စစ်ကိုင်းတိုင်းအနောက်ခြမ်း အိန္ဒိယ – မြန်မာနယ်စပ် တမူးမြို့နှင့် ကလေးမြို့အကြား အာရှလမ်းမပေါ်တွင် ယနေ့ (ဇန်နဝါရီ ၃၀) နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။
တစ်နာရီခန့်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိအဆင့်အပါအဝင် သုံးဦးထက်မနည်း သေဆုံးမည်ဟု ခန့်မှန်းကာ တစ်ဦးမှာ ခေါင်းပွင့်သေဆုံးသွားသည်ကို မြင်တွေ့ရကြောင်း တမူး PDF ၏ တပ်ရင်း (၃) ဦးဆောင်သူ ဗိုလ်ဇီးကွက်ဆိုသူက ပြောသည်။
“စစ်ကောင်စီဘက်က အထိအခိုက်များပြီး လူနာတင်ယာဉ်တစ်စီးက တမူးဘက်ကို ပြန်သွားပြီးနောက် လူနာတင်ယာဉ်တစ်စီးက ကလေးမြို့ဘက်ကို ဆင်းသွားတယ်လို့ သိရပါတယ်” ၎င်းက ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်နေပြီး နှစ်ဖက်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခြင်း မရှိသေးဘဲ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည်ဟု သိရသည်။
တမူးဒေသတွင် လှုပ်ရှားနေသော တမူး PDF တပ်ရင်း (၃) က ဇန်နဝါရီ ၁၇ ကလည်း ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ အရာရှိသုံးဦးအပါအဝင် ရဲ ၅ ဦး သေဆုံးခဲ့သည်။
ထိုကြားဖြတ်တိုက်ခိုက်မှုအတွင်း ခြောက်လုံးပြူးနှစ်လက်၊ MA – 13 အမျိုးအစား သေနတ်နှစ်လက်အပြင် ကျည်ဆန်များနှင့် အခြားအသုံးအဆောင်များကို တမူး – PDF မှ သိမ်းယူနိုင်ခဲ့သည်။
အိန္ဒိယ – မြန်မာနယ်စပ်ရှိ တမူးမြို့နယ်တွင် ဒေသခံ PDF အဖွဲ့ဝင်များက စစ်ကောင်စီပစ်မှတ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်က တမူးမြို့မြောက်ဘက် ၁၀ မိုင်အကွာ ဝက်ရှုရွာအနီးရှိ အုတ်ဖိုကန်ဘောင်ရဲဘက်အကျဉ်းစခန်းကို တမူး PDF က တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထောင်ပိုင်အပါ ၁၁ ဦးခန့် သေဆုံးခဲ့သည်။
စစ်ကိုင်းတိုင်းအနောက်ခြမ်းနှင့် နယ်မြေချင်းထိစပ်နေသည့် ချင်းပြည်နယ်တွင်လည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စစ်ကောင်စီစစ်ကြောင်းများကို ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေရာ နေ့စဉ်နှင့်အမျှ တိုက်ပွဲများဖြစ်နေသည်။
ချင်းပြည်နယ်တွင် ယမန်နှစ် ဧပြီလမှစ၍ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁,၀၂၉ ဦး သေဆုံးကာ ဒေသခံ ခုခံသူများဘက်မှ ၅၈ ဦး သေဆုံးကြောင်း ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDF) က ဇန်နဝါရီ ၂၆ တွင် ထုတ်ပြန်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)