သတင်း

ကချင်ရှိ စစ်ကောင်စီ စခန်းနှစ်ခု တစ်ပြိုင်နက် တိုက်ခိုက် ဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညှင်မြိုင်ကျေးရွာအနီးရှိ စစ်တပ်စခန်းနှစ်ခုကို ယနေ့(ဒီဇင်ဘာ ၂၄) နံနက် ၃ နာရီခန့်တွင် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးလိုက်သည်ဟု ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA) ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA ၏ တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၄၄ က ခြေမြန်တပ်ရင်း ၃၈၃၊  ၃၈၄ တပ်စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။  

“ဝင်တိုက်ပြီးမှ ရှင်းလင်းပြီးမှ ကျွန်တော်တို့ ပြန်ထွက်သွားတာ၊ စခန်းပြန်ထိုင်နေတဲ့ အနေအထားတော့ မဟုတ်ပါဘူး၊ ပြန်ထွက်သွားတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး ၂ နာရီခန့်အကြာတွင် ထိုစခန်းကို စစ်ကောင်စီက လေယာဉ်နှင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေများကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အောက်ခြေတပ်များ လှုပ်ရှားမှုကို စောင့်ကြည့်နေကြောင်း၊ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ယနေ့ စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်သည်ဟု ဒေသတွင်းသတင်းများကဆိုသော်လည်း KIA ပြောရေးဆိုခွင့်ရှိသူကမူ အတည်ပြုရန် ငြင်းဆန်သည်။

“အဲဒီအကြောင်းလည်း ဘယ်သူမှ ကျွန်တော်တို့ဆီကို သတင်းပို့တာမရှိပါဘူး။ နောက်တစ်ခုရှိတာက PDF ဆိုပေမဲ့ ကျွန်‌တော်တို့ KIA စစ်ရုံးချုပ်ရဲ့ လက်အောက်ခံ PDF တွေပဲ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ယမန်နေ့ (ဒီဇင်ဘာ ၂၃) မွန်းလွဲ ၂ နာရီခွဲခန့်က ကချင်ပြည်နယ်ရှိ ဖားကန့်မြို့နယ်၊ ဝှေခါမှော်အနီးတွင် တပ်မ ၃၃ လက်အောက်ခံ စစ်သား ၁၀၀ ခန့်နှင့် တိုက်ပွဲဖြစ်ခဲ့သေးသည်ဟု KIA ပြန်ကြားရေးသတင်းဌာန Kachinnet Burmese က ထုတ်ပြန်ထားသည်။ KIA ဘက်မှ တပ်မှာ တပ်မဟာ ၉ လက်အောက်ခံတပ်ရင်း ၆ ဖြစ်သည်။

ထိုတိုက်ပွဲအပြီး ည ၈ နာရီခန့်တွင် ဖားကန့်မြို့ပေါ်ရှိ ဗျူဟာကုန်းမှ ပစ်သည့် စစ်ကောင်စီ၏ လက်နက်ကြီးကျည်က ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်း ကျရောက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရမ်းပစ်တာ။ ပစ်တော့ ဖားကန့်ဗျူဟာကုန်းနားလေးက ဗလခမှော်က ကျောက်စိမ်းတူးနေတဲ့ လုပ်ကွက်ထဲ ကျတယ်”ဟု ၎င်းက ပြောသည်။

“ဘတ်ဖိုး(မြေတူးစက်)မောင်းတဲ့ ဆရာတစ်ယောက် သေတယ်၊ နှစ်ယောက် ဒဏ်ရာရတယ်၊ တစ်ယောက်က ဗိုက်မှာ ထိတယ်” 

ယနေ့မနက်တွင်မူ ဖားကန့်မြို့၌ စစ်ရေးအခြေအနေ ငြိမ်သက်နေသလို မြို့မှာလည်း တိတ်ဆိတ်နေသည်ဟု ထိုသူက ဆက်ပြောသည်။

အထက်ပါ တိုက်ပွဲများအတွင်း ထိခိုက်၊ သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး KIA, စစ်ကောင်စီတို့ကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၀ လကျော်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့် တိုက်ခိုက်နေသည့်ထဲတွင် KIA လည်း ပါဝင်သည်။    

မိုးညှင်း၊ ဖားကန့်၊ ဝိုင်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန် စသည့် ကချင်ပြည်နယ်မြို့နယ်များ၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတချို့တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် မေလအစောပိုင်းက မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတစ်ခုတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချထားနိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button