သတင်း

ထီးချိုင့်တွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ယမန်နေ့ (ဇန်နဝါရီ ၂၇) နံနက် ၃ နာရီခန့်အချိန်မှစ၍ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း ဖြတ်သန်းသွားသည့် အစီး ၃၀ ပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။

မန္တလေး၊ သပိတ်ကျင်းဘက်မှတစ်ဆင့် အင်းတော်နှင့် မိုးညှင်းဘက်သို့ ဖြတ်သန်းသွားသည့် ယာဉ်တန်းကို နေရာ ၅ နေရာတွင် ရှေ့ထွက်မိုင်း ၁၂ လုံး အသုံးပြုတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ထီးချိုင့် PDF သတင်းပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကား ၆ စီးလောက်တော့ ထိသွားတယ်၊ ၆ စီး ထိတာက ကျွန်တော်တို့သုံးတဲ့ မိုင်းတွေက ကားကို မီးလောင်ပြီး ပျက်စီးစေတာမျိုးမဟုတ်ဘူး။ ရှေ့ထွက်မိုင်းတွေ သုံးတာမို့လို့ပါ။ အဲဒါကြောင့် ကားတွေကတော့ ဆက်ပြီး မောင်းသွားတယ်” ဟု ယင်းအဖွဲ့ဝင်က ဆိုသည်။

“ကားပေါ်ပါတဲ့လူတွေကတော့ ထိမယ်၊ ကျွန်တော်တို့လူတွေကိုယ်တိုင် ကားပေါ်က အော်သံဟစ်သံ၊ ငိုယိုနေတဲ့အသံတွေ ကြားလိုက်ရတယ်”

တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိုယာဉ်တန်းကို ပေါက်ကုန်း၊ တင်တိမ်၊ ဇီးဖြူကုန်း၊ ရွာသစ်ကုန်း စသည့်ကျေးရွာများအနီး နေရာငါးခုတွင် တိုက်ခိုက်ခဲ့ကြပြီး ပေါက်ကုန်းရွာအနီးတွင်မူ လက်နက်ကြီး၊ လက်နက်ငယ်များလည်း အသုံးပြုခဲ့သည်ဟု သိရသည်။

မိုင်းခွဲတိုက်ခိုက်ခံရချိန်တွင် စစ်ယာဉ်တန်းပေါ်ပါ စစ်သားများက ပစ်ခတ်ခဲ့မှုကြောင့် လမ်းတစ်လျှောက်ကျေးရွာတချို့မှ အဆောက်အအုံများ ထိခိုက်ခဲ့ကြောင်း၊ ရွာသစ်ကုန်းကျေးရွာမှ ရွာသားတစ်ဦး ခြေထောက်တွင် ကျည်ထိသည့်အတွက် ထီးချိုင့်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေရကြောင်း သိရသည်။

ထိုယာဉ်တန်းသည် အင်းတော်မိုးညှင်းလမ်းအတိုင်း ဆက်လက်မောင်းနှင်သွားသည်ဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း ထိုသို့သော ဖြစ်ရပ်များကို သတင်းထုတ်ပြန်လေ့ မရှိပေ။

တွင်းငယ်ဒေသခံ အမျိုးသားတစ်ဦးက အဆိုပါ ယာဉ်တန်းသည် ဇန်နဝါရီ ၂၆ နံနက် မန္တလေးမြို့ဘက်မှ ရောက်လာကြောင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာရှိ  အမှတ် ၁၃- တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းအတွင်း မွန်းလွဲပိုင်း၌ ရောက်ရှိလာခဲ့ပြီး ညပိုင်းတွင် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“မန္တလေးက လာတော့ ၁၀ စီးတည်းပဲ၊ တွင်းငယ်ကနေ စထွက်တော့မှ အစီး ၃၀ လောက် ဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။

“ထွက်တော့လည်း အကုန်လုံး တစ်ပြိုင်တည်းထွက်တာမဟုတ်ဘူး။ တစ်စီးစ၊ နှစ်စီးစနဲ့ ထွက်သွားတာ၊ ရိက္ခာပို့တဲ့ကားတွေလို့ ကျွန်တော်တို့ကတော့ ထင်တာ”

မြန်မာနိုင်ငံအထက်ပိုင်းဒေသများသို့ ပို့ဆောင်ရမည့် ရိက္ခာ၊ စစ်ကူနှင့် ထောက်ပို့စစ်ကြောင်းများ မန္တလေး၊ ထီးချိုင့်၊ အင်းတော်၊ မိုးညှင်းလမ်းကြောင်းကို အသုံးပြုသွားလာနေခြင်းဖြစ်ပြီး၊ ဒေသခံ တော်လှန်‌ရေးတပ်ဖွဲ့များကလည်း ယင်းစစ်ကြောင်းများကို ပြောက်ကျားတိုက်ခိုက်နေခြင်းဖြစ်သည်။ 

စစ်ကောင်စီက ထီးချိုင့်ဒေသကို ဇန်နဝါရီ ၁၁ မှစ၍ စစ်ကြောင်းထိုးခဲ့ပြီးနောက် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေရာ ၁၃ ရက်နေ့တွင် မရသိမ်ရွာအနီး လေကြောင်းမှပါ တိုက်ခိုက်ခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button