သတင်း

ကနီတွင် ချုံခိုတိုက်ခံရသည့် စစ်တပ်က ရွာများကို ဖျက်ဆီးဟုဆို

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ မုံရွာမှ ကနီသို့ လာသော စစ်ကောင်စီ ထောက်ပို့ရေယာဉ်များကို ဒေသခံလက်နက်ကိုင်အဖွဲ့များက နေ့စဉ် တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း ခရီးစဉ်အတွင်း တွေ့ရသည့် ရွာအများအပြားကို တိုက်ခိုက် ဖျက်ဆီးနေသည်ဟု သိရသည်။

ဇန်နဝါရီ ၂၂ မှ ၂၇ အတွင်း ယာဉ်များကို ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ (LDF) များက မြစ်ကြောင်းတစ်လျှောက်တွင် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးနှင့် တပ်သား ၂၇ ဦး သေဆုံးသည်ဟု တိုက်ပွဲ​တွင် ပါဝင်သော စစ်ကိုင်းတိုင်း ရွှေတြိဂံတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  

ယမန်နေ့ (ဇန်နဝါရီ ၂၆) တွင် LDF က အိုင်းသားကျေးရွာ၊ ဘုမ္မလင်း၊ မျှိုင်းရွာနှင့် ချမ်းသာစုရွာကြား စသည့် နေရာ ၃ ခုတွင် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။

KLG (Kani) အဖွဲ့က ထုတ်ပြန်ထားသည့် ထိုတိုက်ပွဲရုပ်သံမှတ်တမ်းတွင် ရေယာဉ်တစ်စီး မီးခိုးအူထွက်နေပုံကို တွေ့ရှိရသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။ 

ဇန်နဝါရီ ၂၂ တွင် စစ်ကောင်စီ၏ ကုန်တင်ယာဉ် ၆ စီး၊ အမြန်ရေယာဉ် ၂ စီး ကို တိုက်ခိုက်ရာ ကုန်တင်ယာဉ်တစ်စီး မီးခိုးအူထွက်နေပုံကို ကနီမြို့၊ ဒေါင်းနီ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ရုပ်သံမှတ်တမ်းထုတ်ပြန်ထားသည်။ 

ကျေးရွာများ၊ စခန်းများ စီးနင်းခံရပြီး နယ်မြေရှင်းလင်းလျက်ရှိသည့် အခြေအနေကြားမှ ဝှက်ထားသည့်လက်နက်ကြီးများကို ထုတ်သုံးနိုင်ခဲ့သည်ဟု ဇန်နဝါရီ ၂၂ တွင် ချင်းတွင်းမြစ်ကမ်းဘေးမှ ဆီးကြိုတိုက်ခိုက်ခဲ့သည့် အဖွဲ့များတွင် ပါဝင်သည့် ရွှေတြိဂံတပ်ရင်း၏ တပ်ရင်းမှူး ကိုမင်းခေါင်က ပြောသည်။ 

သူတို့ ဆန်လာတယ်လို့ သတင်းရတော့ ကျွန်တော်တို့က အဲဒီပစ္စည်းကို အသက်သွင်းလိုက်တာပေါ့။ စခန်းမှာရှိတဲ့ ပစ္စည်းနဲ့ဆိုရင်တောင် မလုပ်နိုင်ဘူး၊ ကျွန်တော်တို့က အရင် စီစဉ်ထားပြီးသား ဖြစ်တဲ့အတွက် ရောက်တာနဲ့ ၄၅ မိနစ် ၁ နာရီအတွင်းမှာ အသက်သွင်းလိုက်တယ်။ အဆင်သင့် စောင့်နေတယ်။ 

၎င်းတို့၏ လက်လုပ်လက်နက်ကြီးမှာ Mytel တာဝါတိုင်များမှ ရရှိသော သံထည်များနှင့် ပြုလုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ တက်လာတာနဲ့ ချိန်ပြီး ပစ်ခတ်တဲ့အချိန်ကျတော့ တစ်စီးက မီးခိုးအူသွားတယ်။ မီးလောင်သွားတယ်။ တစ်စီးက ဆက်ပြီး မမောင်းနိုင်ဘဲနဲ့ ကမ်းတင်သွားတယ်။ တစ်စီးက ရေမြှုပ်မိုင်းတစ်လုံးထိပြီးတော့ ကန့်လန့်ဖြတ်နဲ့ ပြန်မျောသွားတယ်” ဟု ၎င်းက ဆိုသည်။ 

အပေါ်စီးမှ နေရာကြိုယူထားနိုင်သော်လည်း လက်နက်အင်အား နည်းလွန်းသဖြင့် နောက်ဆုတ်ခဲ့ရသည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ ကိုမင်းခေါင်က ပြောသည်။ 

“သူတို့လမ်းကြောင်းကို နှောင့်ယှက်နိုင်တယ်။ တားဆီးနိုင်တယ်။ ဒါပေမဲ့ မျက်စိရှေ့မှာပဲ ရပ်တယ်။ 

သောင်ပြင်ပေါ်မှာပဲ အေးဆေးတက်တယ်။ ကျွန်တော်တို့မှာ ထပ်ပြီး ပစ်စရာ လက်နက်မရှိတဲ့အတွက် ကတုတ်ကျင်းထဲကနေ ထပြေးခဲ့ရတယ်” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ ရွှေတြိဂံ၏ တပ်ရင်းမှူး ကိုမင်းခေါင်က ပြောသည်။ 

“ရွှေတြိဂံတပ်ရင်းမှ မဟုတ်ဘူး။ ဘယ်တပ်ရင်းပဲဖြစ်ဖြစ် အနည်းဆုံး ဆယ်လက်လောက် ကိုင်ထားရင် ပွဲသိမ်းတိုက်ပွဲ လုပ်လို့ရတယ်”

အထိနာသော စစ်ကောင်စီရေယာဉ်တပ်က ကျေးရွာများကို ဝင်ကာ ဖျက်ဆီးပြီး လက်နက်မရှိသော ပြည်သူများ၏ အသက်၊ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးကြသည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

စစ်ကောင်စီရေယာဉ်တပ်သည် မြစ်ဘေးတစ်လျှောက်ရှိ ရွာများကို မီးရှို့ခြင်း၊ ဒေသခံကို သတ်ဖြတ်ခြင်း၊ ပစ္စည်းလုယက်ခြင်းတို့ ဇန်နဝါရီ ၂၂ မှ ၂၅ အထိ ဆက်တိုက် ကျူးလွန်ကြသည်။​

တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇန်နဝါရီ ၂၂ တွင် ကနီမြို့အဝင်၊ မုဌောအရှေ့ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၁၁ လုံး မီးလောင်သွားသည်၊ အသက် ၃၀ အရွယ် ကိုအောင်သူဟိန်းကို ပစ်သတ်ပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲခဲ့သည်ဟု ကနီမြို့နယ် လူထုသပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

နောက်တစ်နေ့ ၂၃ မနက်ခင်းတွင် အဆိုပါတပ်က မုဌောအရှေ့ရွာ တစ်ဖက်ကမ်းရှိ နတ်ကြီးရွာသို့ ဝင်ရောက်ကာ မီးရှို့သဖြင့် နေအိမ် ၂၈ လုံး မီးလောင်သည်၊ ဆန်စက်နှင့် အသုံးအဆောင်ပစ္စည်းများလည်း ဆုံးရှုံးသည်ဟု ၎င်းက ဓာတ်ပုံသက်သေများ ပြသပြီး ပြောသည်။

နတ်ကြီးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဆိုင်းဘုတ်တင်ထားသောနေအိမ် မီးလောင်သွားပြီး နံဘေးရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်ရှိသောအိမ် မီးမလောင်ဟု ၎င်းက ဆိုသည်။

“မီးရှို့တာ အဓိကက CDM ဝန်ထမ်းတွေရဲ့ နေအိမ်၊ NLD ပါတီဝင်တွေရဲ့ နေအိမ်၊ ပြည်သူ့ကာကွယ်ရေးဘက်မှာ ပါနေတယ်လို့ ယူဆရတဲ့ နေအိမ်တွေကို ရွေးရှို့သွားတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ သပိတ်ခေါင်းဆောင်သည် ကနီဒေသတွင်းဖြစ်စဉ်များကို သတင်းစုစည်းခြင်း၊ မီးရှို့ခံရသည့် ရွာများကို တစ်စိတ်တစ်ပိုင်းထောက်ပံ့ခြင်း စသည့် လုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်သည်။

ဇန်နဝါရီ ၂၂ ရက်နေ့က ကနီမြို့နယ် မုဌောအရှေ့ရွာမှ စစ်ကောင်စီတပ် ဝင်ရောက်ခဲ့သည့် နေအိမ်တစ်လုံး မြင်ကွင်း (ဓာတ်ပုံ – ပေးပို့)  

ထို့နောက် စစ်ကောင်စီရေယာဉ်တပ်က မြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်ပြီး ကနီမြို့အရောက်တွင် စစ်ဗိုလ်တစ်ဦးနှင့် တပ်သားနှစ်ဦးတို့၏ ရုပ်အလောင်းများကို သင်္ဂြိုဟ်ကြသည်၊ ဒဏ်ရာရစစ်သည်တို့ကို ကနီမြို့ပြည်သူ့ဆေးရုံတွင် ကုသစေသည်ဟု တပ်တွင်းသတင်းပေးများနှင့် ဒေသခံများထံမှ သိရကြောင်း အဆိုပါ သပိတ်ခေါင်းဆောင်က ဆက်လက်ပြောသည်။ 

ဇန်နဝါရီ ၂၄ တွင် အဆိုပါတပ်က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်ရာ မဲဒင်မြောက်ရွာသို့ အရောက်တွင် ဒေသခံ ၁၁ ဦးကို ယာယီဖမ်းဆီးထားသည်၊ ရွာကို မီးရှို့မည်ဟု အသံချဲ့စက်ဖြင့် ပြောဆို ခြိမ်းခြောက်ပြီး တပ်စွဲကြသည်ဟု ဒေသခံတို့ထံမှ သိရကြောင်း ၎င်းက ဆက်ပြောသည်။

ထိုနေ့တွင်ပင် မဲဒင်ရွာနှင့် ရွာနီးချုပ်စပ်ဖြစ်သော အင်းလည်ချောင်ရွာကို ဝင်ရောက်ကာ အလိုရှိသော ပစ္စည်းများ ယူဆောင်ပြီး ရွာသားတို့ကို မေးမြန်းစစ်ဆေးသည်ဟု ဆိုသည်။​

ဇန်နဝါရီ ၂၅ တွင် မဲဒင်ရွာမှ ခွာ၍ မြစ်ကြောင်းအတိုင်း ဆန်တက်ရာမှ ရေမြှုပ်မိုင်းထိသွားသည်ဟု ဆိုသော စစ်ကောင်စီရေယာဉ်တပ်သည် မဲဒင်မြောက်ရွာအနီး ပြန်ဝင်ကပ်ကာ မိုင်းထောင်သူဟု ယူဆရသူများကို တောနင်းရှာဖွေကြသည်ဟု သိရသည်။ 

တောထဲမှ စစ်ဘေးရှောင်သူတို့၏ တဲများကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တဲငါးလုံး မီးလောင်ပျက်စီးသည်ဟု သပိတ်ခေါင်းဆောင်က ပြောသည်။ 

“ပျက်စီးဆုံးရှုံးမှုက သိန်း ၂၀၀ ရှိတယ်။ တဲ ငါးတဲဆို တစ်တဲကို ၁၀ သိန်း။ တခြားပစ္စည်းတွေနဲ့ဆို သိန်း ၂၀၀ ရှိမယ်။ ဒေသခံတွေနဲ့ ပေါင်းတွက်ထားတဲ့ နှုန်းထားပါ” ဟု ၎င်းက ဆိုသည်။ 

မြစ်ဘေးတစ်လျှောက် ရွာများကို ဖျက်ဆီးနေသော စစ်ကောင်စီရေယာဉ် ၈ စီးပေါ်မှ ဆန်အိတ်များကို ၎င်းတို့ လှုပ်ရှားနိုင်သည့် မြို့ပေါ်ရပ်ကွက်နှင့် ရေလယ်ကျွန်းရွာတွင် ချခဲ့သည်၊ သယံဇာတပစ္စည်းများ သယ်ယူသည်၊ ထိုသို့ဆောင်ရွက်နေစဉ် ၎င်းတို့ မစိုးမိုးနိုင်သည့် နယ်မြေများကို ခြိမ်းခြောက်သည်ဟု ၎င်းက ပြောသည်။

“မင်းတို့တွေ ငါတို့ကို ဒီလိုတော်လှန်ရင် ငါတို့က ဒီလို ဆက်လက်လုပ်နေမှာပဲလို့ အကြောက်တရား သွတ်သွင်းတာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

“နောက်တစ်ချက်က ကနီမှာ ဆန်အိတ်တွေ ချတာ ဒါ ပထမဆုံးအခြေအနေ။ အဲဒီတော့ ရိက္ခာဖြတ်မဲ့ ဖြတ်လေးဖြတ်ကို ပေါ်ပေါ်ထင်ထင် နိုင်ငံတကာက ဘာပြောပြော ကျင့်သုံးမဲ့ အနေအထားရှိတယ်” 

စစ်သားများက မုဌောအရှေ့ရွာ ကိုအောင်သူဟိန်းကို ပစ်သတ်သည်၊ နေအိမ်များ ဖျက်ဆီးမီးရှို့သည်၊ ရွာသားတချို့ကို ယာယီဖမ်းဆီးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအများကို မီးရှို့ဖျက်ဆီးပစ်သည့်တိုင် မြေပြင်ကို စိုးမိုးနိုင်ခြင်းမရှိသော အာဏာသိမ်းစစ်ကောင်စီတပ်သည် ရဟတ်ယာဉ်များအသုံးပြု၍ လေကြောင်းမှ အဓိကထားတိုက်ခိုက်နေသည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button