ရန်ကုန် – ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းဆင်း ဒေါက်တာမြင့်မိုးချစ်ဟာ ၂ဝဝ၂ မှာ မုံရွာစီးပွားရေးတက္ကသိုလ်ကနေ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ဗြိတိန်မှာ ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဘွဲ့သင်တန်း (MSc in Money, Banking and Finance) တက်ရောက်ကာ ၂ဝဝ၉ မှာ စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့ရခဲ့သူပါ။ လန်ဒန် Middlesex တက္ကသိုလ် စီးပွားရေးပညာကထိက၊ စင်ကာပူပုဂ္ဂလိကပညာရေးအဖွဲ့တစ်ခုရဲ့ အကြီးတန်းကထိကအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ မလေးရှားနိုင်ငံ Nottingham တက္ကသိုလ်မှာ သင်ကြားရေးနဲ့ သုတေသနလုပ်ငန်းတွေ လုပ်ကိုင်နေတာ ၂ နှစ် ရှိပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ အနာဂတ်မျှော်မှန်းချက်၊ ကျွမ်းကျင်လုပ်သားမွေးထုတ်ရေးတို့နဲ့ ပတ်သက်ပြီး ဒေါက်တာမြင့်မိုးချစ်က မကြာသေးခင်က Myanmar Now ကို သုံးသပ်ပြောပြထားပါတယ်။
မေး – အစိုးရသစ်ရဲ့ စီးပွားရေးစီမံချက်တွေကို ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ – ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ဟာ ယေဘုယျဆန်ပေမယ့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆင်းရဲမှုကို လျှော့ချရေးအတွက် အရေးကြီးတဲ့ မူဝါဒတွေဆိုတာကို လက်ခံပါတယ်။ ပိုပြီးအရေးကြီးတာကတော့ ဒီမူဝါဒ တွေကို ထိရောက်အောင် ဘယ်လိုအကောင်အထည်ဖော်မလဲ၊ လိုအပ်တဲ့အရင်းအမြစ်နဲ့ စွမ်းဆောင်ရည် (resources and capabilities) တွေကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ အချက်ပဲ။ အရင်းအမြစ်ဆိုတာက မူဝါဒတွေကိုအကောင်အထည်ဖော်ရတဲ့ အစိုးရဝန်ထမ်းတွေရဲ့ အတွေ့အကြုံရင့်ကျက်မှု၊ ပညာဗဟုသုတပြည့်ဝမှုကို ဆိုလိုပြီး စွမ်းဆောင်ရည်ကတော့ အစိုးရဝန်ထမ်းတွေအပါအဝင် ပြည်သူတစ်ရပ်လုံးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဆိုလိုတာပါ။
မေး – အစိုးရသစ်တက်လာပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးအခြေအနေ ဘယ်လိုဖြစ်ထွန်းနေတယ်လို့ သုံးသပ်မိလဲ။
ဖြေ – ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်းသလောက် သိသိသာသာ တိုးတက်မှုမရှိသေးဘူးဆိုတာကို အောက်တိုဘာ ၂၂ ရက်နေ့က ပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ အသိအမှတ်ပြုသွားတာ ကြားလိုက်ရပါတယ်။ ကဏ္ဍ တော်တော်များများမှာ လိုအပ်ချက်တွေ ရှိနေတဲ့ နိုင်ငံအနေနဲ့ ရက် ၁ဝဝ မပြောနဲ့၊ တစ်နှစ်အတွင်းမှာ သိသာတဲ့အကျိုးဖြစ်ထွန်းမှု တစ်ခုတလေ မြင်ရရင်ကိုပဲ ကျေနပ်စရာထင်ပါတယ်။ စီးပွားရေး သိသိသာသာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေပေါ်ပဲ မူတည်နေတာ မဟုတ်ဘူး၊ ကျွန်တော်တို့အားလုံးက ကိုယ်တိုင်ပါဝင်ပြီးတော့ တစ်ဦးချင်းတစ်ယောက်ချင်း တိုးတက်မှုအတွက် ပြောင်းလဲသင့်တာကို ပြောင်းလဲဖို့၊ ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အစိုးရသစ်က ဒီ ၅ နှစ်သက်တမ်းအပြီးမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်းတွေ ဖန်တီးတည်ဆောက်ထားနိုင်ပြီဆိုရင် ကျေနပ်မိမှာပါ။
မေး – တိုင်းပြည်စီးပွားရေးမှာ အဓိကကျတဲ့ အလုပ်သမားရေးရာနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ လုပ်ဆောင်မှုမျိုး မတွေ့ရသေးဘူးလို့ ကျွမ်းကျင်သူတချို့က မှတ်ချက်ပြုပါတယ်။ ဆရာက ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ – နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက်ဆိုရင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေလိုပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း သူတို့လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားတွေ ပြည်တွင်းမှာ ရနိုင်သလားဆိုတဲ့အချက်က ဘယ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမလဲဆိုတာကို စဉ်းစားတဲ့အခါမှာ အရေးပါတဲ့အချက်ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားတွေ လုံလုံလောက်လောက် မရှိသေးဘူးဆိုတာကို အခုလောလောဆယ် ပြဋ္ဌာန်းလိုက်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေမှာ အသိအမှတ်ပြုထားတာကို တွေ့ရပါတယ်။ ဒီဥပဒေပုဒ်မ ၅၁ မှာ ပြည်ပမှ လုပ်ငန်းကျွမ်းကျင်သူတွေကို ခေါ်ယူခန့်ထားခွင့်ပေးထားပြီး၊ ကျွမ်းကျင်မှုမလိုသော လုပ်ငန်းများမှာတော့ နိုင်ငံသားများကိုသာ ခန့်ထားရမည်လို့ ဖော်ပြထားပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေခံပညာရေးစနစ်က တက္ကသိုလ်ဝင်တန်းကို အောင်အောင်ဖြေပြီး အမှတ်မီတဲ့ တက္ကသိုလ်ကိုသွားဆိုတဲ့ လမ်းကြောင်းကလွဲရင် ကျွန်တော်တို့ကလေးတွေကို ရွေးချယ်စရာ မပေးပါဘူး။
လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားတွေကို မွေးထုတ်ပေးဖို့အတွက် သိပ်မကြာသေးခင်က စင်ကာပူနိုင်ငံက အကူအညီနဲ့ ဖွင့်လိုက်တဲ့ သင်တန်းကျောင်း၊ လက်ရှိ စက်မှုလက်မှုအထက်တန်းကျောင်း အနည်းငယ်နဲ့ စက်မှုဝန်ကြီးဌာနအောက်က သင်တန်းကျောင်းတွေလောက်နဲ့ လုံလောက်မယ်မထင်ပါဘူး။ လိုအပ်နေတဲ့ သင်တန်းကျောင်းတွေကို မြန်မြန်ဆန်ဆန်ဖွင့်နိုင်ဖို့ လုပ်နေတာ မတွေ့ရသလို၊ ဖွင့်ချင်ရင်တောင်မှာ လိုအပ်တဲ့ အရင်းအမြစ်တွေကို အချိန်ယူ ပျိုးထောင်ယူရမယ်ထင်ပါတယ်။ ဒီနေရာမှာ အလေးအနက်အကြံပြုချင်တာက ၁၉၇၅-၈ဝ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝက ရှိခဲ့ဖူးတဲ့ စက်မှုလက်မှုနဲ့ အိမ်တွင်းမှုပညာ ဘာသာရပ်ကို အထက်တန်းကျောင်းသင်ရိုးမှာ ထိထိရောက်ရောက် ပြန်လည်ပြဋ္ဌာန်းဖို့ပါ။
အထက်တန်းကျောင်းတွေမှာ၊ အခြေခံအသက်မွေးဝမ်းကျောင်းပညာရပ်ကို စာသင်ချိန်မှာ ထည့်သွင်း၊ တက္ကသိုလ်ပညာရေးကိုသွားဖို့ စိတ်မဝင်စားတဲ့ ကျောင်းသားတွေအတွက် ခေတ်နဲ့ လျော်ညီတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေဖြစ်တဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းပြုပြင်နည်း၊ မော်တော်ယာဉ်စက်ကိရိယာပြုပြင်နည်း၊ အိမ်တွင်း လျှပ်စစ်မီးကြိုးသွယ်တန်းနည်း စတဲ့ ပညာရပ်တွေကို အခြေခံကစပြီး တစ်ပတ် တစ်ချိန်နှစ်ချိန်လောက် ကျောင်းမှာ စနစ်တကျသင်ပေးပြီး၊ နွေရာသီကျောင်းပိတ်ရက်တွေမှာ အလုပ်သင်အဖြစ်နဲ့ ဒေသခံလုပ်ငန်းရှင်တွေထံမှာ ဆက်လက်သင်ယူနိုင်တဲ့ အခွင့်အရေးတွေ ဖန်တီးပေးဖို့ပါ။ လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းကို တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်ရေးဆွဲ၊ သင်တန်းပို့ချဖို့အတွက် ဆရာ မလုံလောက်ရင် ဒေသခံ လုပ်ငန်းရှင်တွေကို အကူအညီတောင်းရင် ဖြစ်နိုင်ပါတယ်။ သင်တန်းတွေပြီးဆုံးတဲ့အခါမှာ အရည်အချင်းပြည့်မီတဲ့ ကျောင်းသားတွေကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးပြီး လုပ်ငန်းခွင်ဝင်ဖို့၊ ဒါမှမဟုတ် အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာရပ်တွေဆက်လက်ဆည်းပူးဖို့ စီစဉ်ပေးမယ်ဆိုရင် ကျွမ်းကျင်လုပ်သားလိုအပ်ချက် ပြဿနာကို ဖြေရှင်းဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
မေး – ရွေးကောက်ပွဲအကြိုကာလ ဆရာသုံးသပ်ထားတဲ့ မြန်မာ့စီးပွားရေးတိုးတက်ဖို့ လုပ်ငန်းတွေအားလုံး မျှမျှတတ ယှဉ်ပြိုင်ခွင့်ကို ဖောင်ဆောင်ရမယ်ဆိုတဲ့ အချက်က ဘယ်အတိုင်းအတာရောက်နေပြီလဲ။
ဖြေ – ရွေးကောက်ပွဲကြိုကာလကတင်ပြခဲ့တဲ့ ကျွန်တော့အမြင်က ဘဏ္ဍာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စက်သုံးဆီ ဖြန့်ဖြူးရေး စတဲ့ ကဏ္ဍတွေကို မိုဘိုင်းဖုန်းကဏ္ဍလို စားသုံးသူ ပြည်သူလုထု ပိုအကျိုးရှိမယ်ဆိုရင် ပြည်တွင်းပြည်ပကုမ္ပ ဏီမခွဲခြားဘဲ မျှမျှတတ ယှဉ်ပြိုင်ခွင့်ကို ဖော်ဆောင်ပေးဖို့ ဆိုလိုတာပါ။ ပြည်တွင်းက လုပ်ငန်းရှင်တချို့ရဲ့ အမြင်က သူတို့ လုပ်နိုင်တဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားကုမ္ပဏီကြီးတွေကို ဝင်ရောက်လုပ်ကိုင်ခွင့် ပေးလိုက်ရင် နည်းပညာ၊ အရင်းအနှီးအားနည်းတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ စီးပွားရေးသဘောတရားအရတော့ ယှဉ်ပြိုင်မှုရှိမှ တိုးတက်တီထွင်ဖန်တီးမှုရှိမှာ ဖြစ်ပြီး သယံဇာတအရင်းအမြစ်တွေကို အလေအလွင့်မရှိ အသုံးချနိုင်မှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ လုပ်သင့်တာက လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ခွင့်ပေးပြီး၊ နိုင်ငံခြားကုမ္ပဏီကြီးတွေအနေနဲ့ သူတို့ရဲ့ နည်းပညာ၊ အရင်းအနှီး အားသာချက်တွေကို အခွင့်ကောင်းယူပြီး ဈေးကွက်ကိုလက်ဝါးကြီးအုပ် အမြတ်ထုတ်တာတွေ မလုပ်နိုင်အောင် လိုအပ်တဲ့ဥပဒေတွေပြဋ္ဌာန်းပြီး ထိန်းကျောင်းပေးဖို့ပါ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်မှာတော့ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ထားတဲ့ လုပ်ငန်းတွေ မဟုတ်ရင် ပြည်တွင်းပြည်ပ ကုမ္ပဏီ မခွဲခြားဘဲ ရင်းနှီးမြှုပ်နှံခွင့် ပြုမယ့်သဘော ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။
မေး – ဆရာသုံးသပ်ထားတဲ့ အစိုးရယန္တရားကို ပြုပြင်ပြောင်းလဲရမယ်ဆိုတာကရော။
ဖြေ – သိသာတဲ့အပြောင်းအလဲ မတွေ့ရသေးပါဘူး။ ကျွန်တော်တင်ပြခဲ့တာက ရာထူးခန့်ထား တဲ့နေရာ၊ ရာထူးတိုးဆုံးဖြတ်တဲ့နေရာတွေမှာ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး လူမှန်၊ နေရာမှန် ရွေးချယ် ခန့်ထားဖို့ အရေးကြီးတဲ့ အကြောင်းပါ။ ဒါမှလည်း ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ လိုအပ်တဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက် တွေချမှတ်နိုင်မှာဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ပိုရှိလာမှာ ဖြစ်ပါတယ်။
မေး – ကလေးနဲ့ မိခင်လောင်းတွေရဲ့ အာဟာရချို့တဲ့မှုနဲ့ နိုင်ငံဖွံ့ဖြိုးရေးက ဘယ်လို ပတ်သက်နေပါသလဲ။
ဖြေ – ကျွန်တော့်အမြင်ကတော့ ကလေးတွေနဲ့ မိခင်လောင်းတွေ အာဟာရချို့တဲ့မှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ရေရှည်တိုးတက်ဖွံ့ဖြိုးရေးမှာ အလွန်အရေးကြီးတဲ့ ပြဿနာကြီးတစ်ခုပါ။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ အဆိုအရ အာဟာရချို့တဲ့မှုမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တတိယအဆင့်မှာ ရှိပြီး မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေရဲ့ သုံးပုံတစ်ပုံကျော် (၃၅%) ခန့်ဟာ အာဟာရ ချို့တဲ့မှုကြောင့် ကြီးထွားသင့်သလောက် မကြီးထွားတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ သုတေသန တွေ့ရှိချက်တွေအရ ငယ်ရွယ်စဉ်မှာ အာဟာရချို့တဲ့မှုဒဏ် ခံခဲ့ရတဲ့ သူတွေဟာ မခံခဲ့ရတဲ့သူတွေထက် ပညာရေးပြီးမြောက်မှုနဲ့ ကုန်ထုတ်စွမ်းအားမှာ နိမ့်ကျနိုင်တဲ့ အလားအလာပိုများပြီး၊ အကျိုးဆက်အနေနဲ့ အလုပ်အကိုင်ကနေရတဲ့ ဝင်ငွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ အိုင်အိုဒင်းဓာတ် အပြည့်အဝရခဲ့တဲ့ မိခင်လောင်းက မွေးဖွားလာတဲ့ ကလေးတစ်ယောက်ဟာ အိုင်အိုဒင်းဓာတ် အပြည့်အဝမရခဲ့တဲ့ မိခင် လောင်းက မွေးဖွားလာတဲ့ ကလေးနဲ့ယှဉ်ရင် စာသင်နှစ် တစ်ဝက်လောက် ကျောင်းမှာ ပိုနေဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ပညာရေးပြီးမြောက်မှုမှာ တစ်နှစ်ပိုလာတိုင်း ပျမ်းမျှ ဝင်ငွေ ၈% တိုးလာတယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။
မေး – နေရာတိုင်းမှာ ဥပဒေစိုးမိုးမှုရှိရမယ်လို့ ဆရာဆိုထားပါတယ်။ မြို့ပြကြီးတွေမှာ မှုခင်းပိုများလာတယ်လို့ ယူဆသလား။
ဖြေ – ကျွန်တော်ပြောခဲ့တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့နေရာမှာ တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို အားပေးတဲ့၊ ပိုင်ဆိုင်မှုတွေကို အာမခံတဲ့၊ အကျင့်ပျက်ခြစားမှုတွေ ကင်းတဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်တဲ့ တရားဥပဒေစိုးမိုးရေးမျိုးကို ဆိုလိုတာပါ။ ဒီနေရာမှာ စာရင်းအင်းပညာအမြင်အရ ကြည့်ရင်တော့ ရာဇဝတ်အမှုအခင်းတွေ အရင်ကထက် ပိုများလာတယ်ဆိုတာ အမှန်တကယ်ပိုများလာတာ ဖြစ်နိုင်သလို၊ ဆက်သွယ်ရေးနည်းပညာတွေ ပိုမိုတိုးတက်လာတာ၊ လူမှုမီဒီယာကို အသုံးပြုသူတွေ ပိုများလာတာ၊ သတင်းမီဒီယာတွေပိုမိုပွင့်လင်းလာတာ စတဲ့အချက်တွေကြောင့် ရာဇဝတ်အမှုအခင်းတွေဖြစ်တာကို အရင်ကထက် ပိုပြီး သိရှိခွင့်ရှိလာတာလည်း ဖြစ်နိုင်ပါတယ်။ လုယက်မှုတွေ၊ ရာဇဝတ်အမှုအခင်းတွေများလာတယ်ဆိုတဲ့ အမြင်ရှိလာရင်လည်း စီးပွားရေးပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာပါဘဲ။
မေး – ဥပဒေစိုးမိုးမှုက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဘယ်လောက်ထိ တိုက်ရိုက်ပတ်သက်မလဲ။
ဖြေ – ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို သိပ်မလေ့လာမိပါဘူး။ တရားဥပဒေစိုးမိုးမှုရှိလာပြီး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ပွင့်လန်းလာရင်၊ စီးပွားရေး ပိုမို ဖွံ့ဖြိုး တိုးတက်လာပြီး၊ ဒီဖွံ့ဖြိုးတိုးတက်မှုရဲ့အသီး အပွင့်တွေကို ပြည်ထောင်စုသားအားလုံး တရားသဖြင့် မျှဝေ ခံစားနိုင်ကြပြီဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုလည်း အောင်မြင်လာမယ်လို့ ထင်ပါတယ်။ ။