်းဖြစ်သည်။

စန်းမြို့ရွာစစ်ဘေးရှောင်များအနက် သွေးတိုးရောဂါ၊ ကိုယ်ခံအားကျခြင်းအပြင် အအေးဒဏ်ကြောင့် ကျန်းမာရေးချို့တဲ့နေသူများအတွက် သွေးတိုးကျဆေးနှင့် အားဆေးများလိုအပ်နေသည်ဟု နှမ်းခါးလူငယ်အဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။​

စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည့် ယောဒေသမြောက်ပိုင်းတွင် စစ်ဘေးရှောင်များမှာ နယ်မြေချင်းထိစပ်နေသည့် ကလေးမြို့သို့ပင် သွားရောက်ဆေးကုသရန် အခက်အခဲဖြစ်နေသည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ဘက်တွေက စားနပ်ရိက္ခာထက် ဆေးဝါးအဓိက လိုအပ်တာ။ ဆေးရုံဆေးခန်းသွားလို့ မလွယ်ဘူးဗျ။ ဘာလို့ဆိုရင် ကလေးမြို့ဘက်ကို သွားမယ်ဆိုရင် ပျူစောထီးရွာတွေကို ဖြတ်သန်းရတာ။ တအားအန္တရာယ်များတယ်။ တံစဉ်ဖြတ်တာကအစ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ဆေးဝါးဝယ်ယူမရဖြစ်နေသည့်ပြင် အဝတ်အထည်နှင့် အမိုးအကာများလည်း လိုအပ်နေသည်ဟု သိရသည်။

ရွာသားများစုသည် အမိုးအကာများမရှိသဖြင့် ကောက်ရိုးများကို ကာရံနေထိုင်နေကြရကြောင်း၊ စပါးပေါ်ချိန်ဖြစ်သဖြင့် စားရေးသောက်ရေးအခက်အခဲကို လတ်တလောဖြေရှင်းနိုင်သော်လည်း ဆေးဝါးမှာမူ လုံလောက်မှုမရှိကြောင်း စန်းမြို့ရွာခံ အမျိုးသားက ဆိုသည်။

အိမ်ခြေ ၂၁၀ ဝန်းကျင်ရှိ စန်းမြို့ရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်တွင် နောက်တစ်ကြိမ် ဝင်ရောက်မီးရှို့ခဲ့ရာ မီးမလောင်ဘဲ ကျန်ရှိနေသည့်အိမ် နေအိမ် ၃၀ ခန့်သာရှိပြီး လူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button