အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တယ်လီနောကို ရွှေဗျိုင်းဖြူနှင့် M1 ပူးပေါင်းဝယ်မည့် အစီအစဉ် စစ်ကောင်စီခွင့်ပြု  

လနှင့်ချီ ကြန့်ကြာပြီးနောက် တယ်လီနောမြန်မာကို ပြည်တွင်းမှ ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group တို့ ပူးပေါင်းဝယ်ယူမည့်အစီအစဉ်ကို စစ်ကောင်စီက ခွင့်ပြုလိုက်သည်ဟု Reuters သတင်းဌာန၏ ယနေ့ (ဇန်နဝါရီ ၂၁) သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။​ 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့် နော်ဝေအခြေစိုက် Telenor ကုမ္ပဏီကြီးက တယ်လီနောမြန်မာကို M1 Group ထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချရန် သဘောတူထားသည်ဟု ဇူလိုင်လဆန်းပိုင်းကတည်းက ထုတ်ပြန်ခဲ့သည်။

သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသည့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာကို ရောင်းချရေးအစီအစဉ်မှာ အာဏာသိမ်းစစ်ကောင်စီ၏ ဖိအားများကြောင့် လအတန်ကြာ နှောင့်နှေးကြန့်ကြာခဲ့သည်။

ရောင်းချရေးအတွက် စစ်ကောင်စီခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း စက်တင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ၌ အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်က ကြားဖြတ်နားထောင်သည့်စက်များ တပ်ဆင်ခိုင်းခြင်းကို လက်မခံနိုင်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီခွင့်ပြုချက်အရ လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 အုပ်စုနှင့် ပူးပေါင်း၍ တယ်လီနောမြန်မာကို ဝယ်ယူရာတွင် ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာအများစုပိုင်ဆိုင်မည်ဖြစ်ကြောင်း Reuters သတင်းက ဆိုသည်။

တယ်လီနောမြန်မာကို ဝယ်ယူရန် မြန်မာကုမ္ပဏီအချို့ စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာပြီး တစ်လခန့်အကြာ (ဒီဇင်ဘာ) တွင် ရွှေဗျိုင်းဖြူနှင့် M1 ပူးပေါင်း၍ ဝယ်ယူမည့်အစီအစဉ်ကို စစ်ကောင်စီက ခွင့်ပြုလိုက်ခြင်းဖြစ်ကာ ထိုကုမ္ပဏီနှစ်ခုက Atom အမည်ဖြင့် ဖက်စပ်လုပ်ကိုင်မည်ဟု ဆိုသည်။​

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်ဆိုသူမှာ စစ်တပ်ပိုင် Mytel ကုမ္ပဏီတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် မဟာရိုးမအများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်ဟု Reuters က ရေးသားသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီသည် စစ်ကောင်စီခန့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကျောထောက်နောက်ခံပေးထားသည့် ကုမ္ပဏီဖြစ်ကြောင်း၊ တယ်လီနောမြန်မာဝယ်ရေးနှင့် ပတ်သက်၍ ရေတပ်ဦးစီးချုပ်နှစ်ဦးကြား အားပြိုင်မှုများဖြစ်နေကြောင်း ဧရာဝတီသတင်းဌာန၏ ယခုလဆန်းပိုင်း သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

လက်ရှိရေတပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးမိုးအောင်၏ညီ ဦးနေအောင်ကလည်း ဝယ်ယူရန် စိတ်ဝင်စားနေသည့်အတွက် ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အားပြိုင်မှုရှိနေကြောင်း ဧရာဝတီသတင်းက ဆိုသည်။

ဗိုလ်ချုပ်ကြီးမိုးအောင်မှာ အာဏာသိမ်းပြီးနောက် ရေတပ်အကြီးအကဲဖြစ်လာပြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာ စစ်ကောင်စီအဖွဲ့ဝင်နှင့် ဆက်သွယ်ရေးလုပ်ငန်းများကို ကြီးကြပ်ခွင့်ရှိသူ ပို့ဆက်ဝန်ကြီးဖြစ်လာသည်။

စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar တက်ကြွလှုပ်ရှားသူအဖွဲ့က တယ်လီနောမြန်မာရောင်းချမှုကို ဆိုင်းငံ့ရန် တောင်းဆိုသည်။

“မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ဝယ်မှာဖြစ်တဲ့အတွက် မြန်မာလူထုအတွက် ပိုလို့တောင်မှ အန္တရာယ်ရှိနေပါတယ်” ဟု Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Reuters သတင်းဌာနကို ပြောသည်။​

အခြားကုမ္ပဏီတစ်ခုထံ ရောင်းချရာတွင် အော်ပရေတာလိုင်စင်အရ စီးပွားရေးဆိုင်ရာ အချက်အလက်များအပါအဝင် အသုံးပြုသူတို့၏ ဖုန်းဆက်သွယ်ပြောဆိုထားမှုမှတ်တမ်းကို လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။ 

မြန်မာအရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်က တယ်လီနောကို မြန်မာနိုင်ငံမှ တာဝန်မဲ့စွာ ထွက်ခွာသည်ဆိုကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD) ထံ ဇူလိုင်လအတွင်း တိုင်ကြားခဲ့သည်။ 

နော်ဝေနိုင်ငံအပါအဝင် အဖွဲ့ဝင်ပေါင်း ၃၈ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OECD သည် အစိုးရများ၊ မူဝါဒချမှတ်သူများ၊ နိုင်ငံသားများနှင့် ပူးပေါင်းကာ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အဖြေရှာရန်နှင့် အထောက်အထားအခြေပြု နိုင်ငံတကာစံနှုန်းများချမှတ်ရန် ဆောင်ရွက်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button