အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်ပန်းတောင်းတွင် ကိုယ့်ကိုယ်ကိုယ်မီးရှို့၍ စစ်ကောင်စီကို ဆန္ဒပြ

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့် ယနေ့ (ဖေဖော်ဝါရီ ၁) တွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၌ အမျိုးသားတစ်ဦးက ခန္ဓာကိုယ်အား ဓာတ်ဆီလောင်းမီးရှို့ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရာ ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဒေသခံသုံးဦးထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့လယ်တွင် ကိုယ့်ကိုယ်ကိုယ်မီးရှို့ကာ ဆန္ဒထုတ်ဖော်ခဲ့သူမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့၏ အဓိကလမ်းမကြီးပေါ်တွင် ခန္ဓာကိုယ်ပေါ် ဓာတ်ဆီလောင်းမီးရှို့ကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

မီးရှို့ဆန္ဒပြသူ အမျိုးသားအနီးတွင် “၂၄ နာရီလုံး အများပြည်သူ မီးလင်းပါစေ၊ ၂၀၀၁- ၂၀၀၂ ခုနှစ်ကို ပြန်မသွား” ဟူသော စာရွက်တစ်ရွက် တွေ့ရသည်ဟုလည်း မြို့ခံများထံမှ သိရသည်။ 

“ဓာတ်ဆီနှစ်ဘူးကိုင်လာပြီး သူ့ကိုယ်သူ လောင်းချလိုက်တယ်တဲ့။ အိတ်ထဲမှာ ပါလာတဲ့မီးခြစ်ကို ထုတ်ခြစ်လိုက်ပြီး မီးရှို့တာ။ မြင်တဲ့သူက သူ့ကိုယ်သူ သေကြောင်းကြံတယ်ထင်ပြီး ရေတွေလောင်းပေးသေးတယ်။ ဒါပမဲ့ မမီလိုက်ဘူးဗျ။ လောင်သွားတာ တော်တော်တော့ များတယ်။ စက္ကန့်ပိုင်းပဲ” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ခန္ဓာကိုယ်မီးရှို့ဆန္ဒပြသူ အမျိုးသားထံ စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာပြီးနောက် ညောင်ဦးမြို့ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟုလည်း အထက်ပါ အမျိုးသားက ဆက်ပြောသည်​။

“လက်ပဲလှုပ်နိုင်တော့တယ်။ သေဖို့တော့ များမယ်နဲ့ တူတယ်။… ဓာတ်ဆီဘူးတွေ ဘာတွေပဲ ကျန်ခဲ့တယ်။ လုံးဝကို ပေါက်ကွဲပြီး လောင်သွားတာ။ အော်သံတော့ မကြားဘူး။ စာရွက်ပါလာတာတောင် လိုင်းပေါ်တက်လာမှ သိရတာ။ ကျွန်တော်တို့လည်း အိမ်ထဲက မထွက်ဖြစ်ဘူး။ ဒီနေ့က Silence Strike ဆိုတော့။ ကျွန်တော် အိမ်ပေါ်က အောက်ဆင်းကြည့်တဲ့အချိန် မြေပေါ်မှာ (လဲ)ကျနေပြီ” ဟု ၎င်းက ပြောသည်။

လဲကျနေရာအနီးရှိ လက်ရေးဖြင့် ရေးသားထားသည့်စာ။ (ဓာတ်ပုံ-ပေးပို့) 

အနားရှိ လူတစ်ဦးက ဝင်ရောက်ကယ်တင်သော်လည်း အချိန်မမီခဲ့ကြောင်း ၎င်းက မြင်တွေ့ရပုံကို ပြောပြသည်။

“ဓာတ်ဆီလောင်းတာ မြင်တဲ့အချိန်မှာ တစ်ယောက်က ဆန္ဒပြတယ်လည်း မသိဘူးပေါ့ဗျာ။ ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်မှတ်ပြီး မီးခြစ်မခြစ်နိုင်အောင် သွားကန်လိုက်သေးတယ်။ ကန်လိုက်တဲ့အချိန် မမီလိုက်တော့ဘူး။ ဝုန်းဆို မီးထတောက်သွားတာ။ သွားကန်တဲ့သူတောင် ခြေထောက်မီးစွဲသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

မီးရှို့ဆန္ဒပြသူ အမျိုးသားသည် ကျောက်ပန်းတောင်း ပြည်တော်သာရပ်ကွက်တွင် နေထိုင်ပြီး သံပန်းတံခါးလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း၊ အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း အောင်အောင် ဆိုသူဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့မှ ပရဟိတသမားတစ်ဦးကလည်း ပြောသည်။

ကျောက်ပန်းတောင်းမြို့ရှိ ဈေးဆိုင်အများစုသည် အသံတိတ်သပိတ်တွင် ပါဝင်နေကြကြောင်း၊ မီးရှို့ဆန္ဒပြသည့် အမျိုးသား၏ လှုပ်ရှားမှုကို သတိမထားမိလိုက်ကြကြောင်း အဆိုပါနေရာရှိ ဈေးဆိုင်တစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ်ဆင်နွှဲရန် ဆော်ဩမှုများကို နည်းမျိုးစုံဖြင့် အတင်းအကျပ် ခြိမ်းခြောက်ခဲ့သော်လည်း ယနေ့တွင် နိုင်ငံအနှံ့ မြို့ရွာများတွင် လမ်းပေါ်၌ လူသူတိတ်ဆိတ်နေသည့် မှတ်တမ်းဓာတ်ပုံများ တွေ့ရှိရသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button