သတင်း

ကျောက်ပန်းတောင်းတွင် စစ်တပ်က ရွာကိုစီးနင်းပြီးနောက် စစ်ခွေးဟုမခေါ်ရန် ခြိမ်းခြောက်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပန်ကျင်းရွာကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီးနောက် ဆန္ဒမပြရန်နှင့် စစ်ခွေးဟုမခေါ်ရန် ဖိအားပေးခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံနှစ်ဦးက Myanmar Now ကို ပြောသည်။

ကျောက်ပန်းတောင်း − နတ်မောက် လမ်းမပေါ်ရှိ လက်ပန်ကျင်းရွာကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် နယ်မြေခံရဲများနှင့် အရပ်ဝတ်လက်နက်ကိုင်များအပါအဝင် စစ်ကား ၁၀ စီးကျော် ဝင်ရောက်လာသဖြင့် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်တပ်က နှစ်ညတပ်စွဲပြီးနောက် ကျေးရွာရပ်မိရပ်ဖများကို ဖိအားပေး ခံဝင်ထိုးခိုင်းကာ ပြန်လည်ထွက်သွားခဲ့ကြောင်း လက်ပန်ကျင်းရွာသားတစ်ဦးက ပြောသည်။

“ဆန္ဒမပြဖို့နဲ့ စစ်ခွေးလို့ မခေါ်ဖို့ပေါ့လေ။ သူတို့ရဲ့ ဒလန်ကို ရန်ရှာမှာကြောက်လို့ ရွာက ရပ်မိရပ်ဖကို လက်မှတ်ထိုးခိုင်းပြီးတော့ နောက်တစ်ခါဆိုရင် ရွာကို မီးရှို့မယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။ 

လက်ပန်ကျင်းရွာတွင် စစ်တပ်ရောက်မလာမီ တစ်ရက်ဖြစ်သည့် ဇူလိုင် ၂၄ ရက် ညပိုင်းက ‘နယ်စုံထကြွ တော်လှန်ကြ’၊ ‘ကမ္ဘာမကျေ သွေးကြွေး ဆွေးနွေးစရာမရှိ’၊ ‘သပိတ်စုံသူပုန်ထ စစ်ခွေးအားလုံး တော်လှန် ကြ’ ကြွေးကြော်သံဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်ဟု သိရသည်။

စစ်တပ်က အင်အားအလုံးအရင်းဖြင့် ရွာကို ဝင်ရောက်စီးနင်းသည့် အကြောင်းရင်းကို မသိရသော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုကို ဦးဆောင်သည့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန် လာရောက်သည်ဟု ယူဆရကြောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ အထက်ပါ လက်ပန်ကျင်းရွာသားက ပြောသည်။  

“ရွာမှာရှိတဲ့ဒလန်ကလည်း စစ်တပ်ကိုလာဖို့ ဖိတ်ခေါ်နေတာကြာပြီ။ ဒလန်က အုပ်ချုပ်ရေးမှူး။ ရွာက ခဲနဲ့ ဝိုင်းထုဖူးတယ်။ သူကလည်း အဲဒီကတည်းက စစ်တပ်ကို လာစေချင်နေတာ။ လက်စားချေချင်နေတာပေါ့” ဟု ၎င်းက ပြောသည်။ 

ရွာမှရွာသူရွာသား သုံးပုံနှစ်ပုံခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။ 

“ရွာအနောက်ပိုင်းက အားလုံးပဲ။ ရွာတောင်ပိုင်းလည်း တချို့ပြေးကြတယ်။ များသောအားဖြင့် ကြံ့ဖွတ် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ထောက်ခံတဲ့အဖွဲ့တွေရှိတာပေါ့၊ သူတို့လောက်ပဲ မပြေးတာ။ ကျန်တဲ့လူတော်တော်များများ ပြေးကြတယ်” ဟု အထက်ပါ ရွာသားက ပြောသည်။

ရွာသားများသည် နီးစပ်ရာ တောထဲတွင် ဝင်ပုန်းခဲ့သော်လည်း စစ်တပ်က တောနင်းရှာမည်ဆိုသော သတင်းကြောင့် အခြားမြို့များအထိ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။ 

စစ်သားများသည် လက်ပန်ကျင်းရွာရှိ တက်ကြွလှုပ်ရှားသူတစ်ဦး၏နေအိမ်ကို ဝင်ရောက်ရှာဖွေကာ ငွေကျပ်လေးသိန်းယူဆောင်သွားပြီး TV ကိုလည်း ရိုက်ခွဲခဲ့ကြောင်း၊ ရွာသားများ၏ ဖုန်းကို ယူစစ်ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး၏ ဖုန်းကို သိမ်းယူခဲ့ကြောင်း အခြားလက်ပန်ကျင်းရွာသားတစ်ဦးက ပြောသည်။ 

“ရွာထဲရောက်လာတော့ ပထမတော့ ဘာမှမလုပ်ဘူး၊ ဘာညာနဲ့ပြောပြီး နောက်ကျတော့ ပစ်ပြီးဆဲတာ” ဟု ၎င်းက ပြောသည်။

ရပ်မိရပ်ဖိများကို ခံဝန်ကတိထိုးခိုင်းပြီး နောက်တစ်ရက်တွင် စစ်တပ်က ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဖမ်းဆီးခံရသူမရှိကြောင်း သိရသည်။ 

Show More

Related Articles

Back to top button