သတင်း

ရန်ကုန်၊ သာကေတ မီတာရုံး ဗုံးကွဲ၊ ဒလန်ဟု ကျော်စောသူ ပစ်သတ်ခံရ

ရန်ကုန်၊ သာကေတမြို့နယ် လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (EPC) ရုံး ယမန်နေ့(ဇန်နဝါရီ ၆) တွင်  ဗုံးခွဲခံရပြီး နာရီပိုင်းအတွင်း ထိုမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးဟု ကျော်စောသူတစ်ဦး ပစ်သတ်ခံရသည်။

လမ်းသွားလမ်းလာများကို နည်းမျိုးစုံ စစ်ဆေးနေသည့် သာကေတတွင် ထိုနေ့ ညနေ ၃ နာရီဝန်းကျင်က ၇ ရပ်ကွက် မြင်တော်သာလမ်းပေါ်ရှိ ဇိနမာန်အောင်ဘုရားအနီး EPC ရုံးကို ဗုံးဖြင့် တိုက်ခိုက်မှုမှာ စစ်ကောင်စီအတွက် အခွန်ရနေသည့် မီတာခကို ဆက်မကောက်ရန် သတိပေးလိုခြင်းကြောင့် ဖြစ်ကြောင်း ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ (BFRAF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အသက် ၅၀ ကျော်အရွယ် ဦးစန်းဝင်းကိုလည်း ညနေ ၅ နာရီကျော်တွင် ၃ ရပ်ကွက်၊ ရန်ပြေလမ်း ၂၀ ထိပ်တွင် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

“သူ ဒလန်လုပ်တာကတော့ ကြာပြီ။ ကျွန်တော်တို့ကလေးတွေ ဆန္ဒပြသပိတ်တွေ လုပ်ကတည်းက သူ ဒလန်လုပ်တာ။ သူ့ကို ပြောထားတာ ကြာပြီ။ ဒါပေမဲ့ တခြားကိစ္စတွေရှိနေလို့ မလုပ်ဖြစ်ဘူး။ မနေ့ကတော့ လမ်းကြုံလို့ လုပ်ခဲ့တာပဲ”ဟု ၎င်းက ဆိုသည်။

မီတာရုံးတိုက်ခိုက်ခံရပြီး ပစ္စည်းပျက်စီးမှုများ တွေ့ရသော်လည်း ထိခိုက်ဒဏ်ရာရသည်ဟု မကြားသိကြောင်း သာကေတမြို့နယ်နေသူ ၃ ဦးက ပြောသည်။  

၂၀၂၁၊ နိုဝင်ဘာ ၂၈ ရက်ကလည်း ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့သုံးဖွဲ့ပါသည့် ပူးပေါင်းအဖွဲ့က ထိုရုံးကို ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်တိုက်ခဲ့ဖူးသည်။

သာကေတမြို့နယ် ရပ်ကွက်တချို့တွင် မီတာမဆောင်သည့် နေအိမ်များကို လျှပ်စစ်ဌာနဝန်ထမ်းတို့က လက်နက်ကိုင်များနှင့်အတူ မီးလိုက်ဖြတ်နေသလို၊ မီတာခလှည့်လည်ကောက်ခံနေသည်ဟု အခြားမြို့ခံတစ်ဦးထံမှ သိရသည်။  

သတင်းပေးဟု စွပ်စွဲခံရသည့် ဦးစန်းဝင်း အသတ်ခံရပြီးနောက်တွင် ရဲနှင့် စစ်သားများ ရောက်လာကာ ထိုနေရာတစ်ဝိုက် လမ်းများ ပိတ်၍ စစ်ဆေးကြသည်ဟု အမှတ် ၃ ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူရှိမရှိ သီးခြားအတည်မပြုနိုင်သေးပေ။

“ရန်ပြေလမ်းထိပ်ကို စစ်ကားတွေ ရဲကားတွေ ရောက်လာတယ်။ ရန်ပြေဘက် လမ်း ၂၀ တောက်လျှောက် ပိတ်ပစ်လိုက်တယ်။ နောက်တော့ နာရီဝက်လောက်ပိတ်စစ်ပြီး သူတို့လည်း ပြန်သွားတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်း၌ပင် ဦးစန်းဝင်း၏ တိုင်တန်းမှုကြောင့် ၃ ရပ်ကွက်အတွင်း လိုရင်ယူ၊ ပိုရင်လှူ ပရဟိတလှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်နှစ်ဦး အဖမ်းခံရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ အသေးစိတ်ကိုမူ မသိရပါ။

“(ဦးစန်းဝင်းက) စစ်မှုထမ်းဟောင်း ဟုတ်မဟုတ်တော့ မသိဘူး။ သူ ခြင်းဝိုင်းခတ်နေတဲ့အချိန် ပစ်ခံရတာ။ အဲဒီ ရန်ပြေလမ်းပေါ်မှာပဲ။ ရပ်ကွက်ရုံးနဲ့လည်း နီးတယ်”ဟု ၎င်းက ပြောသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပေ။

စစ်ကောင်စီက လက်နက်ကိုင်ခုခံသူတို့ကို အကြမ်းဖက်သမားများအဖြစ် ဖော်ပြလေ့ရှိသည်။

BFRAF ကလည်း စစ်ကောင်စီတပ်ဖွဲ့ရှိသည့် မည်သည့်နေရာမဆို ‌ပြောက်ကျားတိုက်ခိုက်သွားမည်ဖြစ်၍ ၎င်းတို့နှင့် အနီးအနားသို့ သွားလာခြင်းမပြုလုပ်ကြရန် Facebook မှတစ်ဆင့် ယမန်နေ့(ဇန်နဝါရီ ၆) တွင် ပြည်သူတို့ကို တိုက်တွန်းထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းချိန် တစ်နှစ်နီးပါး ရှိလာချိန်တွင် ရန်ကုန်ကဲ့သို့ နေရာတွင်ပင် ဆန္ဒပြသည်ကို သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ အရှိန်မြင့်နေသည်။

ဗုံးခွဲတိုက်ခိုက်ခံနေရပြီး ဒလန်ဟု ကျော်စောသူတို့ လုပ်ကြံသတ်ဖြတ်ခံနေရချိန်တွင် စစ်ကောင်စီက စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဘွဲ့တံဆိပ်များ ချီးမြှင့်ထားသည်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ဇန်နဝါရီ ၄ ရက်မှစ၍ ဆုရသူတို့၏ အမည်၊ နေရပ်နှင့်တကွ ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button