အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းမြို့နယ်တွင် NLD လက်ထက် ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ် ဝင်စီးခံရ 

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သူ၏ နေအိမ်ကို ယမန်နေ့ (ဒီဇင်ဘာ ၂၉) တွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံသုံးဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။ 

မန္တလေး – စစ်ကိုင်း – မုံရွာ ကားလမ်းမပေါ်ရှိ ညောင်ပင်ဝန်းကျေးရွာသို့ စစ်ကားလေးစီးရောက်လာကာ သေနတ်ခြောက်ချက်ပစ်ဖောက်ပြီး စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်ခဲ့သူ NLD အစိုးရလက်ထက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောသည်။

“အရင်တစ်ခါကလည်း ဝင်စီးတယ်။ အဲဒါလည်း ကျွန်တော်လွတ်သွားတယ်။ ဒီနေ့ကျတော့ ကျွန်တော်က စိုက်ခင်းလေးရှိလို့ဆိုပြီး ထွက်သွားတဲ့အချိန် ဝင်လာလို့ ပြေးရတာ။ ကျွန်တော့်အလုပ်သမားတစ်ယောက်တော့ ပါသွားတာပေါ့ ”ဟု ၎င်းက ပြောသည်။

နေအိမ်တွင် စစ်သားများဝိုင်းရှာနေသည်ကို တွေ့သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ၎င်း၏အလုပ်သမားဖြစ်သူကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရကြောင်းလည်း ဦးစိုးမိုးကျော်က Myanmar Now ကို ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပထမအကြိမ် ဝင်ရောက်စီးနင်းခံရစဉ်ကလည်း ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် မိသားစုဝင်များကို ရှောင်တိမ်းခိုင်းထားသည်ဟု ၎င်းက ပြောသည်။ 

“ကျွန်တော်က အရင်က ဆန္ဒပြတဲ့နေရာတွေမှာ ပါဖူးတော့ ၅၀၅-က တပ်ထားတယ်လို့ သိရတယ်ဗျ။ အဲဒါနဲ့ပဲ လိုက်ဖမ်းနေတာထင်တယ်။ ကျန်တာတော့ ကျွန်တော်လည်း ဘာမှလုပ်ထားတာ မရှိဘူး။ အိမ်က မိသားစုတွေလည်း ထွက်ပြေးနေရတယ်” ဟု ဦးစိုးမိုးကျော်က ပြောသည်။

အရပ်သားအစိုးရလက်ထက် အုပ်ချုပ်ရေးမှူးကို နေအိမ်၌ ဝင်ရောက်စီးနင်းစဉ် ဖမ်းမမိသဖြင့် စစ်တပ်က ရွာအတွင်း ဆက်လက်ရှာဖွေကာ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးအေးအောင်ကျော်၊ ကိုကပ်စီး (ခ) ကိုဝင်းဇော်သန်းနှင့် အမျိုးသားတစ်ဦး တို့ကို ဖမ်းခေါ်သွားသည်ဟု ညောင်ပင်ဝန်းရွာသားတစ်ဦးက ပြောသည်။​

“၃၃ (စစ်ကိုင်းအခြေစိုက် တပ်မ ၃၃) တပ်ကို ခေါ်သွားတယ် ကြားတယ်။ နှစ်ယောက်ကတော့ ဒီညောင်ပင်ဝန်းစခန်းမှာ ထားတယ်လို့ သိရလို့ အခု စုံစမ်းနေတုန်းဗျ” ဟု ၎င်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေနှင့် ရွာသားတစ်ဦးကို မည်သည့်အတွက် ဖမ်းဆီးသွားသည်၊ ဖမ်းဆီးခံရသူ သုံးဦးအနက် မည်သူ့ကို တပ်မ ၃၃ ရှိရာ ခေါ်ဆောင်သွားသည်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပေ။ 

ညောင်ပင်ဝန်းကျေးရွာသည် စစ်ကိုင်းမြို့မှ ၂၈ မိုင်ခန့်သာ ကွာဝေးပြီး ယမန်နေ့က လာရောက်ဖမ်းဆီးသည့် စစ်သားများမှာ တပ်မ ၃၃ မှဖြစ်ကြောင်း သိရသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်လာသူမှာလည်း အုပ်ချုပ်ရေးမှူးအသတ်ခံရသည့်သတင်းများကြောင့် ယခုလအတွင်း နုတ်ထွက်ခဲ့သည်ဟု ဦးစိုးမိုးကျော်က ပြောသည်။ 

“အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတော့ မိုက်နဲ့ လှည့်အော်သွားတာ။ သူ အုပ်ချုပ်ရေးမှူးဆက်မလုပ်တော့ကြောင်းပေါ့။ ဘာကြောင့်မလုပ်တော့တာ၊ ဘာညာတော့ ထည့်မအော်ဘူး” ဟု စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးနေရသူ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးမိုးကျော်က ပြောသည်။​

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီခန့် ရွှေလှေကျေးရွာအုပ်ချုပ်ရေးမှူးသည် ယခုရက်ပိုင်းအတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။​

စစ်ကိုင်းမြို့အနီး ပြည်တော်သာကျေးရွာတွင် ဒီဇင်ဘာ ၁၉ ရက်ညပိုင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်မောင်စိုးမှာ မိသားစုနှင့်အတူ နေအိမ်၌ ရှိနေစဉ် ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခံခဲ့ရသည်။ ထိုသို့လုပ်ကြံခံရစဉ် ဦးမောင်မောင်စိုးလွတ်မြောက်ခဲ့သော်လည်း ၎င်း၏ဇနီးနှင့် သမီးတစ်ဦး သေဆုံးခဲ့သည်။ 

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီကို ခုခံတော်လှန်မှုများ ပေါ်ပေါက်နေရာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်များလည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံနေရသည်။ 

အစောပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခံရသူများအတွက် နစ်နာကြေး ငွေကျပ်ငါးသိန်းပေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် အနယ်နယ်အရပ်ရပ်တွင် အုပ်ချုပ်ရေးမှူးများ လုပ်ကြံခံရသည့်အပေါ် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိတော့ပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles