![](https://myanmar-now.org/mm/wp-content/uploads/sites/7/drupal/news-images/than_kyaw_oo.jpg)
စစ်ကောင်စီက အပြင်းအထန် ဖိနှိပ်နေသည့်ကြားမှ စစ်ကိုင်းတိုင်းအတွင်း မြို့ရွာတချို့တွင် သပိတ်ခေါင်းဆောင်တစ်ဦးက ကျေးရွာလူထုကို လိုက်လံဟောပြောလျက်ရှိသည်။ ထိုဟောပြောပွဲများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖွဲ့ဝင်များက လုံခြုံရေးယူပေးထားသည်။
ထိုဟောပြောပွဲများမှာ စစ်ကိုင်းတိုင်းအတွင်း နယ်မြေစိုးမိုးမှုအခြေအနေကို ဖော်ပြနေသည်။ PDF များ၏ အကာအကွယ်ဖြင့် ကျေးရွာများအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လိုက်လံဟောပြောနေသူမှာ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုသန်းကျော်ဦးဖြစ်သည်။
အသက် ၂၄ နှစ်အရွယ်သာ ရှိသေးသည့် ကိုသန်းကျော်ဦးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်လည်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် မုံရွာမြို့ပေါ်မှ ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်နေသည့်နည်းတူ ကျေးရွာများအထိ လှည့်လည်ဟောပြောကာ သပိတ်စစ်ကြောင်းများ ပြုလုပ်နေသည်မှာ လေးလနီးပါးရှိပြီဟု သိရသည်။
အာဏာသိမ်းပြီး တစ်နှစ်ပြည့်လုချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး သဘောထားနှင့် ပတ်သက်ပြီး ကိုသန်းကျော်ဦးကို Myanmar Now က ဇန်နဝါရီ ၁၈ တွင် ဆက်သွယ်မေးမြန်းထားသည်။
မေး – လက်နက်ကိုင်တော်လှန်ရေး ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်း ရွာတွေကို လိုက်ဟောပြောနေတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဒေသခံလူထုရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလဲ။
ဖြေ – ကျွန်တော်က မုံရွာမြို့ပေါ်မှာပဲ သပိတ်မှောက်ဖို့ တာဝန်ရှိတာပေါ့။ ဒါပေမဲ့ နယ်တွေကို အများဆုံး ပတ်ပါတယ်။ အကြောင်းရင်းက ကျွန်တော်သွားတဲ့နေရာတွေမှာက အင်တာနက်လိုင်း ဖြတ်ခံထားရတဲ့အခါ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အများကြီး Concept (သဘောထားအမြင်) ပြတ်တာတွေရှိတယ်။
ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးသွားကတည်းက ကျွန်တော်ရောက်တဲ့နေရာတွေမှာက လမ်းပေါ်သပိတ်တိုက်ပွဲတွေ လုံးဝပျောက်ဆုံးပြီးတော့ လက်နက်ကိုင်တော်လှန်ရေးကို အကြွင်းမဲ့ယုံကြည်ပြီး တောက်လျှောက် လျှောက်ခဲ့တဲ့နေရာတွေပေါ့။
လူထုက ဘယ်လိုတုံ့ပြန်လဲဆိုတော့ ……ပထမတစ်ခေါက်မှာ ခေါင်းဆောင်ပိုင်းတွေနဲ့ စကားပြောကြည့်တဲ့အခါမှာ သပိတ်ကို သူတို့ သိပ်အယုံအကြည်မရှိဘူး။ လက်နက်ကိုင်ပြီးတိုက်မှ အောင်မြင်မယ်ဆိုတာမျိုးကိုပဲ သူတို့က တထစ်ချပြောပြီးတဲ့အခါမှာ လမ်းပေါ်သပိတ်တိုက်ပွဲတွေက သိပ်အရေးမပါတဲ့ ပုံစံမျိုးပေါ့လေ။
ဒါပေမဲ့ ဒုတိယတစ်ခေါက်သွားပြီးတော့ စကားပြောပြီး အကျေအလည်ပြန်ပြောတဲ့အခါမှာ ဒါကို သူတို့ လက်ခံတယ်။ လက်ခံတော့ တစ်ပွဲ အစမ်းလုပ်ကြည့်မယ်ပေါ့။ အဲဒါကို ပထမဆုံးစမ်းလုပ်ကြည့်တဲ့အခါမှာ ကျွန်တော်တို့က လက်ရှိနိုင်ငံရေးဖြစ်ပျက်မှုအခင်းအကျင်းကို လူထုကို တင်ပြတယ်။ လက်ရှိ ကျွန်တော်တို့ သွားနေတဲ့ ရေချိန်ပေါ့။
အောက်ခြေမှာရှိတဲ့ ပြည်သူလူထုကကျတော့ နိုင်ငံရေးရေချိန်နဲ့ အလှမ်းဝေးတယ်။ ဝေးတဲ့အကြောင်းရင်းက ကျွန်တော်တို့ပြည်သူလူထုက ဘာမှမသိခဲ့ဘူး။ သိတဲ့အချိန်မှာလည်း လက်ရှိသွားနေတာက ဖက်ဒရယ်ဒီမိုကရေစီဆိုတော့ ဖက်ဒရယ်စနစ်ကို သွားတဲ့အခါမှာ ပြည်သူက ပိုပြီးအလှမ်းဝေးတယ်ပေါ့။ အဲဒီအချိန်မှာ ပထမဆုံး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာကို တင်ပြတယ်။
အာဏာရှင်ကို ဘာကြောင့်တော်လှန်ရသလဲ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းက ဘာလဲ၊ ပြည်သူတွေအနေနဲ့ ဘာလို့စည်းလုံးသင့်လဲ၊ ပြည်သူတွေဟာ ဘာလို့ တော်လှန်ရေးရဲ့အခရာဖြစ်သလဲဆိုတာကို ကျွန်တော်တို့က နိုင်ငံရေးရော၊ သပိတ်တရားရော၊ မကြောက်တရားရော တွဲပြီး ဟောလိုက်တဲ့အခါမှာ လူထုက ပိုပြီးသဘောကျတယ်။
ဒါကတော့ ဟုတ်တယ်၊ လက်ခံတယ်ပေါ့။ လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးအရ လမ်းပေါ်သပိတ်တိုက်ပွဲတွေ ဟန်ချက်ညီညီလှုပ်ရှားမှ အာဏာရှင်ကို ပိုပြီးတော့ အမြစ်ဖြတ်နိုင်မယ်ဆိုတာကို ပိုပြီး ယုံကြည်သက်ဝင်သွားတယ်ပေါ့လေ။ လက်နက်ကိုင်လမ်းစဉ်ချည်းပဲ မရဘူးဆိုတာကို လူထုက လုံးဝလက်ခံလာတယ်။
![](https://myanmar-now.org/wp-content/uploads/sites/7/drupal/media/than_kyaw_oo_sagaing_photo_supplied.jpg)
မေး – ဟောပြောတဲ့အခါ ဘယ်လိုအကြောင်းအရာတွေကို အဓိကထား ဟောပြောလဲ။
ဖြေ – ဖြစ်ပျက်သွားတဲ့ နိုင်ငံရေးအခင်းအကျင်းတွေပေါ့။ နိုင်ငံရေးအရ ဒီကာလမှာ ဖြစ်ပျက်သွားတဲ့ အားသာချက်လေးတွေရှိတယ်။ ဥပမာ ဘာကြည့်မလဲဆိုရင် အာဏာရှင်ကို တိုက်နေတဲ့ကာလမှာ နိုင်ငံရေးအားသာချက်တွေရှိမယ်၊ စစ်ရေးအရ အားသာချက်တွေရှိမယ်၊ သံတမန်ရေးအရ အားသာချက်တွေရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပြောတယ်။
အဓိကတော့ ဘယ်သူဦးဆောင်ခဲ့တာလဲဆိုရင် နိုင်ငံရေးအရ အားသာမှုတွေမှာ ပြည်သူဘက်က အားသာအောင် ဘယ်လိုလုပ်ဆောင်ခဲ့တာလဲပေါ့။ ပြောတဲ့အခါမှာ ပြည်သူကပဲအဓိကဆိုတဲ့ဟာမျိုးကို ကျွန်တော် ဖိပြောပါတယ်။
ဘာလို့ဆို ဒီတော်လှန်ရေးမှာ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) က တော်လှန်ရေးတပ်ဦးဆိုပေမဲ့ NUG က တော်လှန်ရေးကို ဦးဆောင်တာ မဟုတ်ဘူး။ ပြည်သူလူထုက တော်လှန်ရေးကို ဦးဆောင်တာ။ ဒီနေ့ဒီအချိန်ထိ ဘာလို့ ဒီအခြေအနေကို ကောင်းကောင်းလျှောက်လှမ်းနိုင်တာလဲလို့ မေးရင် ပြည်သူပါဝင်လို့ပေါ့။ အဲဒီအချက်ကို ဖိဖိစီးစီးပြောတယ်။
စစ်အာဏာရှင်ကို ဘာကြောင့်မို့လို့ အသက်တွေပေးပြီး တော်လှန်ရတယ်ဆိုတဲ့ အကြောင်းရင်းအချက်တွေပါ အဓိကထည့်ပြောတယ်။ နောက်ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်က ကျွန်တော်တို့အတွက် အန္တရာယ်များတယ်။ စည်းလုံးညီညွတ်မှုရှိမှရမယ်ဆိုတဲ့အကြောင်းကတော့ အဓိကပေါ့။
မေး – ဟောပြောပွဲတွေမှာ ဒေသကာကွယ်ရေးအဖွဲ့ (PDF) တွေ လုံခြုံရေးယူပေးနေတဲ့ပုံတွေ တွေ့ရတယ်။ အဲဒါကို ပြောပြပါဦး။
ဖြေ – သပိတ်တစ်ခုလုပ်မယ်ဆိုရင် မလုပ်ခင်မှာ ကျေးရွာကာကွယ်ရေးအဖွဲ့တွေ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ၊ ကျေးရွာခေါင်းဆောင်တွေနဲ့ စကားပြောတယ်။ ဒီရွာမှာ လူထုအနေနဲ့ ဘယ်လိုအခြေအနေရှိသလဲ၊ အဓိက သပိတ်လုပ်မယ်ဆိုရင် ရွာကိုသွားပြီးတော့ ကျွန်တော်တို့က မကြောက်တရားချည်းပဲ ဟောလို့မရဘူး၊ လူထုရဲ့ နိုင်ငံရေးရေချိန်ဘယ်လောက်ရှိလဲဆိုတာကို ဒီခေါင်းဆောင်တွေနဲ့ ဆွေးနွေးတယ်။ ခေါင်းဆောင်တွေမှာရော ပြဿနာက ဘာလဲပေါ့၊ ဒီရွာမှာရှိတဲ့ ပြဿနာက ဘာလဲ၊ ဒါတွေကို သုံးသပ်ပြီးတော့ ဘာပြောသင့်လဲဆိုတာကို ဆွေးနွေးတယ်။
သပိတ်မစခင်မှာ ဒီခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ လုံခြုံရေးကို အပြည့်အဝ ဘာမှမဖြစ်စေရဘူး၊ အပြည့်အဝယူပေးမယ်၊ လက်နက်တွေလည်း ထုတ်ကိုင်လို့ရမလား ကျွန်တော့်ကို မေးတယ်၊ ရမလားဆိုတော့ သူတို့ကို ပြန်မေးတယ်။ အစ်ကိုတို့ဘက်က အဆင်ပြေရင်တော့ ကိုင်ကြပါ၊ ကျွန်တော်တို့အနေနဲ့ကတော့ လက်နက်ကိုင်လမ်းစဉ်နဲ့ဆိုတော့ ပြည်သူလူထု ပိုပြီးအားရှိတာပေါ့၊ အဲလိုပြန်ပြောဖြစ်တဲ့အခါ သူတို့ကတော့ လုံးဝပဲ စနစ်တကျ ယူနီဖောင်းတွေနဲ့ သူတို့လုပ်ထားတဲ့ လက်လုပ်တွေနဲ့ပေါ့လေ အကုန်လုံးလာကြတယ်။
![](https://myanmar-now.org/wp-content/uploads/sites/7/drupal/media/local_people_defense_forcer_pdf_photo_supplied.jpg)
မေး – စစ်ကိုင်းတိုင်းအတွင်းက မြို့ရွာတွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို ပြင်းပြင်းထန်ထန်ခံနေရတယ်။ အခု PDF တွေက လုံခြုံရေးယူပြီး ဟောပြောပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ လုပ်နေနိုင်တယ်ဆိုတော့ PDF တွေရဲ့ နယ်မြေစိုးမိုးမှုရှိနေပြီလား၊ ဘယ်လောက်အတိုင်းအတာရှိနေလဲ။
ဖြေ – ဒေသခံပေါ့၊ အဲဒီက အကြီးပိုင်းတွေ မေးတဲ့အခါမှာ စစ်ကောင်စီက သူတို့အုပ်ချုပ်ရေးယန္တရားကို ဟန်ချက်မပျက်အောင် ထိန်းနိုင်ဖို့အတွက်က မြို့တွေပေါ်လောက်ပဲ ဒီကောင်တွေက ရှိတာ။ မြို့တွေရယ်၊ မြို့တွေအနီးက ဧရိယာအနည်းအကျဉ်းပေါ့။ ကျန်တဲ့ကျေးရွာတွေက ထိန်းချုပ်ထားနိုင်လားမေးရင် လုံးဝ နယ်မြေစိုးမိုးမှု မရှိဘူး။
အဲဒီနယ်မြေတွေမှာ ကျွန်တော်တို့ PDF တွေက နယ်မြေစိုးမိုးမှုရှိတယ်။ ဒါက ၂၀၂၁ ကာလပေါ့။ ၂၀၂၂ ကာလမှာတော့ ပြဿနာက လေယာဉ်တွေ သုံးလာတဲ့အခါမှာ တစ်ခုတော့ စိုးရိမ်ရတာပေါ့။ ပုံမှန်ဆိုရင် သူတို့က ဒီနယ်မြေတွေကို ကားနဲ့မဖြတ်ရဲဘူး။ ဘာလို့ဆို မိုင်းတွေကြောက်လို့။ ဒီနယ်မြေတွေမှာ PDF တွေ ရှိတယ်ဆိုတာ သူတို့သိတယ်။
အုပ်ချုပ်မှုယန္တရားရော စိုးမိုးမှုအပိုင်းမှာရော စစ်ကောင်စီက ဘာမှမရှိဘူး၊ မရှိလို့ ကျွန်တော့်ဘေးမှာဆိုရင် ဒေသကာကွယ်ရေးအဖွဲ့တွေက လက်နက်ကိုင်လမ်းစဉ်က ဘယ်လောက်ထိ အောင်မြင်နေပြီဆိုတာကို သူတို့ချပြတယ်။ လက်နက်ကိုင်လမ်းစဉ်နဲ့ ရွာမှာရှိတဲ့ ပြည်သူလူထုကြားမှာလည်း စည်းလုံးညီညွတ်မှုရှိတယ်ဆိုတဲ့ပုံရိပ်ကို ချပြချင်တာဖြစ်တဲ့အတွက် ကျွန်တော့်ကိုလည်း လုံခြုံရေးယူပေးတယ်၊ လမ်းပေါ်မှာရှိတဲ့ အကြမ်းမဖက်တဲ့ လူထုသပိတ်တွေကို လုံခြုံရေးယူပေးရင်းနဲ့ သူတို့ လက်နက်ကိုင်လမ်းစဉ်ကလည်း အာဏာရှင်ကို တော်လှန်နေတယ်၊ အာဏာရှင်ကို တော်လှန်တဲ့အခါမှာ လက်နက်ကိုင်လမ်းစဉ်ကို ထောက်ခံနေတဲ့ ပြည်သူလူထုနဲ့ အတူတူပေါ့လေ၊ စည်းလုံးညီညွတ်မှုရှိတယ်၊ ပြည်သူလူထုကလည်း အပြည့်အဝ ထောက်ခံတယ်ဆိုတဲ့ပုံရိပ်ကို မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေကိုလည်း ချပြသလို တစ်ကမ္ဘာလုံးကိုလည်း ချပြတယ်။
နယ်မြေစိုးမိုးမှုအပိုင်းကတော့ အမှန်အတိုင်းပြောရရင် ပြည်သူတွေ စိုးမိုးထားတာက ကျွန်တော်ရောက်တဲ့ နေရာတွေမှာဆိုရင် ၈၀ နဲ့ ၉၀ ရာခိုင်နှုန်းလောက် ပြည်သူတွေ စိုးမိုးမှုရှိပါတယ်။ အဓိကကြောက်ရတာ လေယာဉ်ပေါ့လေ။ ဒါပါပဲ။
မေး – လူထုသပိတ်တွေ၊ လှုပ်ရှားမှုတွေမရှိတော့ရင် လက်နက်ကိုင်တော်လှန်ရေးက မအောင်မြင်နိုင်ဘူးလား။
ဖြေ – ပထမဆုံးပေါ့လေ။ ဘာလို့ လမ်းပေါ်သပိတ်တိုက်ပွဲတွေကို ဆက်လျှောက်လဲဆိုရင် ကျွန်တော်တို့က ပင်မသပိတ်ကော်မတီမှာဆိုရင် နှစ်ပိုင်းခွဲလိုက်တယ်။ တစ်ပိုင်းက လူထုကို တော်လှန်ရေးအရှိန်အဟုန်ကောင်းကောင်းနဲ့ လျှောက်လှမ်းနိုင်ဖို့၊ နိုင်ငံရေးရေချိန်ပြတ်မသွားဖို့၊ လူထုအနေနဲ့ တော်လှန်ရေးစိတ်ဓာတ်တွေ ပျောက်ပျက်မသွားဖို့ သပိတ်တိုက်ပွဲတွေနဲ့ နိုင်ငံရေးတရားဟောပြောချက်တွေ ဆက်လုပ်ဆောင်မယ်ဆိုတဲ့အပိုင်း။
နောက်တစ်ပိုင်းက အာဏာရှင်ကို လုံးဝအမြစ်ဖြတ် တော်လှန်တိုက်ခိုက်မှရမဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးမဲ့အပိုင်း။ ကျွန်တော်ကတော့ လက်ရှိသမဂ္ဂဥက္ကဋ္ဌဆိုတော့ မြေပေါ်ပိုင်းကို တာဝန်ယူရတယ်။ ကျန်တဲ့ ကျွန်တော်တို့စီနီယာတွေက မြေအောက်ပိုင်းကို တာဝန်ယူပြီးတဲ့အခါမှာ သူတို့လုပ်တယ်။
ကျွန်တော်တို့ ဘာဟောလဲဆိုရင် လူထုယုံကြည်မှုမရှိတဲ့အဖွဲ့အစည်းက ရေရှည်ရပ်တည်လို့ မရဘူး။ အခုထိ PDF တွေ ဘာလို့ရပ်တည်နိုင်လဲမေးရင် လူထုယုံကြည်မှု။ ကျေးရွာကာကွယ်ရေးအဖွဲ့တွေ ဘာလို့ရပ်တည်နိုင်လဲမေးရင် ဒီကျေးရွာက လူထုက ယုံကြည်နေလို့။
နောက်တစ်ချက်ကကျတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို သွားတဲ့အခါမှာ ရှေ့မှာ လူထုမပါဘဲနဲ့ မအောင်မြင်နိုင်ဘူးဗျ။ ဘာလို့လဲဆိုတော့ နောက်မှာ ထောက်ပံ့ဖို့အတွက် ဒီလူထုရှိမှ ရမှာ။ ဒီတော်လှန်ရေးအပေါ်မှာ အပြည့်အဝယုံကြည်နေမှ ရမှာ။ တော်လှန်ရေးအပေါ်မှာ မယုံကြည်ဘူး၊ တော်လှန်ရေးစိတ်ဓာတ် မရှိတော့ဘူး၊ ခိုင်မာမှုမရှိဘူး၊ ပျော့ညံ့တဲ့စိတ်ဓာတ် ရှိသွားမယ်ဆိုရင် တော်လှန်ရေးကြီးက အားလျော့သွားမယ်။ ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ပံ့မှုမရှိတော့တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကလည်း ပြိုပျက်သွားမှာပဲ။
ပြည်သူထုကြားထဲမှာ တော်လှန်ရေးစိတ်ဓာတ်တွေ ပျောက်မသွားအောင်၊ အာဏာရှင်ကို ကြောက်ရွံ့မသွားဖို့ မမေ့ဖို့ တော်လှန်ရေးစိတ်ဓာတ်ကို မောင်းနှင်နေရတယ်။ အဲဒါက ဘာလဲဆိုတော့ စစ်ကောင်စီ ဖိနှိပ်လည်း ကြောက်မသွားဘူး၊ ပိုပြီးတော့ မုန်းတီးလာတယ်၊ စစ်ကောင်စီကို အမြစ်ဖြတ်မှရမယ်ဆိုတဲ့ သံမဏိစိတ်ဓာတ်၊ တော်လှန်ရေးစိတ်ဓာတ် ခိုင်ခိုင်မာမာဖြစ်လာတယ်။ တော်လှန်ရေးမှာ လူထုပိုပြီးပါဝင်လာမှာကို စစ်ကောင်စီကြောက်တာ။
မေး – ကျေးရွာတွေကို လှည့်လည် ဟောပြောတဲ့အခါမှာ အတူပါလာတဲ့ PDF တွေကို လူထုက ဘယ်လိုအမြင်မျိုးရှိကြလဲ။
ဖြေ – သောင်းသောင်းဖြဖြ ကြိုဆိုတယ်ပေါ့။ PDF တွေကို သူတို့က ဘယ်လိုသတ်မှတ်ထားလဲဆိုရင် ပြည်သူ့စစ်သားပေါ့။ ပြည်သူ့စစ်သားရဲ့အဓိပ္ပာယ်က ဘာလဲ ကျွန်တော်မေးတော့ ပြည်သူတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီးတော့ ကိုယ်ကျိုးကို စွန့်ပြီးတော့ ကာကွယ်ပေးတာမျိုးကို ပြည်သူ့စစ်သားလို့ ပြောတာ။
လက်ရှိ PDF တွေမှာဆိုရင် ပြည်သူကျွေးတဲ့ ထမင်းဟင်းကို စားပြီးတဲ့အခါမှာ တော်လှန်နေတယ်၊ ပိုက်ဆံမရဘူး၊ အဲလိုမျိုး ပြည်သူတွေက နားလည်ထားတယ်။ ပြည်သူတွေထောက်ပံ့တဲ့ အလှူငွေနဲ့ပဲ ရရာသေနတ်ကလေးတွေ၊ လက်လုပ်လေးတွေလုပ်ပြီး အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတယ်ပေါ့။
ဒါကို ပြည်သူလူထုက သူတို့အပေါ်မှာ အရမ်းသနားကြတယ်၊ အရမ်းလည်းချစ်ကြတယ်။
![](https://myanmar-now.org/wp-content/uploads/sites/7/drupal/media/than_kyaw_oo_and_pdf_sagaing_14_jan_2022_photo_supplied.jpg)
မေး – သူတို့က (ဒေသခံလူထု) ဘာကြောင့် စစ်ကောင်စီကို တော်လှန်နေတယ်လို့ သိရလဲ။
ဖြေ – သူတို့တွေက အများကြီးမပြောဘူး။ တစ်ခွန်းတည်းပဲ ပြောတယ်၊ သူတို့ကို ဖိနှိပ်နေလို့။ ရှင်းရှင်းပြောရင် အဓမ္မဆန်တဲ့လုပ်ရပ်တွေကို လုပ်နေလို့မို့။ ဒီကောင်တွေက လူလို ပါးစပ်နဲ့ ပြောလို့မရတဲ့ ကောင်တွေမို့လို့ လက်နက်နဲ့ တော်လှန်ရတာမျိုးဆိုတဲ့ စကားလုံးမျိုးပဲ တွေ့ရတယ်။ ကျန်တဲ့ နိုင်ငံရေးတွေ ဘာတွေ နားလည်လားလို့ မေးရင် သဘောတော့ပေါက်တယ်။ နိုင်ငံရေးခံယူချက် အပြည့်အဝရှိလို့ တော်လှန်တာ မဟုတ်ဘူး။ အဓိကအချက်က အဲဒါပဲ။
တစ်ချိန်တုန်းက သူတို့က ပြည်သူ့အစိုးရလက်ထက်မှာ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ သူတို့ကိုယ်တိုင် ကောင်းကောင်းကြီးသဘောပေါက်တယ်။ အဓိကတော့ လွန်ခဲ့တဲ့ငါးနှစ်တာကာလ ဒီမိုကရေစီကာလပေါ့။ အဲဒီကာလမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ အခု စစ်ကောင်စီအုပ်စိုးနေစဉ်ကာလကို ချိန်ထိုးပြီး ပြည်သူလူထုက ဒီသဘောတရားကို နားလည်တယ်။
ရှင်းရှင်းလေးပဲ မကြိုက်လို့ တော်လှန်တာ၊ စစ်ကောင်စီအုပ်ချုပ်မှု၊ အဓမ္မဆန်မှုတွေကို မကြိုက်လို့ တော်လှန်တာ ကျန်တာ ဘာမှမရှိဘူး၊ ကျန်တာလည်း ဘာမှမသိချင်ဘူး။
မေး – ကျေးရွာတွေလှည့်လည်ပြီး တော်လှန်ရေးတရားဟောတာ ဘယ်လိုအကျိုးရလဒ် ရလာလဲ။
ဖြေ – ကျေးလက်တွေကို သွားပြီးတရားဟောတဲ့အခါမှာ လူထုက တော်လှန်ရေးအပေါ်မှာ ပိုပြီးတော့ ယုံကြည်သက်ဝင်လာတယ်။ ပိုပြီးအားကောင်းလာတဲ့ပုံစံ တွေ့ရတယ်။ သုံးလေးလလောက်တော့ရှိပြီ ကျွန်တော်သွားတာ။ ပထမလမှာတော့ မုံရွာမြို့ပတ်ပတ်လည်လောက်ကိုပဲ သွားတယ် …….။
မေး – ဟောပြောပွဲတွေ၊ သပိတ်စစ်ကြောင်းတွေမှာ ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေ တွေ့ရတယ်။
ဖြေ – အဘိုးအဘွားတွေဆိုရင်လည်း တက်တက်ကြွကြွပဲ။ ဟုတ်တယ် ဒီကောင်တွေက ပြောမရဘူး၊ နေရာတိုင်းမှာ အကျင့်ယုတ်နေကြတာ၊ ချမှရမယ်။ အဘိုးကြီးအဘွားကြီးတွေ စိတ်ဓာတ်ကိုက ချမှရမယ်ပေါ့လေ။ ဒီကောင်တွေက ပါးစပ်နဲ့ပြောလို့မရဘူး၊ ဘာလို့ အချင်းချင်းတောင် နှိပ်စက်နေရတာလဲ လူမဆန်လိုက်တာပေါ့။
တော်လှန်ရေးစိတ်ဓာတ်အပြည့်ရှိတယ်။ အဘိုးကြီးတွေဆိုလည်း ကိုယ်သာမစွမ်းနိုင်တာ၊ ချမယ်၊ သေပလေ့စေဆိုတာကြီးပဲ။ လက်ထဲကြည့်တော့ ဓားပဲရှိတယ်။ အဲလိုတွေ တွေ့ရတယ်။ တော်လှန်ရေးတရားတွေ သွားဟောရင် မျက်ရည်ကျရတယ်။
ဘာလို့ဆိုတော့ တချို့ မြို့ပေါ်လူတန်းစားနဲ့ ပိုက်ဆံရှိတဲ့ ခရိုနီတွေက ကိုယ်ကျိုးမပျက်အောင် ဟန်ပြပါဝင်နေတဲ့အချိန်မှာ ကျေးလက်က ပြည်သူလူထုက သူတို့ကိုယ်ကျိုးကို စွန့်ပြီးတဲ့အခါမှာ အဘိုးအဘွားကြီးတွေဆို သူတို့အေးဆေးနေလို့ရတယ်၊ ဒါပေမဲ့ မနေဘူး၊ သေရင်သေပေ့စေ ငါတို့ကတော့ အဆုံးထိ တော်လှန်မယ်ဆိုတာမျိုး။
မေး – စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး တိုင်းပြည်အာဏာကို သိမ်းယူလိုက်တာ တစ်နှစ်ပြည့်တော့မယ်။ သပိတ်ခေါင်းဆောင်တစ်ဦးအနေနဲ့ ပြည်သူကို ဘာများပြောချင်ပါသလဲ။
ဖြေ – တော်လှန်ရေးက ဘာဖြစ်ဖြစ် ဒီနေ့ဒီအချိန်ထိကို ကောင်းကောင်းကြီးလျှောက်လှမ်းနိုင်တယ်။ နေရာအနှံ့ မြို့ကြီးတွေမှာလည်း အာဏာရှင်ကို ဆန့်ကျင်နေကြောင်းကို မြေပေါ်မှာ မပြနိုင်ရင်တောင် မြေအောက်ကနေ ဆန့်ကျင်နေတဲ့ အရိပ်အယောင်တွေရှိသေးတယ်။ ကောင်းကောင်းကြီး အားကောင်းနေသေးတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ၂၀၂၁ ရဲ့ တော်လှန်ရေးက ပြည်သူဘက်ကပဲ အားသာခဲ့တယ်၊ အားကောင်းခဲ့တယ် ဆိုတာကို တွေ့ရမယ်။ ဒီပွဲက ကျွန်တော်တို့ခေါင်းဆောင်တွေပြောသလို ဘဝချင်း ကိုင်ရိုက်တဲ့ပွဲ ဖြစ်တယ်။ ကျွန်တော်တို့ရှုံးသွားရင် ဘဝတွေ စုံးစုံးမြုပ်ပြီးတော့ ဘဝတွေနစ်မြုပ်ပြီး ပျက်စီးသွားလိမ့်မယ်။ လက်ရှိ စစ်ကောင်စီဖိနှိပ်နေတာကိုပဲ ကြည့်မယ်ဆိုရင်တောင် တွေ့မြင်နိုင်တယ်။ စစ်ကောင်စီကလည်း သူတို့ရှုံးနိမ့်သွားရင် သူတို့ပိုင်ဆိုင်ထားတဲ့ စည်းစိမ်တွေ၊ ဘဝတွေက လုံးဝပျက်စီးမှာ။
ဘဝချင်းပြိုင်ရိုက်တဲ့ပွဲမှာက သူတို့အနေနဲ့ကလည်း သူတို့ဘဝကို အပျက်ခံပြီးတော့ အရှုံးပေးမှာ မဟုတ်ဘူး။ သူတို့ကလည်း အဆုံးထိတိုက်မှာ။ နှစ်ဖက်လုံးက အဆုံးထိတိုက်မဲ့လူတွေဖြစ်တဲ့အတွက် ဒီထက်ကို ပိုပြီးဆိုးရွားတဲ့ဒဏ်တွေကို ကျွန်တော်တို့ပြည်သူက ခံရဦးမှာ။ အခုဆိုရင် တော်လှန်ရေးရေချိန် တစ်ဆင့်ပြီးတစ်ဆင့်တက်လာတိုင်းမှာ စစ်ကောင်စီက တစ်ဆင့်ပြီးတစ်ဆင့် ဖိနှိပ်လာတာကို တွေ့ရတယ်။ ပြည်သူတွေက ရှေ့ကို ခက်ခက်ခဲခဲ တစ်လှမ်းတက်လာတိုင်း စစ်ကောင်စီက ပြင်းပြင်းထန်ထန် ထပ်ပြီးဖိနှိပ်တာကို ကြုံရတယ်။
နောက်ပိုင်းတွေမှာ ဒီထက်ပိုပြီး ကြုံရနိုင်ခြေ အများကြီးရှိတယ်။ ဒါက ပြည်သူကို အားလျော့သွားစေချင်လို့ ပြောတာ မဟုတ်ဘူး။ ကြိုတွေးပြီး ပြင်ဆင်ထားဖို့။ နောက်ဆုံးအချိန်ရောက်လာလေလေ ပြင်းထန်လာလေလေ၊ ပြင်းပြင်းထန်ထန်ဖိနှိပ်မှုတွေ ဆိုးရွားလာလေလေပဲ။
ပြည်သူက ဒီနေ့အထိတော့ အောင်နိုင်ပြီးသွားပြီ။ ၂၀၂၂ ကာလမှာ ဆက်ပြီးတော့ အားကောင်းကောင်းနဲ့ လျှောက်လှမ်းဖို့အတွက် ပြည်သူတွေ ပိုပြီးတော့ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ ဒီနေ့အထိ တော်လှန်ရေး ဘာလို့နိုင်နေလဲမေးရင် ပြည်သူတွေက တစ်ယောက်ချင်း တော်လှန်ရေးကို ယုံကြည်ပြီး ပိုမိုပူးပေါင်းပါဝင်လာနိုင်လို့။ PDF တွေ ဘာလို့အားကောင်းလာလဲမေးရင် ပြည်သူတွေက ပိုပြီးထောက်ပံ့ကူညီလာလို့။
ဆက်ပြီး တောင့်ခံပေးထားဖို့ လိုလိမ့်မယ်။ အရိုးကြေကြေ အရည်ခန်းခန်း အစွမ်းကုန်ကို ပူးပေါင်းပါဝင်သင့်တယ်။ အဲဒီလို ပူးပေါင်းပါဝင်မှသာ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ဆီကို မကြာခင်ရောက်မှာ ဖြစ်တယ်လို့ ပြည်သူလူထုကို ပြောချင်ပါတယ်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။