
ရန်ကုန် – ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲစခန်းတချို့ တိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ လက်နက် အများအပြား လုယက်ခံရပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက ဒေသတွင်း နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်နေပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ ဒီအရေးအခင်းကို တရားဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားပါတယ်။
လတ်တလော အခြေအနေနဲ့ ပတ်သက်ပြီး သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရအရာရှိဖြစ်တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို Myanmar Now သတင်းထောက် ဖြိုးသီဟချိုက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ တရားဥပဒေနဲ့အညီဆိုတာ ဘယ်လိုအချက်တွေကို ဆိုလိုပါသလဲ။
ဖြေ။ ။ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် လုပ်ရမယ်ပေါ့ဗျာ။ နံပါတ်(၁)အချက်အနေနဲ့က ဒါသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်။ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်မယ်။ အကြမ်းဖက်တိုက်ခိုက်မှုကို ဘယ်နိုင်ငံမှ လက်မခံဘူး၊ အဲဒီလိုပဲ ကျွန်တော်တို့ နိုင်ငံကလည်း လက်မခံနိုင်ဘူး၊ သို့သော် အစွန်းရောက် အကြမ်းဖက်မှုကို နှိမ်နင်းတဲ့အခါမှာ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်တာမျိုး မဖြစ်အောင် ဆောင်ရွက်ဖို့ မှာထားတယ်။ တပ်တွေရော၊ ရဲတွေရော၊ တာဝန်ရှိတဲ့သူတွေရော အကုန်လုံး သွားပြီးတော့ ဆောင်ရွက်နေတယ်။ အကြမ်းဖက် တိုက်ခိုက်သူတွေ၊ အဲဒါနဲ့ ဆက်စပ်နေသူတွေအားလုံးကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ်။
မေး။ ။ နယ်မြေရှင်းလင်းရာမှာ အရပ်သားတွေ သေဆုံးမှုရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ ပြန်ကြားရေးကနေပြီးတော့ သတင်းတွေ၊ ဖြစ်စဉ်တွေ ထုတ်ပြန်ပေးနေတယ်။ အခြေအနေက အရပ်သားနဲ့ အကြမ်းဖက်သမားနဲ့ ရောယှက်နေတယ်။ ဒီမှာကတော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူမှာပဲ။ သူတို့က တိုက်ခိုက်လာရင်တော့ ကျွန်တော်တို့က ရွှေပြည်အေးတရား ဟောလို့ မရဘူး။ အပြန်အလှန်ပစ်ခတ်တာတွေလည်း ဖြစ်မယ်။ လူသေဆုံးမှုတွေကို ကျွန်တော်တို့ ထုတ်ပြန်ပေးနေတယ်။
မေး။ ။ အခုဖြစ်ပွားတဲ့ ပြဿနာက ဘာနဲ့ ဆက်စပ်နေတယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ ဒီဖြစ်စဉ်ဖြစ်ပွားမှုအခြေအနေပေါ့၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပြဿနာပေါ့။ ၂ဝ၁၅-၁၆ ကာလမှာ အစိုးရသစ်လက်ထက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို အလေးထားပြီးတော့ နှိမ်နင်းနေတယ်။ နှိမ်နင်းတဲ့အခါမှာ ရခိုင်ပြည်နယ် မောင်တော-ဘူးသီးတောင်မှာ စိတ်ကြွဆေးပြားပေါင်း ၁၂ဝ,ဝဝဝ ကျော် ဖမ်းဆီးရမိတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို မကြာခဏ ဖမ်းဆီး၊ အရေးယူပြီး အမှုဖွင့်တယ်။ မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးအရေးယူတဲ့အခါမှာ စီးပွားရေးတွေက အထိနာမှုတွေ ဖြစ်လာတယ်။ နံပါတ်(၂)အခြေအနေက အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်လို့ ကိုင်တွယ် ဖြေရှင်းတဲ့အခါမှာ အကြံပေးကော်မရှင် ကိုဖီအာနန်ဦးဆောင်တဲ့ အဖွဲ ဖွဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အခြေအနေ တိုးတက်လာအောင်၊ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး တိုးတက်လာအောင် ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့အတွက် နိုင်ငံတကာမှာ မြန်မာနိုင်ငံအပေါ် ဖိအားတွေ လျော့ကျလာတယ်။ ကုလသမဂ္ဂက ကျွန်တော်တို့နိုင်ငံကို လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ သီးခြား ခေါင်းစဉ် တစ်ရပ်အနေနဲ့ ဆွေးနွေးပြီးတော့ ဖိအားပေး တိုက်တွန်းတဲ့ကိစ္စတွေကို ဒီနှစ်မှာ မတင်တော့ဘူး ပေါ့။ ဒီအစီအစဉ်တွေကို ဖြုတ်သိမ်းမယ်ဆိုတဲ့ သဘောတွေ ကြေညာလာတာ ရှိတယ်။ လက်ရှိ တိုက်ခိုက်မှုဖြစ်တဲ့အချိန်က ကုလသမဂ္ဂမှာ ဒီကိစ္စတွေကို ဆွေးနွေးနေတဲ့အချိန်လည်း ဖြစ်တယ်။ ပြည်တွင်းမှာလည်း ရခိုင်ပြည်နယ်ကိစ္စ ထိလွယ်ရှလွယ်ဖြစ်တယ် ဆိုသော်လည်း ပြည်တွင်းပြည်ပ ဟန်ချက်မျှအောင်ပေါ့နော်၊ တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သင့်တင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိပြီးတော့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ လုပ်နေတယ်။ ဒီကိစ္စက အစိုးရသစ် လက်ထက်မှာ ကြီးမားတဲ့ဖိအား မဟုတ်နိုင်တော့ဘူး။ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကျန်တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး စတဲ့ ကိစ္စတွေ အားလုံးထဲက တစ်ခုလို့ နိုင်ငံတကာက လက်ခံလာတယ်။ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ရလာတယ်။ ပြီးတော့ အခုဖြစ်တဲ့ ကိစ္စက ကြိုတင် ကြံစည်ပြီးတော့ဆောင်ရွက်တဲ့သဘော ဖြစ်တယ်။ ရဲစခန်းနေရာ ၃ နေရာကို တစ်ချိန်တည်း၊ တစ်ခါတည်း တိုက်ခိုက်တယ်။ စစ်ဆင်ရေး သဘောအရ ဆိုရင်တော့ အရုဏ်ဦးစစ်ဆင်ရေးလို့ ခေါ်နိုင်တယ်။ နံနက်ဝေလီဝေလင်းမှာ တိုက်ခိုက်တယ်ဆိုတာက စစ်ရေးလှုပ်ရှားမှု သဘောတရား ဆန်တယ်။ ဒီမှာရှိတဲ့ ရဲစခန်းရဲကင်းတွေရဲ့ လုံခြုံရေးအခြေအနေအားလုံးကို စနစ်တကျ စုံစမ်း ထောက်လှမ်း ပြီးတော့ တိုက်ခိုက်လာတဲ့ တိုက်ခိုက်မှု ဖြစ်တယ်၊ သာမန်တိုက်ခိုက်မှု မဟုတ်ဘူးပေါ့။ မူးယစ်ဆေးဝါးနှိမ်နင်းလာလို့ စီးပွားရေးတွေ ကျပ်တည်းလာလို့ လူတွေ အဖမ်းဆီးခံရလို့ အမှုတွေ အဖွင့်ခံရတယ်။ အဲဒီအပြင် နိုင်ငံတကာဖိအား၊ ပြည်တွင်းဖိအားတွေ လျော့လာတယ်။ အဲဒီအပြင် အစိုးရ၊ တပ်မတော်နဲ့ ပြည်ထဲရေးနဲ့ စနစ်တကျဖြစ်လာတဲ့ အပေါ်မှာ ပြဿနာရှာတဲ့ သဘောမျိုးလို့ ယူဆတယ်။
မေး။ ။ ဖမ်းဆီးရမိသူတွေကို စစ်ကြောရေးနဲ့ ပတ်သက်ပြီး ဘာတွေညွှန်ကြားထားပါသလဲ။
ဖြေ။ ။ ဖမ်းဆီးရမိတဲ့လူတွေကို စစ်ကြောမှုတွေလည်း လုပ်နေတယ်။ အသေးစိတ်ထုတ်ပြန်သင့်တဲ့ဟာတွေကို ထုတ်ပြန်ပေးသွားမယ်။ ဖမ်းဆီးရမိတယ်၊ စစ်ကြောတယ်ဆိုတဲ့ဟာတွေက ကျွန်တော်တို့က သေသေချာချာ မှာထားတယ်၊ လူ့အခွင့်အရေးခံစားခွင့်တွေ အပြည့်အဝရမယ်၊ ရှေ့နေ အပြည့်အဝငှားခွင့်ရှိမယ်။ သတ်မှတ်ထားတဲ့ စစ်ကြောမှုဆိုင်ရာမှာ နှိပ်စက်ညှဉ်းပန်းတာမျိုး မဟုတ်ဘူးပေါ့၊ အဲဒါမျိုးနဲ့ ကျွန်တော်တို့ ကိုင်တွယ်ဆောင်ရွက်နေပါတယ်။
မေး။ ။ တိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်းက ဦးဆောင်တယ်ဆိုတာ ပြောလို့ရပြီလား။
ဖြေ။ ။ အဲဒါက ကျွန်တော်တို့ မူဝါဒအရ ဘာပြောနိုင်သလဲဆိုတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်အသိုင်းအဝိုင်းပေါ့၊ ဘယ်သူ ဘယ်ဝါ ဘယ်အဖွဲ့ဆိုတာ မပြောသေးတာက ကျွန်တော်တို့က သက်သေ အထောက်အထား ခိုင်မာပြီဆိုရင် ပြည်တွင်းမှာတင် မကဘူး။ ပြည်ပမှာပါ ပြောရတော့မယ်။ ။