ရွေးကောက်ပွဲ

“ဥပဒေကလည်း ကွက်ကျားမိုးရွာလို့မဖြစ်ဘူး”

ရှေ့နေ ဦးရန်နိုင်သည် ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင် အများအပြား နေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အမတ်လောင်းတစ်ဦးဖြစ်သည်။

ကနဦးတွင် ရွေးကောက်ပွဲကော်မရှင်က သူ့ဖခင်၏ နိုင်ငံသားဖြစ်မှု အခြေအနေနှင့်ပတ်သက်ပြီး သံသယ ဖြစ်ကာ သူ့ကို အမတ်လောင်းအဖြစ်မှ ရုပ်သိမ်းခဲ့သည်။ အယူခံအဆင့်ဆင့်တင်ခဲ့ပြီးနောက်တွင် ရွေးကောက်ပွဲဝင်ခွင့် ပြန်ရခဲ့သည်။

မကြာသေးခင်က Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့် ရန်ကုန်တွင် တွေ့ဆုံစဉ် မြစ်ဝကျွန်းပေါ်ဒေသ၊ မြောင်းမြဇာတိ၊ ၅၅ နှစ်အရွယ် ဦးရန်နိုင်က ရွေးကောက်ပွဲအနိုင်ရရှိမှုအခြေအနေ၊ ဗုဒ္ဓဘာသာ နှင့် အစ္စလာမ် ဘာသာဝင်များကြား ဆက်ဆံရေး၊ မဘသအဖွဲ့၊ အမတ်လောင်း ရွေးချယ်ချိန်တွင် ပါတီများက အစ္စလာမ်ဘာသာဝင်တို့ကို ပစ်ပယ်ပုံတို့အကြောင်း ပြောပြထားသည်။

မေး – ဦးရန်နိုင် ဘာကြောင့် ရွေးကောက်ပွဲဝင်ရတာလဲ။

ဖြေ – အစ္စလာမ်ဘာသာဝင် လူနည်းစုတွေရဲ့ ပြောရေးဆိုခွင့်အခြေအနေအရ ဝင်ပြိုင်တာလို့ ပြောလို့ရမယ်။ လက်ရှိအခင်းအကျင်းမှာတော့ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ လွှတ်တော်ထဲကို ရောက်လာနိုင်ခြေကတော့ အရမ်းကို နည်းနေပါတယ်။ လွှတ်တော်ထဲကို ရောက်နိုင်ဖို့ဆိုတာထက် အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းဆိုတာနဲ့ကို ဘယ်ပါတီကမှ လက်မခံတာကို တွေ့ရတယ်။ အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ် ပါလိုက်ရင် သူတို့ မဲမရမှာ စိုးတယ်၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဘာသာချစ်အသင်းအဖွဲ့တွေက အထင်အမြင်လွဲမှာလို့ ယူဆကြတယ်။ NLD မှာ ကိုယ်စားလှယ်တွေကို တင်ကြပေမယ့် အနီးကပ်မှ ဖြုတ်ချလိုက်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့က မြန်မာတစ်နိုင်လုံးမှာ ရှိတဲ့ ပါတီဝင်တွေအားလုံးအပေါ်မှာ ဘာသာရေးကို အကြောင်းပြပြီးတော့ ခွဲခြားဆက်ဆံနေတယ်။ ပါတီကြီးတွေကို အားမကိုးနိုင်တဲ့အနေအထားမျိုး တွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကိုယ့်ပါတီနဲ့ကိုယ်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ ကြိုးစားတယ်။ ကိုယ့်လူနည်းစုရဲ့အခွင့်အရေးကို ဘယ်ပါတီကမှ လက်မခံပေမယ့် ကိုယ့်ဘာသာ ရုန်းကန်လှုပ်ရှားမယ်ဆိုတာကို ပြတဲ့သဘောနဲ့ ဝင်ပြိုင်တာပါ။

မေး – ပြီးခဲ့တဲ့ငါးနှစ်အတွင်း မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြားမှာ ရင်းနှီးမှု နည်းလာတာကို ဘယ်လိုသုံးသပ်ချင်သလဲ။

ဖြေ – အထူးသဖြင့် ခွဲခြားဆက်ဆံမှုပေါ့။ ဒီလိုလုပ်နေတဲ့အကြောင်းရင်းကလည်း အစ္စလာမ်ကို ခုတုံးလုပ်နေတယ်လို့ မြင်တယ်။ ခုတုံးလုပ်ပြီး သူတို့ မဲပိုရအောင်လို့၊ အစ္စလာမ်ပါလာရင် မဲမရနိုင်ဘူးလို့ မြင်ပြီးတော့ ဒါကိုဗန်းပြပြီး မျက်ကန်းမျိုးချစ်ပုံစံမျိုး လုပ်နေတာလို့ ထင်တယ်။

မေး – ခွဲခြားဆက်ဆံမှု ဆိုတာ ဘယ်လိုမျိုးလဲ။

ဖြေ – အထင်အမြင်တွေ လွဲနေကြတာ။ ဒီလိုဆက်ဆံနေတာလည်း ဗုဒ္ဓဘာသာဝင်တိုင်း မဟုတ်ပါဘူး။ သံဃာတော်တိုင်းမဟုတ်ဘူး။ တချို့သံဃာတော်တွေကို သိပ်ကိုချစ်ကြည်ညိုဖို့ကောင်းတယ်။ သို့သော် ဒီအစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီးတော့ အပုပ်ချပြီးတော့ မဲဆွယ်စည်းရုံးတာတို့၊ အဲဒီလိုမျိုးလုပ်မှ သူတို့ တိုးတက်မယ်လို့ ယူဆတဲ့အဖွဲ့တွေက လုပ်နေတယ်လို့တော့ မြင်တယ်။ ဘာသာကြီးဝါဒ၊ လူမျိုးကြီးဝါဒ ဘယ်ဘက်ကပဲထားထား မကောင်းပါဘူး။

မေး – ဘာသာရေးနဲ့နွယ်တဲ့ ပဋိပက္ခတွေ မြန်မာပြည်မှာ ပြန်ဖြစ်လာနိုင်တဲ့အခြေအနေတွေ တွေ့နေရပြီလား။

ဖြေ – အခု မြင်နေတဲ့ အနေအထားအရတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်တဲ့သူတွေ တော်တော်များလာပါပြီ။ ဗုဒ္ဓဘာသာဝင်တွေအသိုင်းအဝိုင်းကိုက နားလည်မှုရှိရှိနဲ့ ထိန်းသိမ်းတာတွေ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းတွေက အတတ်နိုင်ဆုံး ထိန်းနေတယ်လို့ မြင်ပါတယ်။ သို့သော် အဲဒီမှာလည်း သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ပြောခဲ့သလို နောက်ကွယ်က လက်မည်းကြီးတွေကတော့ ရှိနေဆဲပဲပေါ့။ အဲဒီလက်မည်းကြီးတွေ ဘယ်လောက်အတိုင်းအတာထိ လုပ်နေမလဲ၊ သူတို့ကို ဘယ်လောက်အတိုင်းအတာအထိ တားနိုင်မလဲဆိုတာကတော့ အထူးဖြင့် ဥပဒေစိုးမိုးရေးအပေါ်မှာ မူတည်မယ်။ ဥပဒေကလည်း ကွက်ကျားမိုးရွာလို့မဖြစ်ဘူး။ ကျောသားရင်သားမခွဲခြားပဲ ဘယ်ဘာသာဝင်မဆို၊ ဘယ်လိုလူမျိုးမဆို ဥပဒေတစ်စုံတစ်ရာကို ဖောက်ဖျက်လာရင် အရေးယူဖို့ လိုအပ်တယ်။ ဒါကိုသာ ထိထိရောက်ရောက် လုပ်လာနိုင်ရင် ဒီပြဿနာတွေ ပျောက်သွားမယ်လို့ ထင်တယ်။

မေး – ဥပဒေစိုးမိုးရေးဆိုတာကို NLD က မကြာခဏ ပြောတဲ့အတွက် သူတို့ ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရဖွဲ့နိုင်မယ်ဆိုရင် တကယ်ရော ဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်မယ် ထင်သလား။

ဖြေ – အခုလက်ရှိ အနေအထားထက်တော့ အများကြီးသာမယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သည် နိုင်ငံတကာ အမြင်တွေ၊ အတွေ့အကြုံတွေ ရှိတယ်။ သူတို့ကိုယ်တိုင် နှစ်ပေါင်းများစွာနဲ့ ရာဇသတ်ကြီးဥပဒေမှာပါတဲ့ ထောင်ဒဏ်တွေ အားလုံးပေါင်းရင်တောင်မှ မရှိတဲ့ပုဒ်မမျိုးတွေနဲ့ အကျဉ်းချခံရတာတွေ ဖြစ်ခဲ့တယ်ဆိုတော့ ဥပဒေစိုးမိုးရေကို သူတို့သေသေချာချာ လုပ်လိမ့်မယ်လို့တော့ မျှော်လင့်တယ်။

မေး – NLD မနိုင်ဘဲ အာဏာရပါတီ အနိုင်ရသွားရင် ဘာတွေဖြစ်လာနိုင်သလဲ။

ဖြေ – မကျေနပ်တာတို့ ဘာတို့က တစ်ကဏ္ဍထားပေါ့။ ဒီပုဂ္ဂိုလ်တွေပဲ ပြန်ရမယ်ဆိုရင်လည်း ပြီးခဲ့တဲ့ သက်တမ်း ၅ နှစ်ထက်တော့ နည်းနည်းလေး တိုးတက်လာမယ်လို့ ယူဆတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သူတို့ကိုယ်တိုင် သိထားတယ်။ အဲဒီဟာတွေ ပြုပြင်ဖို့ သူတို့မှာတာဝန်ရှိတယ်၊ သူတို့သာ ဒါမလုပ်ရင်တော့ သူတို့ကျဆုံးသွားမှာပဲ။ ဘယ်လိုကဏ္ဍတွေလဲဆိုတော့ ဥပဒေစိုးမိုးရေးတို့၊ (ဆန္ဒပြ)ကျောင်းသားပြဿနာ၊ ပြည်သူကနေ သိပ်ဘဝင်မကျတဲ့ ဥပဒေတွေပြဋ္ဌာန်းတာတို့ကို သင်ခန်းစာယူပြီးတော့ ပြင်သင့်တာပြင်၊ ပြောင်းသင့်တာပြောင်း၊ အသစ်ပြဋ္ဌာန်းသင့်တာ ပြဋ္ဌာန်း ဒါမျိုးတွေ လုပ်လာလိမ့်မယ်လို့တော့ မျှော်လင့်တယ်။

မေး – ၂ဝ၁၅ အလွန်မှာ ဘယ်သူ သမ္မတဖြစ်သင့်တယ်လို့ ယူဆသလဲ။

ဖြေ – ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်စေချင်တယ်။ ဥပဒေအရတော့ သူက အတားဆီးခံနေရတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ အားလုံးထဲမှာ ဦးရွှေမန်းကို ပိုပြီးသဘောကျတယ်။ ဘာ့ကြောင့်ဆိုတော့ သူက ပျော့ပျောင်းမှုရှိတယ်၊ လွှတ်တော်ဥက္ကဋ္ဌ သက်တမ်းတလျှောက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို သူနားလည်မှုရှိတယ်။ ဝိုင်းဝန်းကူညီပေးတယ်။ ပြည်သူတွေရဲ့ ဆန္ဒကို လုပ်နိုင်တာ၊ မလုပ်နိုင်တာထားတော့၊ တကယ်နားထောင်တာလေးတွေ၊ နောက်ပြီးတော့ အတိုက်အခံ အင်အားစုတွေကို မိတ်ဖက်ပုံစံမျိုး ပူးပေါင်းဆောင်ရွက်လာတွေကို မြင်လာရတယ်။

မေး – သူက ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းမှာ မရှိတော့ဘူးဆိုတော့ ပြည်ခိုင်ဖြိုးအမတ်တွေက သူ့ကို သမ္မတအဖြစ် ရွေးပါ့မလား။

ဖြေ – အဲဒါကတော့ သူတို့ပါတီတွင်း ပြဿနာပေါ့။ ပြည်သူရဲ့ ကိုယ်စားလှယ်တွေနဲ့ နားလည်မှုရှိရှိပေါင်းတယ်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းတယ်။ ဒီကိစ္စတွေကြောင့် မပေါင်းစေချင်တဲ့အုပ်စုတွေက မကျေမနပ်ဖြစ်တယ် လို့တော့ ကြားမိတယ်။ အဲဒီအတွင်းရေး ပြဿနာတွေကတော့ သူတို့ပဲသိမှာပေါ့။ ဒီဟာကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ဆန္ဒသက်သက် အကောင်အထည်ဖော်မှာကို မလိုလားတဲ့အုပ်စုတွေက အခုထက်ထိ အင်အားကောင်းဆဲပဲလို့တော့ ယူဆတယ်။

မေး – အင်အားကောင်းလာတဲ့ မဘသအဖွဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ – အားလုံး လွတ်လပ်စွာကိုးကွယ်ခွင့်၊ ယုံကြည်ခွင့် ရှိသင့်တယ်။ ကိုယ့်ဘာသာအတွက် ကိုယ့်နိုင်ငံမှာရှိတဲ့ တခြားဘာသာဝင်တွေကို တိုက်ခိုက်တာမျိုးတော့ မဖြစ်စေချင်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်တွေသည် ငြိမ်းချမ်းစွာ နေတတ်ပါတယ်၊ အင်မတန်ကြောက်တတ်ပါတယ်၊ ဥပဒေတွေ၊ အင်အားကြီးတွေကို လေးစားတတ်ပါတယ်။ အဲဒါကိုတော့ နားလည်စေချင်တယ်။ ကိုယ့်ဘာသာကို ကိုယ်စောင့်ရှောက်တာ ကောင်းပါတယ်။ ကိုယ့်ဘာသာကို စောင့်ရှောက်ခြင်းသည် တခြားဘာသာကို တိုက်ခိုက်ခြင်းမဖြစ်စေချင်ဘူး။

မေး – NLD ကို လူထုအားပေးမှု အများဆုံး ဖြစ်နေတယ် ဆိုတော့ ဦးရန်နိုင်က ရွေးကောက်ပွဲနိုင်ခြေရှိမယ် ထင်သလား။

ဖြေ – ကျွန်တော့်မဲဆန္ဒနယ်မှာ ကျွန်တော်နဲ့ ဘာသာတူ မဲဆန္ဒရှင်တွေ ၄ဝ ရာခိုင်နှုန်း လောက်ရှိတယ်။ ကျွန်တော့်မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်မှာ ပြိုင်ကြမှာက ၁ဝ ယောက်ရှိတော့ မဲကွဲမယ့် အနေအထားလည်း တွေ့ရတယ်။ ကျွန်တော့်ဘာသာတူတွေ တစ်လုံးတစ်ခဲတည်း ကျွန်တော့်ကိုပေးခဲ့ရင်တော့ ကျွန်တော် အနိုင်ရနိုင်မယ်လို့ ထင်တယ်။ အခု နောက်ဆုံးမှာ NLD က အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ်တွေကို ပယ်လိုက်တဲ့အခါ ကျွန်တော်တို့ဘာသာဝင်တွေက တော်တော်လေး စိတ်မကောင်းဖြစ်ကြတယ်။ အဲဒီတော့ ကိုယ့်ဘာသာတူ ကိုယ်စားလှယ်လောင်းတွေပေါ်လာတာကို အားပေးနိုင်တဲ့အလားအလာတွေ တွေ့နေရတယ်။

မေး – ရွေးကောက်ပွဲကရော လွတ်လပ်မျှတနိုင်မလား။

ဖြေ – မဲစာရင်းမမှန်တာ တွေ့ရတယ်။ အဲဒီတော့ နည်းနည်းစိုးရိမ်စရာလေးတွေတော့ ရှိတယ်ဗျ။ ဒီဟာနဲ့ ဝှက်ဖဲတချပ်ထားတယ်လို့ ယူဆတယ်။ အခု ကြိုတင်မဲတချို့မှာ မဲမသမာမှုတွေ ဖြစ်လာတယ်လို့တော့ ကြားမိတယ်။ ဝန်ထမ်းတွေကို ဖိအားပေးတာတို့လည်း ကြားရတယ်။ နောက် … ပယ်မဲ။ ပညာပေးရေး အစီအစဉ်တွေကလည်း အားနည်းတော့ ပယ်မဲကလည်း တော်တော်လေးတော့ စိုးရိမ်စရာရှိတယ်။ ။

Show More

Related Articles

Back to top button