
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဘော်ကုန်းကျေးရွာတွင် ယမန်နေ့ (ဇန်နဝါရီ ၂၆) နံနက်ပိုင်းက မိုင်းထောင် တိုက်ခိုက်ခံရသည့် စစ်တပ်က အနီးရှိ ဆယ်နှစ်သားတစ်ဦး အပါအဝင် အရပ်သား ၄ ဦးကို ပစ်သတ်လိုက်သည်။
သေဆုံးသူတို့မှာ လယ်ယာလုပ်ငန်းခွင်ထဲမှ တူဝရီး ၃ ဦး၊ စက်ဘီးစီးလာသူ အမျိုးသားကြီးတစ်ဦးတို့ ဖြစ်သည်ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့က ယာခင်းမှာ ရေတွင်းတူးပြီး ကြက်သွန်စိုက်တာတို့ လုပ်နေကြတာ။ လုပ်နေချိန် မိုင်းပေါက်ကွဲပြီးတော့ စစ်သားတွေက သူတို့ကို လာမဲပြီး ပစ်သတ်သွားတာ။ အနီးကပ်ကို ရက်ရက်စက်စက် သတ်သွားတာ” ဟု ထိုအရာတော်ဒေသခံက ဆိုသည်။
“မိုင်းဆွဲသူတွေသတင်း မေးလို့မရလို့ သတ်တာလည်း ဖြစ်နိုင်တယ်။ နောက်ဒါမျိုးမဖြစ်အောင် ရွာကို ခြောက်တာလည်း ဖြစ်နိုင်တယ်”
တူဝရီး ၃ ဦးမှာ ထိုရွာမှ ၅ တန်းကျောင်းသား ဖြိုးဝေစိုး ခေါ် မောင်ကုလား၊ ၂၄ နှစ်အရွယ် ကိုဝေလင်းအောင်၊ အသက် ၃၀ ကျော်အရွယ် ကိုစန်းလင်းတို့ ဖြစ်သည်၊ စက်ဘီးစီးနေစဉ် ပစ်သတ်ခံရသည့် အသက် ၆၀ အရွယ် ဦးဖိုးထွေးသည် ရွာဦးကျောင်းဆရာတော်၏ ခမည်းတော်ဖြစ်သည်ဟု သိရသည်။
မိသားစုဝင် ၃ ဦးမှာ လုပ်ငန်းခွင်တွင် လဲကျနေပြီး စက်ဘီးစီးသူမှာ ဦးခေါင်းပွင့်ထွက်နေသည်ကို Myanmar Now သို့ ရောက်လာသည့် မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။
စစ်သားများသည် ဘော်ကုန်းကျေးရွာမှ လယ်ယာတဲများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဈေးဝယ်ပြန်လာသည့် အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦးကိုလည်း ဖမ်းဆီးသွားပြီး အမျိုးသမီးနှစ်ဦးကို ယင်းနေ့ ညနေတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထိုရွာမှ ဒေသခံနောက်တစ်ဦးက ဆက်ပြောသည်။
“ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ လွတ်လာတယ်။ မျက်လုံးတွေကို လက်ခုံတွေနဲ့ ရိုက်တယ် ပြောတယ်။ နောက်ခါ ရွာနား မိုင်းဆွဲတာမျိုး ထပ်ဖြစ်ရင် ရွာကို ပြာချပစ်မယ်လို့ ခြိမ်းခြောက်တယ် ပြောတယ်” ဟု ထိုသူက ဆိုသည်။
ကျန်သည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုမူ ဆက်လက်ဖမ်းဆီးထားပြီး ယနေ့ ဇန်နဝါရီ ၂၇ မွန်းလွဲချိန်အထိ ပြန်မလွှတ်သေးပေ။
တူဝရီး ၃ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ ညနေ ၅ နာရီခန့်က ဘော်ကုန်းရွာသုသာန်၌ မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီး ဦးဖိုးထွေးရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်ကားကို လက်လုပ်မိုင်းဆွဲတိုက်ခိုက်မှုမှာ မိမိတို့၏လက်ချက်ဖြစ်ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် ကားညာဘက်ခြမ်း ထိခိုက်ပျက်စီးခဲ့ပြီး စစ်သားများဒဏ်ရာရကာ လာရာလမ်းသို့ ပြန်ဆုတ်သွားကြောင်း အရာတော်မြို့နယ် မြောက်ပိုင်းညီနောင်များ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်သားများသည် အရာတော်မြို့နယ် ဘော်ကုန်းကျေးရွာ၏ အနောက်ဘက်တစ်မိုင်ခန့်အကွာ နောင်ကြီးအိုင်တိုက်နယ်ရဲစခန်းတွင် အထိုင်ချတပ်စွဲနေပြီး အနီးဝန်းကျင်ရွာများရှိ နေအိမ်များမီးရှို့ခြင်း၊ ပစ္စည်းများလုယက်ခြင်း၊ လူသတ်ခြင်း၊ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးချခြင်းများ ကျူးလွန်နေကြောင်း ဒေသခံများက ဆိုကြသည်။
“ကျေးလက်ပြည်သူများအနေနဲ့ ကိုယ့်အနီးနားမှာ ပေါက်ကွဲတိုက်ခိုက်မှုတွေဖြစ်ရင် ရှောင်နေကြဖို့၊ သူတို့နဲ့ဝေးရာ နေဖို့၊ သတင်းတွေအဆက်မပြတ်ဖို့ ပြောချင်တယ်” ဟု အထက်ပါ အရာတော်မြို့နယ်ဒေသခံ နောက်တစ်ဦးက ပြောသည်။
“အခုဖြစ်သွားတဲ့အနေအထားက မဆိုင်ဘူးဆိုပြီး မပြေးဘဲ နေနေရာက ဘာမှမဆိုင်ဘဲ အသတ်ခံရတာလေ။ စိတ်လည်းအတော်မကောင်းဘူး”
စစ်သားတို့က ဘော်ကုန်းကျေးရွာသား ၄ ဦးကို သတ်ဖြတ်မှု၊ နေအိမ်များမီးရှို့မှု၊ ပစ္စည်းများလုယက်မှု၊ ဒေသခံတို့ကို လူသားဒိုင်းအဖြစ် အသုံးပြုမှု ကျူးလွန်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့နှင့် အဆက်အသွယ်မရသေးပေ။
စစ်ကောင်စီ ပြန်ကြားရေးဌာန အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသော ဖုန်းနံပါတ်များကို ဆက်သွယ်ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သကဲ့သို့ အရာတော်မြို့နယ်၌ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသော မိသားစုဝင် ၄ ဦး ယခုသီတင်းပတ်အတွင်း သတ်ဖြတ်ရှင်းလင်းခံရသည်။
ထိုသူတို့မှာ အရာတော်မြို့နယ် ကမ်းဖြူရွာနေ အသက် ၃၀ နှစ်အရွယ် ကတုံးလေး၊ ၂၅ နှစ်အရွယ် မမာမာခိုင်၊ ၁၉ နှစ်အရွယ် မဇင်မာစိုး (ခေါ်) မင်းမင်း၊ အသက် ၁၇ နှစ်အရွယ် ကျော်မင်းခန့်တို့ ဖြစ်ကြောင်း ဟာမိတ်အဖွဲ့မှ တာဝန်ရှိသူဆိုသူက ပြောသည်။
မိုင်းထောင်သည့် တည်နေရာကို သတင်းပေး၍ ရှောင်ကွင်းခိုင်းခြင်း၊ မိုင်းထောင်နေချိန် စစ်တပ်ထံ အကြောင်းကြားသတင်းပို့ခြင်းနှင့် စစ်တပ်၏ အရာတော်မြို့နယ်ဆိုင်ရာ ထောက်ပို့လုပ်ငန်းများတွင် ပါဝင်နေသဖြင့် သုတ်သင်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ပွိုင့် (မိုင်းတည်နေရာ)ကို သုံးကြိမ် ဝင်စီးခံရတယ်။ ပွိုင့်တည်နေတဲ့အချိန်လည်း သူတို့ (အသတ်ခံရသူနှင့် စစ်တပ်) ရောက်လာတာ မျက်မြင်တွေ့ရတယ်။ သုံးကြိမ်သုံးခါဖြစ်မှ နောက်ဆုံးအခြေအနေမျိုးနဲ့ ရှင်းတာပါ” ဟု ၎င်းက ပြောသည်။
အရာတော်မြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးအားကောင်းပြီး ရွာများတွင် ဆန္ဒပြပွဲများ ဆက်လက် အားကောင်းနေဆဲ ဖြစ်သည်။
အလားတူ ဇန်နဝါရီ ၁၇ က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဘိုကုန်းရွာအနီး စစ်ကား မိုင်းဆွဲခံရပြီး ထိုရွာအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဒေသခံ ရွာသားတစ်ဦးနှင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။