မြန်မာနှင့် ထိုင်းနယ်စပ်တလျှောက် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို လုံခြုံရေးအကာအကွယ်ပေး၍ ထိန်းချုပ်နယ်မြေတွင် လည်ပတ်လုပ်ကိုင်ခွင့်ပြုနေသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝနှင့် အမှတ်(၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောအေဝမ်းတို့ကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နေ့(နိုဝင်ဘာလ ၁၉ ရက်)တွင် ထုတ်ပြန်သည်။
အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေသည့် အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်း လည်ပတ်လုပ်ကိုင်ခြင်းနှင့် ပါဝင်ကူညီမှုများကြောင့် DKBA အဖွဲ့ခေါင်းဆောင်နှစ်ဦးနှင့်အတူ ကမ္ဘောဒီယားအခြေစိုက် ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်သော ကမ္ဘောဒီယားနိုင်ငံသားတစ်ဦး၊ ၎င်းပိုင် ကုမ္ပဏီနှစ်ခုကို အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် Democratic Karen Benevolent Army (DKBA) သည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်လှည့်ဖြားမှုများ အသုံးပြု လုပ်ကိုင်နေသည့် အွန်လိုင်းလိမ်လည်မှုစင်တာများကို ပံ့ပိုးကူညီမှုကြောင့် အမေရိကန်ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) ၏ အရေးယူပိတ်ဆို့ခံထားရသည့် အဖွဲ့ဖြစ်သည်။
DKBA သည် ကျားဖြန့်စင်တာများကို လုံခြုရေးအစောင့်အရှောက်ပေးခြင်း၊ ထိုလုပ်ငန်းများကို အခြေချ လုပ်ကိုင်နိုင်ရန် ခွင့်ပြုခြင်းသာမက ထိုစင်တာများ၌ လူကုန်ကူး၍ အဓမ္မပိတ်လှောင်အလုပ်ခိုင်းစေရာတွင် တက်တက်ကြွကြွပါဝင်ခဲ့ကြောင်း အမေရိကန်ထုတ်ပြန်ချက်က ဆိုသည်။
အရေးယူပိတ်ဆို့ခံရသူများ၏ ပိုင်ဆိုင်မှုများကို ပိတ်ပင်ထိန်းချုပ်လိုက်ပြီး စီးပွားရေးလုပ်ကိုင်ခြင်း၊ ဝန်ဆောင်မှုနှင့် ရန်ပုံငွေများလွှဲပြောင်းခြင်းကို တားမြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အမေရိကန်၏ အရေးယူမှုနှင့်ပတ်သက်၍ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းနှင့် အခြား ခေါင်းဆောင်များကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိသေးပါ။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် DKBA စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးစောရွှေဝသည် စတင်တာဝန်ယူခဲ့ပြီး လက်ရှိတွင် စစ်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်တက်ရောက်နေသည်။
နောက်ထပ်အရေးယူခံရသော ဗိုလ်မှူးချုပ် စောအေဝမ်းမှာလည်း ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် DKBA အမှတ်(၂) စစ်ကွပ်ကဲရေးမှူးဖြစ်လာခဲ့ပြီး ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူဒေသကို အဓိက အုပ်ချုပ်နေသည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ DKBA၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA- PC)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့၏တပ်များ အခြေစိုက်ရာမြို့ ဖြစ်သည်။
စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ကို အမည်ပြောင်းထားသော ကရင်အမျိုးသား တပ်မတော် KNA နှင့် ထိုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ၎င်း၏ သားနှစ်ဦးတို့ကို ၂၀၂၅ ခုနှစ် မေလတွင် အမေရိကန်က အရေးယူဒဏ်ခတ်ပိတ်ဆို့ထားသည်။
ဘုရားသုံးဆူဒေသဖြစ်သော အမှတ်(၂) နယ်မြေ၌ ကျားဖြန့်စင်တာအဆောက်အအုံအသစ်များ ပိုမို ဆောက်လုပ်နေပြီး ကျားဖြန့်လုပ်ကိုင်သူများကို DKBA က ခေါ်သွင်းကာ အကာကွယ်ပေးထားသည်ဟု ဆိုသည်။
ဘုရားသုံးဆူမြို့ပေါ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သည့် တရုတ်နှင့် အခြားနိုင်ငံခြားသားများသည် DKBA လုံခြုံရေးအစောင့်အရှောက်များဖြင့် မြို့တွင်း၌ ပေါ်ပေါ်ထင်ထင် သွားလာလှုပ်ရှားနေကြသည်ကို မြင်တွေ့ရလေ့ရှိကြောင်း မြို့ခံများက ပြောသည်။
“သုံးဆူမှာက မြဝတီလို အဆောက်အအုံ ကြီးကြီးမားမားတွေနဲ့ မလုပ်ကြဘူး။ DKBA ထိန်းချုပ်ထားတဲ့ အိမ်သုံးရာနယ်မြေတွေမှာ သူတို့ နေကြတာ။ သုံးဆူမှာက တရုတ်တွေ ပေါ်တင်သွားလာနေကြတာပဲ”ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဘရားသုံးဆူမြို့ ပုံမှန်လည်ပတ်နေသော်လည်း တရားဥပဒေစိုးမိုးမှုနည်းနေဆဲဖြစ်ကြောင်း ဒေသခံ အမျိုးသားနောက်တစ်ဦးက ဆိုသည်။
ဘုရားသုံးဆူမြို့၏ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာရှိ ‘အေဝမ်းဆိုက်’ ခေါ် ‘အိမ်သုံးရာ’ အိမ်ရာ ခြံဝင်းအတွင်း၌ အွန်လိုင်းငွေလိမ်လုပ်ငန်းများ အခြေချလုပ်ကိုင်နေကြခြင်းဖြစ်ပြီး ဘုရားသုံးဆူမြို့မှ ယင်းအိမ်ရာသို့ သွားရာလမ်းတလျှောက်တွင် DKBA က လုံခြုံရေးဂိတ်များ ချထားပြီး ဒေသခံများကို ဝင်ရောက်ခွင့်နှင့် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။
အဆိုပါအိမ်ရာကို DKBA ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်မှူးချုပ် စောအေဝမ်းက ပိုင်ဆိုင်ပြီး ယင်းအိမ်ရာ၏ အရှေ့ဘက်တွင်လည်း အွန်လိုင်းငွေလိမ်ခြံဝင်းများကို ယခုနှစ်ပိုင်းမှစတင်၍ တိုးချဲ့ဆောက်လုပ်ထားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက DKBA ဗဟိုအကြံပေးအဖွဲ့ ဦးဆောင်နာယက ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်နှင့် ဗဟိုစီးပွားရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ် စိုင်းကျော်လှတို့ကို အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူစာရင်းတွင် ထည့်ထားပြီးဖြစ်သည်။
ထို့အပြင် ဥရောပသမဂ္ဂ(အီးယူ) ကလည်း ၎င်းတို့လေးဦးအပြင် ဗိုလ်မှူးကြီးစောအီလိထူးနှင့် DKBA အဖွဲ့အစည်းကို ယခုနှစ် ဇူလိုင်လက အရေးယူပိတ်ဆို့ခဲ့သည်။
မြန်မာရှိ ငွေလိမ်လုပ်ငန်းများသည် ကမ္ဘာတဝန်းရှိ ပြည်သူများကို ထိခိုက်နစ်နာနေပြီး ထိုကိစ္စရပ်ကို အမေရိကန်က အရေးယူနေကြောင်း DKBA ထိန်းချုပ်ထားသော ကျောက်ခတ်ဒေသနှင့် ထိုင်းနယ်စပ်၌ အခြေချလုပ်ကိုင်းနေသော ထိုက်ချန်း(Tai Chang) ငွေလိမ်စင်တာများနှင်ပတ်သက်၍ သတင်းပေးလျှင် ဒေါ်လာ ၁၀ သန်းဆုကြေးပေးမည်ဟု အမေရိကန်အစိုးရက ကြေညာထားသည်။
ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော DKBA သည် ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံစည်းမြိုင်ရွာတွင် ဌာနချုပ်တည်ရှိပြီး စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဆက်လက်ဆွဲကိုင်ထားသည်။
DKBA သည် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဘာသာရေးကိစ္စ အကြောင်းပြု၍ ခွဲထွက်ပြီး ထူထောင်ထားသည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်စဉ်က DKBA သည် တပ်ရင်း ၉ ရင်း၊ တပ်ဖွဲ့ဝင် အင်အား ၆,၀၀၀ ခန့်ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းခဲ့သည်။
ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီနှင့် ဘုရားသုံးဆူအပါအဝင် လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် အစရှိသော မြို့နယ်များတွင် စစ်ရေးလှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။
အမေရိကန်၊ တရုတ်တို့က အရေးတကြီးနှိမ်နင်းလာသည့် ကျားဖြန့်အရေးနှင့်ပတ်သက်၍ ယမန်နှစ်အတွင်း ထိုင်းအစိုးရက ကရင်ပြည်နယ်ရှိ မြဝတီ၊ ဘုရားသုံးဆူမြို့နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တို့ကို လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဖြတ်တောက်ခဲ့သည်။
ထိုသို့ ဖြတ်တောက်ဖိအားပေးခဲ့ရာ ကရင်နယ်ခြားစောင့်တပ် BGFနှင့် DKBA တို့ကလည်း အဆိုပါလုပ်ငန်းတွင် ပါဝင်ပတ်သက်သူများကို ထိုင်းနိုင်ငံဘက်မှတဆင့် သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရေး ကြိုးပမ်းခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသည့် နိုင်ငံခြားသား၂၆၁ ဦးကို DKBA က ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
DKBA အနေဖြင့် နိုင်ငံတကာက တိုက်ဖျက်လျက်ရှိသော အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လူကုန်ကူးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများကို နိုင်ငံတကာနှင့်အတူ ပူးပေါင်းတိုက်ဖျက်မည်ဖြစ်ပြီး လူကုန်ကူးခံရသူများကို မြန်မာနှင့် နိုင်ငံတကာသံရုံးများက အကူအညီတောင်းခံလာလျှင် ရှာဖွေပေးသွားမည်ဟု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ထားသည်။



