အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမေရိကန်သတင်းစာဆရာ Danny Fenster ထောင်က လွတ်မြောက်

အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၁ နှစ်ချခံထားရသည့် အမေရိကန်နိုင်ငံသား သတင်းစာဆရာ Danny Fenster ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁၅) တွင် ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

အင်းစိန်ထောင်၌ ငါးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းသမား Danny Fenster မှာ ယနေ့ (နိုဝင်ဘာ ၁၅) မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်ကာ ပြည်နှင်ဒဏ်ပေးခံရခြင်းဖြစ်ကြောင်း ၎င်းလုပ်ကိုင်ခဲ့သည့် Frontier Myanmar မဂ္ဂဇင်းတာဝန်ရှိသူက အတည်ပြုသည်။

စစ်ကောင်စီက ကြီးလေးသောပုဒ်မများဖြင့် တရားစွဲဆိုထားသည့် Danny Fenster မှာ အကျဉ်းထောင်မှပြန်လည်လွတ်မြောက်ပြီး အိမ် (မိသားစုရှိရာ အမေရိကန်နိုင်ငံ) ပြန်လာနေပြီဖြစ်ကြောင်း မကြာသေးမီက မြန်မာနိုင်ငံသို့လာရောက်ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် ဝါရင့် အမေရိကန်သံတမန်ဟောင်း Bill Richardson က အတည်ပြုပြောကြားသည်ဟု အမေရိကန် AP သတင်းဌာနက ရေးသားထားသည်။ 

“ပြန်လွတ်လာပါပြီ။ အခု လေယာဉ်ပေါ်ရောက်နေပြီလို့ သိရတယ်။ Deported ( ပြည်နှင်ဒဏ်ပေးခံရခြင်း) လုပ်ခံရတာပါ” ဟု Frontier Myanmar မဂ္ဂဇင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဆန်နီဆွေက Myanmar Now ကို အတည်ပြုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now သတင်းဌာနတွင် အင်္ဂလိပ်ပိုင်းစာတည်းအဖြစ်၂၀၂၀ နှစ်လယ်ထိ လုပ်ကိုင်ခဲ့ပြီးနောက် Frontier Myanmar မဂ္ဂဇင်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သော အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်မှ Danny Fenster ကို စစ်ကောင်စီက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု၊ မတရားအသင်းများနှင့် ဆက်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေကို ဖောက်ဖျက်မှုများဖြင့် စွပ်စွဲကာ လွန်ခဲ့သည့် အပတ်က ထောင် ၁၁ နှစ်ချမှတ်ခဲ့သည်။ 

ထို့ပြင် ၎င်းကို အနှစ် ၂၀ ထိ အမြင့်ဆုံးအပြစ်ပေးနိုင်သော နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) တို့ဖြင့်လည်း တရားစွဲဆိုခြင်း ခံထားရသည်။ 

၎င်းကို စွဲဆိုသည့်ပုဒ်မများတွင် လဝကစွပ်စွဲချက်မှလွဲ၍ ကျန်ပုဒ်မများမှာ Myanmar Now သတင်းဌာနတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက်လုပ်ကိုင်နေသည်ဟုဆိုကာ Myanmar Now သတင်းဌာန မြန်မာလူမျိုး အယ်ဒီတာ ၃ ဦးနှင့်အတူ စွဲဆိုထားခြင်းဖြစ်သည်။ 

စစ်တပ်က အာဏာမသိမ်းမီ ၆ လကျော်ကတည်းက Danny Fenster မှာ Myanmar Now မှ အလုပ်ထွက်ထားသူဖြစ်ကြောင်း ၎င်း၏ ရှေ့နေအဖွဲ့က လျှောက်ထားခဲ့သော်လည်း ထိုလျှောက်ထားချက်များကို မျက်ကွယ်ပြု၍ စစ်တပ်၏ တရားရုံးက ၎င်းကို ထောင်ဒဏ်များချမှတ်ထားခြင်းဖြစ်သည်။ 

Danny Fenster မှာ ပြီးခဲ့သည့် မေလ ၂၄ က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း နေပြည်တော်သို့ နိုင်ငံတကာသံတမန်တချို့ လာရောက်လျက်ရှိရာ စစ်တပ်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဆာဆာကာဝါနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နိုဝင်ဘာ ၁၃ တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button