အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းတော်ကြီးဘက်မှ တက်လာသည့် စစ်ကြောင်းကို KIA တိုက်ခိုက်

ကချင်ပြည်နယ် အင်းတော်ကြီးဘက်မှ တက်လာသည့် စစ်ကောင်စီတပ် ဖားကန့်မြို့နယ်အတွင်းရောက်ချိန် ယမန်နေ့ (ဒီဇင်ဘာ ၂၄)တွင် တိုက်ပွဲဖြစ်ရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုများသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အင်းတော်ကြီးမှ ၄၅ မိုင်ကျော်ဝေးပြီး မော်တော်ယာဉ်နှင့် သုံးနာရီနီးပါး ခရီးရှိသည့် ဖားကန့်ရှိ မော်ကလုံကျေးရွာအနီးတွင် မွန်းလွဲ ၂ နာရီခန့်က တစ်ကြိမ်၊ ဆိုင်းတောင်ကျေးရွာအနီးတွင် ညနေ ၄ နာရီခန့်က တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အသေးစိတ်အခြေအနေကို မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“(ကချင်ပြည်နယ်အတွင်းရှိ) ဌာနေတပ်ရင်းတွေကနေ လှုပ်ရှားတာ‌တော့ မဟုတ်လောက်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့အတူ ယမန်နေ့ ညဉ့်နက်ပိုင်းတွင် မိုးကောင်းမြို့နှင့် ဖားကန့်မြို့နယ်အစပ်ရှိ KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၄၄ စခန်းကို စစ်ကောင်စီတိုက်လေယာဉ်က လာရောက်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိဟု ၎င်းထံမှ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

KIA ၏ တပ်ရင်း ၄၄ သည် ယမန်နေ့နံနက် မိုးမလင်းမီ ၃ နာရီဝန်းကျင် အချိန်ခန့်တွင် မိုးကောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၃၈၃၊ ၃၈၄ တပ်စခန်းနှစ်ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် သေနတ်ကိုင်ဆောင်သွားလာနေသည်ဟု မြေပြင်သတင်းများရထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုသတင်းကို လုံခြုံရေးအရ အမည်မဖော်လိုသည့် ဖားကန့်မြို့ခံတစ်ဦးကလည်း အတည်ပြုသည်။ ယမန်နေ့က စစ်ကောင်စီနှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားပြီးချိန်တွင် ဆိုင်းတောင်ရွာ ဒေသခံများကို အပြင်မထွက်ရန် စစ်သားတို့ လိုက်လံသတိပေးသည်ဟု ၎င်းက ပြောသည်။

“ဒီနေ့မနက်တော့ နည်းနည်းငြိမ်နေတယ်၊ ဆိုင်းတောင်ဘက်က လူတွေကတော့ အပြင်သိပ်မထွက်ကြဘူး” ဟု ၎င်းက ပြောသည်။

ဖားကန့်မြို့နယ် ဝေခါမှော်အနီးတွင် ဒီဇင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီတပ်၏ တပ်မ ၃၃ လက်အောက်ခံ အင်အား ၁၀၀ ခန့်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ပေါ်တွင်ရှိသည့် ဗျူဟာကုန်းမှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည်အထိ ပြင်းထန်ခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ဗျူဟာကုန်းအနီးရှိ ဗလခမှော်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။

မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အောက်ခြေတပ်များပါ စစ်ရေးလှုပ်ရှားလာပါက ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဆက်လာနိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၀ လကျော်အတွင်း တိုင်းရင်းသားနယ်မြေများတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီး ကချင်ပြည်နယ်တွင်လည်း စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲအများအပြားရှိခဲ့သည်။

KIA နှင့်အတူ ၎င်း၏ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အချို့လည်း ထိုတိုက်ခိုက်မှုများတွင် ပါဝင်နေပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်အထိပင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေသည်။

မိုးကောင်းမြို့နယ် ခြေမြန်တပ်ရင်း ၃၈၄ စခန်းသို့ ဗိုလ်မှူးချုပ်မြတ်သက်ဦး သွားရောက်ပြီး အစားအစာပေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသော သတင်းတွင် ပါရှိသည့် ဓာတ်ပုံ 

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှု များစွာမရှိသေးပေ။ 

ယမန်နေ့ကမူ KIA ဝင်တိုက်ခဲ့သည့် ၎င်းတို့၏ ခြေမြန်တပ်ရင်း ၃၈၄ နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ထားသည်။

မိုးကောင်းမြို့နယ်အတွင်း နယ်မြေခံတပ်ရင်းကို KIA နှင့် PDF တို့ ပူးပေါင်းအင်အား ၁၀၀ ခန့်က ယမန်နေ့ နံနက် ၃ နာရီတွင် ၃ ကြိမ် ဝင်တိုက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ပြန်လည်ခုခံသောကြောင့် လာရောက်တိုက်ခိုက်သူတို့ “ကစဉ့်ကလျား” ဆုတ်ခွာထွက်ပြေးရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထိုတပ်ရင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး သွားတွေ့ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

သတင်းနှင့်အတူ ဖော်ပြထားသော ဓာတ်ပုံတွင် တိုင်းမှူးကို စစ်ယူနီဖောင်းဝတ်အမျိုးသမီး ၃ ဦးနှင့်အတူ တွေ့ရသည်။ 

စစ်ကောင်စီတပ်များသည် နိုင်ငံအနှံ့ ဆန့်ကျင်ကန့်ကွက်သူများ၊ လက်နက်ကိုင်တော်လှန်သူများကို လိုက်လံတိုက်ခိုက်နေရသောကြောင့် အင်အားလိုအပ်နေရာ စစ်သည်တို့၏ ဇနီးသည်များလည်း လက်နက်ငယ်ပစ်ခတ်နည်း သင်ယူနေရသည်။

ဒေသတချို့တွင် လူမိုက်တချို့က ပျူစောထီးအဖွဲ့အမည်ဖြင့် လှုပ်ရှားပြီး စစ်ကောင်စီတပ်၏ အရန်အင်အားအဖြစ် ရပ်တည်နေသည်။ စစ်ကောင်စီကမူ ပျူစောထီးအဖွဲ့ မရှိဟု ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles