မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာတစ်ရွာကို ယမန်နေ့ (နိုဝင်ဘာ ၂၆) တွင် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသားကလေးငယ်အများအပြားအပါအဝင် အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အိမ်ခြေ ၁၆၀ ခန့်ရှိသည့် အင်ရုံကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကြားတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောကြားသည်။
လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ရွာသားများ နေရာအနှံ့ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် သေဆုံးထိခိုက်သူ အရေအတွက်အတိအကျကို သိရှိရန် ခက်ခဲနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း အဆိုပါ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားသော ရွာသည် တော်လှန်ရေးတပ်များသိမ်းပိုက်ထားသောနေရာဖြစ်ကြောင်း အတည်ပြုသည်။
ပဲခူးတိုင်းအခြေစိုက် NUG ၏ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) ဒုတိယစစ်ဒေသမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးကလည်း သေဆုံးထိခိုက်သူများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်အချို့ ပါဝင်ကြောင်းနှင့် အခင်းဖြစ်သည့်နေ့တွင် သင်တန်းဆင်းပွဲနှင့် ရွာကထိန်ပွဲလည်း ကျင်းပနေကြောင်း Myanmar Now ကို ပြောသည်။
အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။



